ထေရဝါဒ ဆိုတာ ဘာလဲ…???
ထေရဝါဒ မူ (၃) ချက်ဟာဘာလဲ…???
ဒီပဝင် အခန်း(၄) ပါဠိတော်မှာ -
(၇) ဓုတဝါဒီနမဂ္ဂေါ သော၊ ကဿပေါ ဇိနသာသနေ၊
ဗဟုဿုတာနမာနန္ဒော၊ ဝိနယေ ဥပါလိ ပဏ္ဍတော၊
(၈) ဒိဗ္ဗစက္ခုမှိ အနုရုဒ္ဓေါ၊ ဝင်္ဂီသော ပဋိဘာနဝါ၊
ပုဏ္ဏော စ ဓမ္မကထိကာနံ၊ ဝိစိတြကထကုမာရကဿပေါ။
(၉) ဝိဘဇ္ဇမှိ ကစ္စာယနော၊ ကောဋ္ဌိကော ပဋိသမ္ဘိဒါ။
အညေပတ္တိ မဟာထေရာ၊ အဂ္ဂနိက္ခိတ္တိကာ ဗဟူ။
(၁၀) တေဟိ စညေဟိ ထေရေဟိ၊ ဓမ္မဝိနယသင်္ဂဟော။
ထေရေဟိ ကတသင်္ဂဟော၊ ထေရဝါဒေါတိ ဝုစ္စတိ။
ဒီ ပါဠိတော်ရဲ့ အနက်က ...
(၇) မြတ်စွာဘုရားသာသနာတော်၌ ဓုတဝါဒီတို့တွင် အတော်ဆုံးဖြစ်သူ အရှင်မဟာကဿပသည်လည်းကောင်း၊ ဗဟုသုတ ပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင်အာနန္ဒာ၊ ဝိနယအရာ၌ ပညာရှိသော အရှင်ဥပါလိသည်လည်းကောင်း၊
(၈) ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ အတော်ဆုံးဖြစ်သော အရှင်အနုရုဒ္ဓါ၊ ပဋိဘာန်ဉာဏ်ထူးလှသော အရှင် ဝင်္ဂီသ၊ ဓမ္မကထိက ပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင် ပုဏ္ဏ၊ ဆန်းကြယ်သောတရားစကားကိုပြောဟောတတ်သူ အရှင်ကုမာရကဿပ သည် လည်းကောင်း၊
(၉) အကျယ်ခွဲဝေဖြေဆိုရာ၌ အတော်ဆုံးဖြစ်သူ အရှင်မဟာကစ္စည်း၊ ပဋိသမ္ဘိဒါအရာ၌ အတော်ဆုံးဖြစ်သူ အရှင်ကောဠိက သည် လည်းကောင်း၊ အခြားများစွာသော ဧတဒဂ်အရာ၌ထားခြင်းခံရသူ မထေရ်ကြီးတို့သည်လည်းကောင်း ပါရှိကြကုန်၏။
(၁၀) အဆိုပါ ထေရ်ကြီးများသည်လည်းကောင်း၊ သူတော်ကောင်းဖြစ်ကြသော ရဟန်းကိစ္စ ပြီးပြီးသူ အခြားထေရ်ကြီးတို့ သည် လည်းကောင်း ငါးရာသော ထိုထေရ်တို့သည် စုပေါင်းရွတ်ဆိုခြင်းပြုအပ်သော ဓမ္မဝိနယသံဂါယနာကို ထေရဝါဒ ဟူ၍ ဆိုအပ်၏ ...
လို့ ဆိုထားပါတယ်။ ဒါဟာ ထေရဝါဒ သာသနာကို အဓိပ္ပာယ်ဖွင့်ဆိုချက် ပါပဲ။✨✨✨
✨✨✨✨✨✨
ထေရဝါဒ မူ (၃) ချက်
“ ထေရ၀ါဒ မူသုံးချက်ဆိုသည်မှာ ပထမသင်္ဂါယနာ တင်ပွဲကြီး၌ အရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာ မထေရ်မြတ်ကြီးများသည်
သာသနာတော် သန့်ရှင်းတည်တံ့ ပြန်ပွားရေးအတွက် လိုက်နာကျင့်သုံးရန် တညီတညွတ်ထဲ ချမှတ်ခဲ့သော ပညတ်တော်များဖြစ်သည်။
၎င်းတို့သည်ကား..
၁။ အပ္ပညတ္တံ န ပညပေတိ။
ဘုရားရှင် ပညတ်တော် မမူအပ်သော သိက္ခာပုဒ်ကို မပညတ်ရ။
၂။ ပညတ္တံ န သမု စ္ဆိန္ဒတိ။
ဘုရားရှင် ပညတ်တော် မူအပ်သော သိက္ခာပုဒ်ကို မပယ်ဖျက်ရ။
၃။ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ၀တ္တတိ။
ရှိပြီးသား ပညတ်တော် သိက္ခာပုဒ်အတိုင်း လိုက်နာကျင့်သုံးရမည်။
✨✨✨✨✨✨
No comments:
Post a Comment