Sunday, July 17, 2016

"  ဂျူလိုင် ဆယ့်ကိုး ရက်နေ့ "

"  ဂျူလိုင် ဆယ့်ကိုး ရက်နေ့ "

အဲဒီ့နေ့
ဂျူလိုင် ဆယ့်ကိုးရက်နေ့  !!!
အကြမ်းဖက်သမားတွေက
မြန်မာပြည်ရဲ့ အသည်းနှလုံးကို
မိုးတွေအုံ့ မှိုင်းတုန်း..,
အလစ်အငိုက်
တိတ်တဆိတ်
ရက်ရက်စက်စက်
နှိုက်ယူသွားတဲ့ နေ့ …

အသည်းမရှိတဲ့ မြန်မာပြည်
အသံတိတ် သေဆုံးခဲ့တာ
ခြောက်ဆယ့်ကိုးနှစ် တိုင်ခဲ့လည်း.,
ဂျူလိုင်ဆယ့်ကိုးရက်နီးတိုင်း
အာဇာနည်ကုန်းက နှလုံးခုန်သံတွေ
တတိုင်းပြည်လုံး
ဝုန်းဒိုင်းကြဲ  ဆူညံလာမြဲ …

ဂျူလိုင်ဆယ့်ကိုးရက်နေ့ .,
အဲဒီ့နေ့
မိုးတွေသည်းပါစေ …
မိုး မှောင်မည်းပါစေ …
ချွေးတွေ ရွှဲပါစေ …
မျက်ရည်တွေ မဆဲရင်နေ…

တပ်မတော်ရဲ့ ဖခင်
မြန်မာပြည် ဘုရင်
အောင်ဆန်းသခင် အမှူးပြုတဲ့
အာဇာနည်အရှင် တွေကို …
အာဇာနည် သခင် တွေကို…
အာဇာနည် ဖခင် တွေကို …

မြန်မာပြည်က
တိုင်းရင်းသားပေါင်းစုံဟာ…
လူမျိုးဘာသာ ပေါင်းစုံဟာ…
လူတန်းစား ပေါင်းစုံဟာ.,
အနူးအညွတ်ရပ် …
အလေးပြုမပျက်…
ဦးညွှတ် လျက် …

အဲဒီ့နေ့
ဂျူလိုင် ဆယ့်ကိုးရက်နေ့ 
အကြမ်းဖက်သမားတွေက
မြန်မာပြည်ရဲ့ အသည်းနှလုံးကို
မိုးတွေအုံ့ မှိုင်းတုန်း
အလစ်အငိုက်
တိတ်တဆိတ်
ရက်ရက်စက်စက်
နှိုက်ယူသွားတဲ့ နေ့ …

မြန်မာပြည်သူတွေရဲ့
မျိုးရိုးစဉ်ဆက်နှလုံးသားတွေနဲ့...,
အာဇာနည်တွေ ကမ္ဘာတည်သရွေ့
မသေဆုံးနိုင်ဘူးဆိုတာ…
အာဇာနည်တွေ ကမ္ဘာတည်သရွေ့
ရှင်သန်နေမယ် ဆိုတာ …
ဂျူလိုင်ဆယ့်ကိုးရက်နေ့မှာ
သက်သေပြကြမြဲ …

ဂျူလိုင်ဆယ့်ကိုးရက်နေ့ .,
အဲဒီ့နေ့
မိုးတွေသည်းပါစေ …
မိုး မှောင်မည်းပါစေ …
ချွေးတွေ ရွှဲပါစေ …
မျက်ရည်တွေ မဆဲရင်နေ…

အနူးအညွတ်ရပ် …
အလေးပြုမပျက်…
ဦးညွှတ် လျက် …

                            မောင်သုခ
                         (19- July- 2016)

credit. photo. org

No comments:

Post a Comment