"ဖြစ်တည်မှု ပဓါနဝါဒ"
ဖြစ်တည်မှု ပဓါနဝါဒသည် ပထမကမ္ဘာစစ်အပြီး
ဂျာမနီနိုင်ငံတွင် စတင်ထွန်းကားခဲ့သည်။ထို့နောက်
ပြင်သစ်နိုင်ငံ တွင် ဆက်လက်ပြန့်ပွါးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် အမေရိကန်
ပြည်ထောင်စု အပါအဝင် အခြားသော နိုင်ငံများသို့
ပြန့်နှံ့လာခဲ့သည်။
ဖြစ်တည်မှု ပဓါနဝါဒကို ဖော်ထုတ်ခဲ့သူများမှာ
ဂျာမာန်ဒဿန ပညာရှင် နီချေး(Nietzche)-
ဒိန်းမတ် ဒဿနပညာရှင် ကက်ကီးဂတ်(kierkegaard)-
ဟတ်ဆာ (Husserl)-ရှီလာ(Sheler)-ဟိုင်ဒေကာ(Heidegger)-
ယာ့စ်ပါးစ်(Jaspers)-ဗူမန်(Bultmann)-ဂျူးဝစ်(Jeweish)-
ဘတ်ဘာ(Buber)-ပြင်သစ်ဒဿန ပညာရှင် ဘာခ်ဆွန်
(Bergson)-ကမျူး(Camus)-မာစယ် (Marcel)-စပိန်ဒဿနပညာရှင်
ယူနာမူနို (Unamuno)-ဂတ်ဆယ် (Gassel)-ရုရှ ဒဿနပညာရှင်
ဒေါ့စတိုးဗက် စကီး (Dostoevasky)-ဆိုလိုဗော့ (Solovev)-
ရှက်စတော့ (Shestov)-ဗာရေ့(Berdyaev)-အမေရိကန်
ဒဿနပညာရှင် ရွိုက် (Royce)- ဂျိမ်း (James)-ဒူဝီ (Dewey)-
တစ်လစ်ခ်ျ (Tillich) စသည်တို့ဖြစ်သည်။
သို့သော် ဖြစ်တည်မှု ပဓါနဝါဒကို ထင်ရှားကျော်ကြားအောင်
ဖော်ထုတ်ပေးနိုင်ခဲ့သူမှာ ယန်ပေါဆတ် (Jean Paul Sartre)
ဖြစ်သည် ။
မျက်မှောက်ခေတ် အနောက်တိုင်းဒဿနသမိုင်းတွင်
ထင်ရှားကျော်ကြားခဲ့သော ဒဿန အယူအဆများမှာ
ရုပ်ဝါဒ (Materialism)-ဝိညာဏဝါဒ (Idealism)-
ဆင်ခြင်ခြင်း အဓိကဝါဒ (Rationalism)-ကိုယ်တွေ့အဓိကဝါဒ
(Empiricism)-အစစ်အမှန်ဝါဒ(Realism)-ဆင့်ကဲဖြစ်စဉ်ဝါဒ
(Evolutionalism)-ယုတ္တိနည်းကျ အတွေ့အကြုံ အဓိကဝါဒ
(Logical positivism)- ပရဂ္ဂမာ ဝါဒ (Pragmatism)-
ဘဝ စွမ်းအားဝါဒ (Elan Vitalism)-လူသာ ပဓါနဝါဒ (Humanism)-
နှင့် ဖြစ်တည်မှု ပဓါနဝါဒ (Existentialism) စသည်တို့ဖြစ်သည်။
"ဖြစ်တည်မှု ပဓါနဝါဒ"သည် အနောက်တိုင်းတွင်
နောက်ဆုံးပေါ်ပေါက်လာပြီး ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။
အထူးသဖြင့် ပြင်သစ်နိုင်ငံတွင် ဆက်လက်ကျင့်သုံးလျက်ရှိသည်။
ဖြစ်တည်မှု ပဓါန ဝါဒီတို့က လူတဦးချင်းစီအတွက် စစ်မှန်သော
လွပ်လပ်မှုသည် အမှန်တကယ်လိုအပ်သည်ဟု တင်ပြခဲ့သည်။
ရှေးဟောင်း ဒဿန အစဉ်အလာနှစ်ရပ်ဖြစ်သော
သဘာဝလောကကို အခြေခံသည့် အမြင်နှင့် လူနှင့် လူ့
အဖွဲ့အစည်းကို အခြေခံသည့်အမြင်တို့သည် အနောက်တိုင်း
ဒဿနသမိုင်း တလျှောက်လုံးတွင် တလှည့်စီ လွှမ်းမိုးခဲ့သည်ကို
လေ့လာ သိရှိနိုင်ပါသည်။
ပလေတိုနှင့် အရစ္စတိုတယ်တို့ အဓိကထားခဲ့သော
"လူဆိုသည်မှာ ဘာလဲ " (What is man.?)ဟူသော မေးခွန်းထက်
စိန့်သြဂတ်စတင်းက ကျွနုပ်မည်သူဖြစ်သလဲ
(Who am I.?) ဟူသော မေးခွန်းကို ပိုအလေးပေးခဲ့သည်။
ပလေတိုက အနှစ်သာရသည် ဖြစ်တည်မှုထက်စောစွါ
ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်။ဆိုလိုသည်မှာ အနှစ်သာရ
မရှိဘဲ ဖြစ်တည်မှု ရှိလာနိုင်မည် မဟုတ်ဟု ယူဆသည်။
သို့ဖြစ်၍ ပလေတိုက လူ၏ ဖြစ်တည်မှု အယူအဆကို
တိုက်ရိုက်မဖော်ပြခဲ့သော်လည်း လူဟူ၍ ဖြစ်တည်နေရခြင်းကိုမူ
မျက်ကွယ် မပြုခဲ့ချေ။ထို့ကြောင့် ဖြစ်တည်မှု ပဓါန အယူအဆ၏
မူလ အရင်းအမြစ်များသည် ယခုမျက်မှောက်ကာလတွင်သာ
ဖြစ်တည်လာသော အယူအဆမဟုတ်ဘဲ ရှေးဟောင်းဂရိ
ဂန္တဝင်ခေတ်ကတည်းက သန္ဓေတည်လာခဲ့ပေသည်။
အနောက်တိုင်း ဒဿန သမိုင်းတလျှောက်တွင်
အနှစ်သာရ သဘောသည် ဖြစ်တည်ခြင်းသဘောထက်
အခြေခံကျသည် (Essence preceds existance) -ဖြစ်တည်ခြင်းသဘောသည် အနှစ်သာရ သဘောထက်
အခြေခံကျသည် ( Existance preceds essence)
စသည်တို့ကို ဒဿန ပညာရှင်များ စဉ်းစားခဲ့ကြသည်။
ခေတ်သစ် ဒဿနပညာ၏ ဒေးကတ် (Descartes)က
" ကျွနုပ်စဉ်းစားသည် ။ထို့ကြောင့် ကျွနုပ်ရှိသည်။"
(I think ,therefore, I am ) ဟု ဖြစ်တည်ခြင်းသဘောကို
ဆင်ခြင်စဉ်းစားပြီးမှ ဆွဲယူအတည်ပြုခဲ့သည်။
ဂျာမန်ဒဿန ပညာရှင် ကန့်က လူတို့သည် အရှိတရားများကို
သူ့အရှိအတိုင်း မသိကြ ဟု အသိတရားနှင့် အရှိတရား
ကွာဟချက်ကို တင်ပြခဲ့သည်။
ဖြစ်တည်မှု ပဓါနါဒီတို့၏ အတွေးအခေါ်များသည်
တခုနှင့်တခု ခြားနားကြသော်ကြလည်း ယေဘူယျအားဖြင့်
လက်ခံသော အယူအဆများတူညီမှုရှိပြီး အားလုံးသည်
လူကို ဗဟိုပြု စဉ်းစားခြင်းဖြစ်သည်။သို့သော် ဖြစ်တည်ခြင်း
သဘောကို လက်ခံရာတွင် တယောက်နှင့် တယောက်ကွဲပြား
ခြားနားသည်။
ဖြစ်တည်ခြင်း ဆိုသည်မှာ လက်တင်ဘာသာစကားဖြစ်သော
အိပ်စတင့် (Existenz) မှ ဆင်းသက်လာသည်။မူရင်း
အဓိပ္ပါယ်သည် ဖြစ်တည်နေသည်ဟု အဓိပ္ပါယ်ရသည်။
လောကကြီးထဲ ရောယူပြီး ရှိနေသော သဘောဖြစ်သည်။
ဖြစ်တည်မှု ပဓါနဝါဒီ ဟိုင်ဒေဂါက ဖြစ်တည်ခြင်းကို
ဂျာမန်ဘာသာစကားဖြင့် ဒတ်စိန် (Dasein) ဟုခေါ်သည်။
အဓိပ္ပါယ်သည် စစ်မှန်စွါ ဖြစ်တည်နေသော လူ့ဘဝဖြစ်သည်။
ဤနေရာတွင် ဖြစ်တည်မှု ပဓါန ဝါဒီ ယန်ပေါဆတ်၏
လူနှင့်ပက်သက်သော အယူအဆများကို ခြုံငုံဖော်ပြအံ့။
ယန်ပေါဆတ်၏ လူ အပေါ် သိမြင်ဖွင့်ဆိုမှုများသည်
မှတ်သားဖွယ်ကောင်း၍ လူသားတဦး၏ ဖြစ်တည်မှုကို
အခြားလူသားတဦးမှ အပြန်အလှန် အသိအမှတ်ပြု
လေးစားရန် အချက်များတွေ့ရပြီး မျက်မှောက်
မြန်မာနိုင်ငံလူသားများကြား လူသားတဦးချင်း၏
ဖြစ်တည်မှု နှင့် ယုံကြည်ချက်များကို
အပြန်အလှန်လေးစား အသိအမှတ်ပြုမှု အားနည်းလွန်းကာ
မတူညီသော ဖြစ်တည်မှု - ယုံကြည်ချက်များကို
အလေးမထား မလေးမစား ပြုမူ၍ သေးသိမ်အောင်
အောက်တန်းစားဆန်ဆန် ပြုမူကြသည်ကို မြင်တွေ့ရသည်။
ဤအားနည်းချက်ကပင် မြန်မာနိုင်ငံ၏ ဖြစ်တည်မှုများ
ပုံဆိုးပန်းဆိုး ဖြစ်စေသော မူလ ဇစ်မြစ်ဖြစ်သည်ဟု
မှတ်ယူမိသည်။
ဖြစ်တည်မှု ပဓါန ဝါဒီ ယန်ပေါဆတ်၏
လူနှင့်ပက်သက်သော အယူအဆများကို ခြုံငုံဖော်ပြမှုဆက်အံ့
၁။ လူဖြစ်လာလျှင် လူတိုင်းသည် အပြုအမူတခုမဟုတ်
တခုကို ပြုရမြဲ ဖြစ်သည်။
၂။ ပြုမူသော အပြုအမူ အားလုံးကို စုပေါင်းထားခြင်းသည်ပင်
ထိုလူ၏ ဘဝပင်ဖြစ်သည်။
၃။ တသီးပုဂ္ဂလ လူတဦးချင်းစီသည် မိမိဘဝကို တည်ဆောက်
ရာတွင် အပြုအမူများကို လွပ်လပ်စွါ ရွေးချယ်နိုင်သည်။
၎။ တသီးပုဂ္ဂလ လူတဦးချင်းစီသည် မိမိဘဝတည်ဆောက်
ရာတွင် မိမိပြုလုပ်ရမည့် အပြုအမူများကို မိမိကိုယ်တိုင်
လွပ်လပ်စွါ ရွေးချယ်နိုင်သောကြောင့် သူ၏အပြုအမူ
အားလုံးအတွက် သူ့တွင် လုံးဝတာဝန်ရှိသည်။
နီချေးသည်လည်း လူကိုအဓိကထားတွေးခေါ်ရန်
ဦးဆောင်ခဲ့သူဖြစ်သည်။လူသားအားလုံးအတွက်
ယေဘူယျကျသော ကိုယ်ကျင့်တရား ယေဘူယျကျသော
အမှန်တရားများ မရှိဟု ယူဆသည်။တသီးပုဂ္ဂလ လူတဦးချင်းစီ၏
စိတ်ဆန္ဒမှ ပေါ်ထွက်လာသော အပြုအမူကိုသာ အမှန်တရား
အဖြစ်လက်ခံသည်။
ယန်ပေါဆတ် အလိုအရ တသီးပုဂ္ဂလ လူသည်
မိမိစိတ်ဆန္ဒအရ မိမိကြိုက်နှစ်သက်ရာ အပြုအမူကို
ရွေးချယ်ပြုလုပ်နိုင်သည်။ထိုသို့ရွေးချယ်ပြုလုပ်ရာ၌
မိမိအတွက် ပိုမိုကောင်းမွန်သော အပြုအမူတခုခုကို
ရွေးချယ်လိုက်သကဲ့သို့ အများအတွက်လည်း ပိုမို
ကောင်းမွန်သော အပြုအမူမျိုးဖြစ်ရန် မိမိ၌ တာဝန်ရှိသည်ဟု
ဆိုထားသည်။ဤတွင် ပထမ ဝါကျ၌ လူသား၏ အကြွင်းမဲ့
လွပ်လပ်ခြင်းကို ပြဆိုထားပြီး ဒုတိယဝါကျတွင်မူ
လွပ်လပ်ခွင့်နှင့် အတူ တာဝန် ဝတ္တရားကိုပါ တွဲ၍
ပြဆိုထားသည်ကို အဆိုနှစ်ခု ဆန့်ကျင်နေသယောင်
မြင်တွေ့နိုင်သည်။
ကျွနုပ်၏ အမြင်မှာမူ ယန်ပေါဆတ်သည် ပထမဝါကျတွင်
လူသား၏ အကြွင်းမဲ့ လွပ်လပ်ခွင့်ကို တန်ဖိုးထားသော
အနေဖြင့် တသီးပုဂ္ဂလ လူသည်
မိမိစိတ်ဆန္ဒအရ မိမိကြိုက်နှစ်သက်ရာ အပြုအမူကို
ရွေးချယ်ပြုလုပ်နိုင်သည်ဟု ဖွင့်ဆိုလိုက်သော်လည်း
အကြွင်းမဲ့လွပ်လပ်ခွင့်နှင့်အတူ လူနှင့်လူ့လောကဖြစ်တည်မှုအပေါ်
ဖျက်ဆီး ပျက်စီးစေလိုမှုတို့ တွဲလျက်ပါလာမည်ကို
ဆင်ခြင်၍ တသီးပုဂ္ဂလ လူသည်
မိမိစိတ်ဆန္ဒအရ မိမိကြိုက်နှစ်သက်ရာ အပြုအမူကို
ရွေးချယ်ပြုလုပ်နိုင်သည်။ထိုသို့ရွေးချယ်ပြုလုပ်ရာ၌
မိမိအတွက် ပိုမိုကောင်းမွန်သော အပြုအမူတခုခုကို
ရွေးချယ်လိုက်သကဲ့သို့ အများအတွက်လည်း ပိုမို
ကောင်းမွန်သော အပြုအမူမျိုးဖြစ်ရန် မိမိ၌ တာဝန်ရှိသည်ဟု
ထပ်မံ ဖွင့်ဆိုခဲ့ဟန်တူပေသည်။
ဤအချက်သည် ဖြစ်တည်မှု ပဓါနဝါဒီ ယန်ပေါဆတ် အနေနှင့်
ဖြစ်တည်မှုတိုင်းကို အပြန်အလှန် တန်ဖိုးထားတတ်စေရန်
လမ်းညွှန်ချက် တခုဖြစ်ပြီး ဖြစ်တည်မှု ပဓါနဝါဒီ၏
အနှစ်သာရလည်း ဖြစ်သည်ဟု မြင်မိသည်။
ဤနေရာတွင် ယန်ပေါဆတ်၏ အကြောင်းအကျဉ်းချုပ်ကို
တင်ပြ၍ နိဂုံးချုပ်အံ့။
ယန်ပေါဆတ်
Jean Paul Sartre
(၁၉၀၅- ၁၉၈၀)
ယန်ပေါဆတ်သည် ဖြစ်တည်မှု ပဓါနဝါဒီတဦးဖြစ်သည်။
၁၉၀၅ ခုတွင် ပြင်သစ်နိုင်ငံ ပါရီ (Peris) မြို့တွင်မွေးဖွားသည်။
၁၉၂၈ ခုနှစ်အထိ (Ecole Normale Superieure and
University of Freiburg) တွင် ပညာသင်ကြားခဲ့သည်။
ကျောင်းပြီးသည့်နောက်ပိုင်း ၁၉၂၉ ခုနှစ်မှစ၍ ပါရီနှင့်
နေရာ အနှံ့အပြားတွင် ဒဿနပညာရပ်များကို သင်ကြားပို့ချ
ခဲ့သည်။ယန်ပေါဆတ်သည် ၁၉၃၃ ခုနှစ်မှစတင်၍ ၁၉၃၅ အထိ
ဘာလင်တွင်ရှိသော ပြင်သစ်တက္ကသိုလ် နှင့် ဖရိုင်းဘတ်
တက္ကသိုလ်တို့တွင် သုတေသီတဦးအဖြစ် တာဝန်ထမ်းဆောင်
ခဲ့သည်။၁၉၃၆ တွင် ဒဿနဆိုင်ရာ ဝတ္ထုတိုစာအုပ်များကို
ရေးသားထုတ်ဝေသည်။
credit.
>> ဖြစ်တည်မှုပဓါနဝါဒ
စိုးဦး (ဒဿန)
>>ကမ္ဘာ့ တွေးခေါ်ရှင်ကြီးများ
ဆန်းလွင်
မောင်သုခ
မျှဝေသည်။
No comments:
Post a Comment