Sunday, July 17, 2016

"အမေးခြောက်ထွေ အဖြေတခု "


"အမေးခြောက်ထွေ အဖြေတခု "

ဦးမျိုးချစ်တွင် စကားတီတီတာတာ လည်လည်ဝယ်ဝယ်
ပြောတတ်၍ ရှေ့နေသတင်းထောက်များ ကဲ့သို့
အသေးစိတ် အမေးအမြန်းထူတတ်သော
မောင်မျိုးမြင့် ဟု အမည်ရသည့် ချစ်စဖွယ် သားငယ်လေးတယောက်ရှိ၏။

တနင်္ဂနွေနေ့ အားလပ်ရက်တခုတွင် သားအဖနှစ်ယောက်
မြို့အနှံ့ လည်ပတ်ကြစဉ်  အမေးခြောက်ထွေ အဖြေတခု
အကြောင်းအရာ ပေါ်ပေါက်ခဲ့လေတော့သည်။

နံနက်နေပွင့် ကတည်းက သားအဖနှစ်ယောက်
ပြင်ဆင်၍ ဦးဆုံး ဘုရားသို့ ထွက်ခဲ့ရာ အသွား အပြန်
လမ်းတလျှောက် ရန်ကုန်မြို့ပြ၏ သာယာဖွယ် ရှုခင်းကို
မြင်နေကြအတိုင်း သူတောင်းစား ကလေး လူကြီး
များစွာကို ကြုံတွေ့ရ၏။
သားငယ် မောင်မျိုးမြင့်မှ ဖခင် ဦးမျိုးချစ်အား မေးသည်မှာ >>>
" လူတွေ ဘာ့ကြောင့်ဆင်းရဲကြတာလဲ.??? ဖေဖေ " ဟူ၍
ဖြစ်လေတော့သည်။

ဆက်လက်၍ မဟာဗန္ဓုလပန်းခြံဘက် သားအဖနှစ်ယောက်
ကားရှိရာသို့ လမ်းလျှောက်လာရာ ကွဲမယ် ပြဲမယ် အစရှိသဖြင့်
အပြန်အလှန် ခွန်းတုံ့ ခိုက်ရန်ဖြစ်ပွားနေသော လင်မယား စုံတွဲ
နှစ်တွဲကို ရှေ့ဆင့်နောက်ဆင့် ကြုံတွေ့လေ၏။
သားငယ် မျိုးမြင့်မှ ဖခင် ဦးမျိုးချစ်အား မေးပြန်သည်မှာ >>>
" အိမ်ထောင်တွေ ဘာ့ကြောင့် ကွဲပြဲကြသလဲ....???  ဖေဖေ "
ဟူ၍   ဖြစ်လေတော့သည်။

ဤသို့နှင့် သားအဖ နှစ်ယောက်လည်း ပြည်သူ့ရင်ပြင်သို့
သွားရန်ကားကို လက်ယာဘက် ကုန်သည်
လမ်းသို့ ကွေ့ရာ
ကားကြပ်ပိတ်နေသောကြောင့် ရန်ကုန်မြို့ထုံးစံအတိုင်း
တရေးတမော တအိတအိ တတိတိ စိတ်ရှည်လက်ရှည် စောင့်ရလေ၏။

ကားလမ်း ပလက်ဖောင်းမှ ကလေးမများ ခေတ်ရေစီးကြောင်း
အတိုင်း စိတ်လွတ်ကိုယ်လွတ် မပေါ့်တပေါ် အ၀တ်အစား
ဒီဇိုင်း အမျိုးမျိုးဖြင့် ဖြတ်သန်းသွားနေကြသည်ကို
ရုပ်ရှင် ပိတ်ကားဖြင့်ပြသသည့်နှယ် ရှင်းရှင်း ဘွင်းဘွင်း လင်းလင်း
အထင်းသားမြင်နေရသော ဦးမျိုးချစ် နှုတ်မှ ထွက်မိသည်မှာ >>>
အင်း မြန်မာမိန်းခလေးတွေ အဆမတန် ဖော် ချွတ် လာကြ
တာပဲ ။ ဟူ၍ ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် သာလိကာငှက်ငယ်လေးအလား
သားဖြစ်သူ မောင်မျိုးမြင့်မှ ဖခင် ဦးမျိုးချစ်အားမေးလေသည်မှာ >>>
" မြန်မာမိန်းခလေးတွေ ဘာလို့ အဆမတန် ဖော် ချွတ်     လာကြသလဲ...??? ဖေဖေ "ဟူသတည်း ။

ဤသို့ သာယာဖွယ် မျက်စိကျဖွယ် နံနက်ခင်းတွင်
ရန်ကုန်မြို့လယ်ခေါင်၌ ကလေးမတယောက်လည်ပင်းမှ
ဆွဲကြိုးကို လူငယ်တယောက် ဖြတ်လု၍ ပြေးပေတော့သည်။
လူအများလည်း တယောက်တခွန်း ပြောကြ လိုက်ကြသံ
ဆူညံသွားပေရာ
" အာ လူတွေလည်း ဒီခေတ် တရားပျက်ကုန်ကြပြီ "
" အတင့်ရဲလိုက်တာ  နေ့ခင်း ကြောင်တောင် "စသည်ဖြင့်
အတိုင်းသား ကြားရလေတော့ရာ ဦးမျိုးချစ်အား
သားငယ် မျိုးမြင့် မှ မေးပြန်သည်မှာကား  >>>
"အခုခေတ် လူတွေ ဘာ့ကြောင့်တရားပျက်ကြသလဲ ...???
ဖေဖေ " ဟူ၍ ဖြစ်လေသည်။

ဦးမျိုးချစ်တို့ သားအဖလည်း ပြည်သူ့ရင်ပြင်သို့ ရောက်ရာ
သာမာန်ဝန်ထမ်းဘ၀ဖြင့် အံ့အားသင့်ဖွယ် ကျိကျိတက်
ချမ်းသာနေသော အရာရှိ မောင်မင်းလူ နှင့်ဆုံလေ၏။
နောက်ဆုံး နှုတ်ဆက်ခါနီး မောင်မင်းလူ ပြောသွားသည်မှာ >>>
"ကိုမျိုးချစ်လည်း သိသားနဲ့ သာမာန် ၀န်ထမ်းဘ၀နဲ့
ကျိကျိတက် ချမ်းသာဖို့ဆိုတာ ကာလ ဒေသ အရေးကြီးတယ်
မဟုတ်လား " ဟူသတည်း ။သားငယ် သာလိကာလေးလည်း
မဆိုင်းမတွ ချက်ချင်းလက်ငင်း မေးမြန်းသည်မှာ
"သာမာန် ၀န်ထမ်းဘ၀နဲ့ ဘာကြောင့် ကျိကျိတက်
ချမ်းသာတာလဲ ဖေဖေ " ဟူ၍ဖြစ်ပေ၏။

ဦးမျိုးချစ် တို့သားအဖလည်း ပြည်သူ့ရင်ပြင်မှ
ညနေစောင်းတွင် ပြန်လည်ထွက်လာ၍ အိမ်သို့ပြန်လာရာ
အိမ်အ၀င် လှေကားရင်းတွင် သုံးထပ်မှ ဆရာမနှင့် ဆုံလေ၏။
စကားစမြည်ပြောရင်း ယခုနှစ် ဆယ်တန်းစာမေးပွဲ
အကျများသည့် အကြောင်းပြောဆိုပြီး အိမ်ထဲဝင်ခဲ့၏။
ခရီးရောက်မဆိုက် သားဖြစ်သူ မောင်မျိုးမြင့်မှ
မေးပြန်သည်မှာ " ဘာ့ကြောင့် စာမေးပွဲ ကျသူများလဲ ဖေဖေ"
ဟူ၍ ဖြစ်ပေတော့သည်။့

ဦးမျိုးချစ်လည်း သားဖြစ်သူ တနေကုန်မေးမြန်းခဲ့သည်များကို
ပြန်လည်စဉ်းစားရာ အောက်ပါအတိုင်း မေးခွန်း
ခြောက်ခုကို တွေ့ရလေသည်။

၁။ လူတွေ ဘာ့ကြောင့်ဆင်းရဲကြတာလဲ...???
၂။ အိမ်ထောင်တွေ ဘာ့ကြောင့် ကွဲပြဲကြသလဲ....???
၃။ မြန်မာမိန်းခလေးတွေ ဘာလို့ အဆမတန် ဖော် ချွတ်     လာကြသလဲ...???
၎။ အခုခေတ် လူတွေ ဘာ့ကြောင့်တရားပျက်ကြသလဲ ...???
၅။ သာမာန်ဝန်ထမ်းတယောက် ဘာ့ကြောင့် ကျိကျိတက်
ချမ်းသာနေသလဲ....???
၆။ ဘာ့ကြောင့် စာမေးပွဲတွေ ကျသူများသလဲ ...???

ညအိပ်ရာ ၀င်ခါနီး ဦးမျိုးချစ်မှ သားငယ်မေးမြန်းထားသည်များကို
တခုချင်း တချက်ချင်း ပြန်လည်ပြောပြပြီး
အမေးခြောက်ထွေ အဖြေတခု ဆိုသကဲ့သို့ ပြန်လည်
ဖြေကြားလိုက်သည်မှာကား >>>

သားငယ်မောင်မျိုးမြင့် ဒီနေ့မေးခဲ့တဲ့ အမေးခြောက်ခုရဲ့
တခုတည်းသော အဖြေကတော့ >>>

" စောင့်စည်းမှု မရှိလို့ ပေါ့  ငါ့သား"

ဟူ၍ ဖြစ်လေတော့သတည်း  ..................................................................
.............................................................................
...........................................................

                                                   မောင်သုခ
                                         (23-Jun- 2016)

No comments:

Post a Comment