Sunday, July 17, 2016

" ဒေါက်တာ နှင့် ပေါင်မုန့်တလုံး "

" ဒေါက်တာ နှင့် ပေါင်မုန့်တလုံး "

ဒေါက်တာ  တယောက် အလုပ်ရှုပ်နေသည်။
မြန်မာပြည်တွင် ထွက်ပေါ်လာတော့မည် ထူးခြားအံ့ဖွယ်
တီထွင်ဆန်းသစ်မှုကြီးတခု အတွက် စိတ်ရော ကိုယ်ရော
အနားမပေးပဲ အားသွန်ခွန်စိုက်အလုပ်လုပ်နေသောကြောင့်ဖြစ်၏။
လူသာမာန် မည်သူမျှ မတွေးမကြံဝံ့သော မဟာ့ မဟာ မဟာ စမ်းသပ်
တီထွင်ဖန်တီးမှုကြီး မကြာမီ မြန်မာပြည်တွင်အသက်ဝင်တော့ပေမည်။

ဒေါက်တာဟူသည်မှာလည်း မိမိအမည်ရင်းမဟုတ်ချေ။
ဖေ့ဘုတ်တခွင်တွင် မည်သူ စခေါ်လိုက်သည် မမှတ်မိ။
ဒေါက်တာမှ ဒေါက်တာ ဖြစ်ကုန်ကြပြီ။ထားတော့ အမည်ကိစ္စ။
ယခု အဓိကအကြောင်းအရာမှာ ဒေါက်တာတီထွင်ဖန်တီးမည့်
အံ့အားသင့်ဖွယ် မြန်မာပြည်၏ စမ်းသပ်တီထွင်မှုကြီး။

တီထွင် ဖန်တီးမည့်အရာမှာ ကုန်ဈေးနှုန်းအမြဲကြီးမားနေသည့်
မြန်မာနိုင်ငံနေ  မြန်မာပြည်သူတို့ အကျိုးဖြစ်၍ စားသောက်စရိတ်
သက်သာစေရန်အတွက် စားသောက်ကုန် ပေါင်မုန့်များ
တီထွင်ဖန်တီး ထုတ်လုပ်ခြင်းဖြစ်သည်။ဤ အစီအစဉ်ကြောင့်
တရက် တရက် ဆန် ဆီ  ဟင်းအမယ် စရိတ်ကြီးသော မြန်မာပြည်သူတို့ ထမင်းစားစရာ မလိုတော့ချေ ။ဒေါက်တာ၏ ပေါင်မုန့်ကို
နံနက်တလုံး နေ့လည်တလုံး စားရုံမျှဖြင့် ထမင်းစားသည်ထက်ပိုမိုသော အာဟာရ နှင့် စွမ်းအင်အပြည့်ဖြင့် နေ့တိုင်း
နေထိုင်အလုပ်လုပ် အသက်ရှင်နိုင်ကြပေတော့မည်။

သုံးနှစ်လုံးလုံး ဒေါက်တာ ကြိုးစားခဲ့သမျှ ယခု ၂၀၁၆ ခုနှစ်
ဇွန်လတွင် အပြီးသတ် ကုန်ချော ထုတ်လုပ်ပြီးစီး၍
စမ်းသပ်စားသောက်ရန် ဖေ့ဘုတ်မှ မိတ်ဆွေများ |သတင်းဌာနများ | ဂုဏ်သရေရှိလူကြီးများ ကိုလည်း
ဖိတ်ထားပြီးချေပြီ။မိတ်ဆွေများလည်း တဖွဲဖွဲ ရောက်ရှိ
နေရာယူပြီးသော အခါ ဒေါက်တာ ဆန်းသစ်တီထွင်
ဖန်တီးထားသည့် အဖိုးနှုန်းသက်သာသော
ပေါင်မုန့်များကိုလည်း တယောက်ချင်းစီ၏
အရှေ့တွင် တည်ခင်းဧည့်ခံထားပြီးပေပြီ။ရန်ကုန်မြို့ရှိ
နာမည်ကြီးပေါင်မုန့်ဆိုင်များ ငုပ်တုပ်မေ့မည့် အရသာမျိုးဖြစ်မည်ဟု
ဒေါက်တာမစားဖူးသော်လည်း သိပြီးသား။အရသာကောင်းကို
မိတ်ဆွေများအား ဦးဦးဖျားဖျား စားစေပြီးမှသာ ဒေါက်တာ
စားသင့်သည်ဟု ခံယူထားသည် မဟုတ်လော ။

ဒေါက်တာ စင်မြင့်ပေါ်မှနေ၍ ဧည့်ပရိတ်သတ်များအား
ပေါင်မုန့်အကြောင်းကိုရှင်းလင်းပြောပြနေစဉ်
သတင်းထောက်များမှလည်း မေးခွန်းမေးမြန်းလေ၏။

သတင်း   >>>>

ဟုတ်ကဲ့ မင်္ဂလာပါ ဒေါက်တာ။ပေါင်မုန့်ဈေးနှုန်းလေး
သိပါရစေ။နောက်တခုက ပေါင်မုန့်ရဲ့ ကုန်ကြမ်းလေးက
ဘာလဲ ရှင့် ။သတင်းကြားထားတာက
ဂျုံကို လုံးဝသုံးမထားဘူးဆိုတော့ အားလုံးလည်း
စိတ်ဝင်စားတယ်ပေါ့နော်။ အဲဒါလေးသိပါရစေ။

ဒေါက်တာ >>>>

အော် ဟုတ်ကဲ့ မင်္ဂလာပါခင်မျ။
ပေါင်မုန့်ဈေးနှုန်းက မြန်မာငွေ ကျပ် ငါးဆယ်ပါ။
နံနက်တလုံး နေ့လည်တလုံး စားသုံးစရိတ် ငွေတရာသာ
ကုန်ကျရုံနဲ့ ထမင်းစားတာထက် ပိုပြီး အဟာရပြည့်
စရိတ်သက်သာတာကြောင့် မြန်မာတွေ ထမင်းစားစရာ
မလိုတော့ပါဘူး။ကုန်ဈေးနှုန်း ကြီးလွန်းလှတဲ့ ဒီနိုင်ငံမှာ
ပြည်သူတွေ ထမင်းစားစရာ မလိုတော့အောင်
ဒေါက်တာ တီထွင်ဖန်တီးတာပါ။

ပေါင်မုန့် ကုန်ကြမ်းကတော့ ခွေးလျားသီး ပဉ္စငါးပါးနဲ့
မြန်မာပြည် ရန်ကုန်မြို့က ပေါများလှတဲ့ အမှိုက်ပုံတွေပါပဲ။
ဒါတွေကို ဒေါက်တာရဲ့ သိပ္ပံပညာ ဆေးပညာ စားသောက်ကုန်
ဖန်တီးမှုပညာ ဒါတွေပေါင်းစပ်ပြီး စွမ်းအားပြည့် အဟာရပြည့်
ပေါင်မုန့်တွေ အနေနဲ့ အသွင်ပြောင်းလဲ တီထွင်ဖန်တီးထားတာပါ။

ခွေးလျားသီးဟာလည်း ဒေါက်တာရဲ့ တီထွင်မှု အောက်မှာ
ပြားပြားဝပ်ပြီး သကာလ မယားနိုင်တော့ဘဲ အဟာရ ပြည့်ဝတဲ့
ဗီတာမင် အပြည့်အဖြစ် ပြောင်းလဲသွားပါတယ်။

လူတကာ စွန့်ပစ်တဲ့ အမှိုက်နဲ့ အဆိပ်မိခွေးသေကောင်
ကြောင် ကြွက် တီကောင် အသေ အပုပ် ဖိနပ်ပြတ်
ပလက်စတစ်အိပ် ထမင်းသိုး ဟင်းသိုး စတာတွေဟာလည်း
ဒေါက်တာရဲ့ ဆေးပညာနဲ့ သိပ္ပံ ပညာအောက်မှာ
အရသာ ရှိလှတဲ့ ပေါင်မုန့်တွေ ဖြစ်ကုန်ပါပြီ။
စားၾကည့္ပါ ခင္မ်။အရသာလည်း ထိပ်တန်း အရသာပဲ
မဟုတ်လား ...???

ဒေါက်တာ၏ ဖြေကြားမှု အဆုံး ပေါင်မုန့်စားသောက်နေ၍
အရသာ ကောင်းလှကြောင်း ယနေ့မှစ၍ ထမင်းမစားတော့ဟု
ကြုံးဝါးနေသူများ ပါးစပ် အဟောင်းသားဖြင့်
        ဟာ
ဟင်       အယ်
ဟောတော့
အမလေး ဒုက္ခပဲ  နှစ်လုံးတောင်စားမိပြီ
...............................................
......................
..........
အစရှိသည့် အာမေဋိတ် သံ အသီးသီးဖြင့်
ဆူညံပွက်လောရိုက်သွားလေရာ ဒေါက်တာလည်း
အိပ်မက်မှ လန့်နိုးလေတော့သည်။

မျက်နှာသစ်  သွားတိုက်၍ နံနက်စာ စားသောက်ရန်
စားပွဲတွင် ထိုင်လေရာ စားစရာကား  ကော်ဖီနှင့် ပေါင်မုန့် ။
ဒေါက်တာလည်း ကော်ဖီကို စွပ်ခနဲ အလျင်အမြန်မော့၍
ပေါင်မုန့်ကိုတော့ လက်ဖျားနှင့်ပင်မထိပဲ ထမင်းစားခန်းမှ
ခပ်သွက်သွက် လျင်မြန်စွာ ထွက်ခဲ့ လေတော့သည် တကား ...
......................................................................,.............,............................................................,...................................
..........................................................................................

                                              မောင်သုခ
                                       (22-JUN-2016)

No comments:

Post a Comment