" ငါးကြင်း အမြီးတပိုင်း "
ဦးကြာဖြူသည် တံငါသည် တယောက်။
သို့သော် သာမာန် တံငါသည်မဟုတ်။စည်းစနစ်ရှိ၍
မျိုးရိုးတံငါသည်တို့ ဂုဏ်သိက္ခာကို မပွန်းပဲ့အောင် စောင့်စည်းသူ။
ဦးကြာဖြူ တို့ တံငါသည် တမျိုးလုံး ကွန်မပစ် lအိုင်မပက် l
ဓာတ်မတို့။ သုတ်ကိုင်းထောင်သည်။ မျှားသည်။
သေချင်တဲ့ငါး တကောင်သာ လာစွဲချေမည်။
အုံလိုက်ကျင်းလိုက် သေစေမည့်အလုပ် လျှာပေါ်မြက်ပေါက်ပါစေ
ဘယ်တော့မှ မလုပ်ရေးချ မလုပ်။အမျိုးဂုဏ်ကို စောင့်ထိန်းရမည်
မဟုတ်လော ။
"ဦးကြာဖြူ " သည် အသက်ခုနှစ်ဆယ်နီးချေပြီ။
ငါးမျှား၍ ကောင်းတုန်း။သူ့စားကျက်ကား ပြည်တော်သာဆည်ကြီးအတွင်း။ညနေစောင်းသည်နှင့် ထမင်းနှင့် ဖွဲနုကို ကြိတ်နယ်
ငါးမျှားချိတ်ဆင်ယင်ကာ ငါးမျှားကြိုးပါတ်ရေသန့်ဘူးလေးငါးလုံး
လွယ်အိတ်တွင်းထည့် ငါးထည့်ရန် ဆာလာအိတ်တလုံး
ယူ၍ ဆည်သို့ သွားကာ ငါးမျှားလေ၏။မိတဲ့အခါလည်း မိ၏။
မမိတဲ့အခါလည်း မမိ။မိလျှင် နှစ်ပိဿ
အနည်းဆုံး ငါးကြင်း။
ငါးတကောင် မှ နှစ်ကောင် သုံးကောင်အထိ မိတတ်၏။
ငါးတကောင်သာ အများဆုံးမိပြီး တကောင်မှ မရသည့်ရက်လည်း
ရှိ၏။
"ဦးကြာဖြူ "ငါးမိလျှင် ဆည်တွင်းနေ ဆယ်ပြား၏ မိန်းမ
မယ်မျှင်က ခုတ်ထစ် ချိန်တွယ်၍ ချက်ချင်းရောင်းပေး၏။
ငါးတကောင်လျှင် ငွေငါးထောင် ခြောက်ထောင်ခန့်ရတတ်သည်။
မယ်မျှင်၏ ငါးခုတ်ထစ်ရောင်းပေးလျှင် အမြဲတမ်း ဖဲ့ယူသည်ကား
ငါးကြင်းအမြီးတပိုင်း ။ "ဦးကြာဖြူ " ဆယ်ပြားအား
စကားစပ်မိတုန်း မေးဖူး၏။ငါးကြင်းအမြီးကို မယ်မျှင်
ချက်ပြုတ်သည်တော့ သိ၏။ဆယ်ပြားလည်း မစားရ။
ကလေးတွေလည်း မကျွေး။မယ်မျှင် ကိုယ်တိုင်လည်း
တခါမှ စားတာမတွေ့ ။ထူးပေစွ ငါးကြင်းအမြီးတပိုင်းကို
မယ်မျှင် ဘာလုပ်လေသနည်း....????
ရွာတော်ရှင်ကို ပူဇော်လေသလား...???
ဆည်စောင့် နတ်ကြီးအား ပသလေသလော...????
သို့လော သို့လော သို့လော...????
တရက်တော့ "ဦးကြာဖြူ "အပြင်းဖျား၏။
လူကြီးရောဂါဖြစ်၍ သေဖို့များ၏။အဖျားကျစဉ် စကားအနည်းငယ်
ပြောနိုင်လာ၍ ဆယ်ပြားနှင့် မယ်မျှင်လည်း ရောက်နေရာ
မယ်မျှင်ပြောသည်ကား>>>
"ဦးကြာဖြူ " တသက်လုံး လုပ်ခဲ့သမျှ ကုသိုလ်ကို ပြန်စဉ်းစား
ဆင်ခြင် နော်။ စကားအဆုံး"ဦးကြာဖြူ "မျက်ထောင့်နီဖြင့်
မယ်မျှင်အား ကြည့်၍ ပြောသည်မှာ >>>
မယ်မျှင် ငါတသက်လုံး တံငါသည်လုပ် ငါးမျှားလာတာ
အကုသိုလ်တွေချည်း ဘယ်နှယ့် ကုသိုလ် ရှိမတုန်းဟ။
ကြံကြီးစည်ရာ သေခါနီး ကို နင်ပြောရော့မယ်။
သိတယ် "ဦးကြာဖြူ "
"ဦးကြာဖြူ "ဟာ တံငါသည် မယ်မျှင်သိတယ်။
"ဦးကြာဖြူ "က ကိုယ့်ကုသိုလ် ကိုယ်မသိချေတော့
အခု ပြောဖို့ အချိန်ကျပြီ။တကယ်တော့ မယ်မျှင် အမြဲ
ယူယူနေကြ ငါးကြင်းအမြီးတပိုင်းဟာ ချက်ပြုတ်ပြီး
နံနက်အခါ ရဟန်း သံဃာကို လှူနေကြပါ။ဒါဟာ "ဦးကြာဖြူ "
အလှူဒါနပဲ မပြတ်နှလုံးသွင်း ဆင်ခြင်ပြီး သက်သက်သာသာ
ကောင်းကောင်းမွန်မွန် ကြွပေရော့။
မယ်မျှင် စကားအဆုံး၌ "ဦးကြာဖြူ "လည်း
သာဓု သာဓု သာဓု ပါ မယ်မျှင်။ မယ်မျှင် စီစဉ်ပုံ နေရာကြပါပေ့
ဆယ်ပြားတယောက် မိန်းမ အရတော်ပေစွ ဟု
ပြုံးပြုံးကြီးပြောဆို၍ အသက်ကုန်လေတော့သတည်း...............
.....................................................................................
.........................................................................................
..........................................................................................
မောင်သုခ
(22- Jun-2016)
No comments:
Post a Comment