" ကျွတ် ,မုန်း ,ဝင် "
ရွာတရွာရဲ့ ဘုန်းကြီးကျောင်းအနီးမှာ
မှာ ဇရပ်တခုရှိပါတယ်။ ဦးသုခ အမည်ရတဲ့ အဖိုးအို တဦးဟာ အဲဒီ့ဇရပ်ကို မနက်တကြိမ် ညနေတကြိမ် တံမျက်စည်းလှည်း သန့်ရှင်းရေးလုပ်တယ်။
တနေ့ ဇရပ်ကို မောင်ညာဆိုတဲ့ အရူးရောက်လာပြီး
အလွယ်တွေ့တဲ့ မြေဖြူနဲ့
ဇရပ် အတက် အဆင်း လက်ရမ်းမှာ "ကျွတ် မုန်း ဝင် " ဆိုတဲ့ စာ
သုံးလုံးကို ရေးခဲ့တယ်။
စာကို တံမျက်စည်းလှည်းတဲ့ အဖိုးအို ဦးသုခ ဖတ်မိတော့
ကျောင်းထိုင် ဆရာတော်ကို လျှောက်ထားတယ်။
ဇရပ် အတက်အဆင်း လက်ရမ်းမှာ ဖြေဖြူနဲ့
" ကျွတ်. မုန်း. ဝင် " လို့ ရေးထားတာ တွေ့ပါတယ်ဘုရားလို့
လျှောက်တာပေါ့ဗျာ ။
ဆရာတော် မိန့်တာက
" အင်း. . .လောကီ လောကုတ် နှံ့ စပ်တဲ့ ပညာရှိ
တစ်ယောက် ရေးသွားတာ ဖြစ်မယ်" အနက်သဘော
မြင်မိတာက " တဏှာ ရာဂ လောဘ ဆိုအပ်တဲ့ သမုဒယကနေ
"ကျွတ်" လွတ်ခဲ့ရင် ဝဋ်ဆိုတဲ့ ဒုက္ခကို "မုန်း"မယ်။
ဒီတော့ မဂ္ဂသစ္စာကို ပွားပြီး နိဗ္ဗာန် တံခါးကို "ဝင်"
ရတာဖြစ်တဲ့အကြောင်းကို တရားပြဆို သောအာအားဖြင့်
"ကျွတ် မုန်း ဝင် " လို့ အကျဉ်းအားဖြင့်ရေးထားတဲ့စာဖြစ်မယ်"
အိမ်း သူတော်ကောင်း တရားပြ ပုဂ္ဂိုလ်ကြီး
သာဓု သာဓု သာဓု ပါလို့ ဆရာတော်က ဝမ်းသာအားရ
မိန့်ချေရဲ့ ။
အဖိုးအို ဦးသုခ လည်း " ကျွတ်. မုန်း. ဝင် " ကိစ္စ
မေ့မေ့ပျောက်ပျောက်နဲ့ နောက်တနေ့နံနက် တံမြက်စည်း
လှည်းနေတုန်း ဇရပ်ကို ရွာထဲက
ဆေးဆရာ ဦးကြည် တယောက် ဆေးပင်ရှာရင်း ရောက်လာတော့ " ကျွတ်. မုန်း. ဝင် " ကို တွေ့ပါလေရော ။
ဆေးဆရာဦးကြည် ကလည်း သူ့ ဥာဏ်
မှာ ထင်လာတာ အားရဝမ်းသာ ပြောလိုက်တာကို
တံမြက်စည်းလှည်းနေတဲ့ အဘိုးအို ဦးသုခ
အတိုင်းသားကြားတွေ့လိုက်တာကတော့
အံ့သြစရာပဲ ဒီ
" ကျွတ် မုန်း ဝင် ဆိုတာ ဆေးဖေါ်နည်း နိသျည်း" ပဲဟ
" ကျွတ်ဆိုတာက မှိုကျွတ် တမျိုး။ မုန်း ဆိုတာက
သမုန်းကတိုးကြီး။ ဝင် ဆိုတာက သင်းဝင် ဖြူ"
" ဒီသုံးမျိုး သုံးခွက်တခွက်တင်ကျိုသောက်
ဒူလာပါဒရက် ပျောက်တယ်။ အစွမ်းထက်ဆေးနည်းရဲ့
ဆေးသုံးမျိုးကို ဆရာချင်း သိအောင် အတိုကောက်ရေးထားတာပဲ"
အင်း ငါမသိတဲ့ ဆေးဆရာအကျော်ဒေးယျ တယောက်
ရွာထဲ ရှိနေတာ မသိဘူး အံ့ပါရဲ့ လို့ ပြောဆိုပြီး
ဆေးပင်ခူးလို့ ထွက်သွားတာပေါ့ဗျာ ။
ဒီလိုဖြစ်ပြီး ချက်ချင်းပဲ ရွာထဲ အဂ္ဂရိတ်ဆရာ တယောက်
ဖြစ်တဲ့ ဦးသာဂတိုး ရောက်လာပြီး သူလည်း " ကျွတ်. မုန်း. ဝင် " မြင်တဲ့အခါ ဝမ်းသာအားရ ပြောလိုက်တာကတော့
ဒီ " ကျွတ်. မုန်း. ဝင် " ရဲ့ အဓိပ္ပါယ်က . . .ကျား မင်း ကြွက် ၌
ဆဒ္ဒန်ရိုက်က ပြာလျှင်ကျသည် မုချနိဗ္ဗာန် ဝင်ကြောင်းတည်း"
လို့ ဆိုပြီး အဂ္ဂိရတ် စာချိုးကို မာန်ပါပါ ရေရွတ်ရင်း
"ကျွတ်"ဆိုတာက " ကျား " " မုန်း" ဆိုသည်ကိုတော "့ကြွက် " "ဝင် " ဆိုတာ ဆဒ္ဒန် လို့ မှတ်။ ဒါလုပ်ရပ်ကျမ်းအလို အတိုကောက်
ရေးမှတ်ထားတာပဲ ။အင်း ရွာထဲ ငါ့လောက်နီးနီးတော်တဲ့
အဂ္ဂိရတ် ဆရာတယောက်ရှိနေတာ မသိဘူး အံ့ရောပဲလို့
ရေရွတ်ပြီး ထွက်သွားချေရဲ့ ။
ဒီလိုနဲ့  ကျွတ်မုန်းဝင်ရဲ့ အဓိပ္ပါယ် တယောက်တမျိုး မရိုးအောင် အမျိုးမျိုးဖြစ်နေတာကို ဦးသုခလည်း ကြားသိရတာပေါ့။ နောက်တနေ့ နံနက်ရောက်တော့ မူလ " ကျွတ်. မုန်း. ဝင် " စာရေးသွားတဲ့ အရူးမောင်ညာ ဇရပ်ကိုရောက်လာပါလေရော. . .
အဖိုးအို ဦးသုခ လည်း ထုံးစံအတိုင်း အမှိုက်တွေကို
ရှင်းလင်း နေတာပေါ့ ။
အရူး မောင်ညာဟာ ဇရပ် လက်ရမ်းက"ကျွတ် မုန်း ဝင် "ဆိုတဲ့ စကားသုံးလုံးကို တွေတွေကြီး ကြည့်ပြီး အင်း ငါရေးမှတ်ထားတာလေး ရှိသေးလို့ တော်သေးရဲ့
မမေ့အောင် ပြန်ရွတ်မှပဲ " ကျွတ်"ဆိုတာက သီတင်းဝါလ
" ကျွတ်"ပြီ။ " မုန်း"ဆိုတာက
တန်ဆောင်းမုန်း ရောက်မယ်။ တန်ဆောင်းမုန်း
လရောက်ရင် " ဝင် " ဝင်္ကပါကန်မှာ မုန့် ဟင်းခါးကျွေးလိမ့်
မယ်။ မုန့်ဟင်းခါး ကျွေးချိန်နီးပြီ ဒဂျိ ဒဂျိ ဟ ဟ ဆိုပြီး ဇရပ် လက်ရမ်း အနီး သူဖွက်ထားတဲ့ မြေဖြူထဲကျိုးကို ယူလို့ အခြားတဖက် ဇရပ် လက်ရမ်းမှာ စိတ်ရူးပေါက်ရာ စာရေးဖို့ ဟန်ပြင်ပြန်လေရဲ့။
တံမြက်စည်း လှည်းနေတဲ့ အဖိုးအို ဦးသုခ လည်း
အရူးမောင်ညာ ပြောတာ အတိုင်းသားကြားတဲ့အခါ
ဇရပ်လက်ရမ်းတဖက် စိတ်ရူးပေါက်ရာ ရေးချင်ရာ အကျိုးမရှိ အားအားယားယား ထပ်ရေးဟန်ပြင်နေတဲ့မောင်ညာကို
ဟေ့ သောက်ရူးမောင်ညာ နင်က ရူးသလို ပေါသလိုနဲ့
ပေါက်ကရတွေ လူအများသွားလာရာ မြင်နေတဲ့နေရာမှာ
လာလာရေးတာ အားလုံး အကျိုးမရှိ အချိန်ကုန် အလုပ်ရှုပ်
ရတယ် နင့်အမေကလွှား ရူးတာတောင် ကောင်းကောင်း
မရူးဘူး လူတကာ ဒုက္ခပေးအုံးမယ့်အရူး ငါ့လက်နဲ့
တွေ့တာပေါ့ ဆိုပြီး အရူးမောင်ညာရဲ့ ကျောတွေ
ခြေသလုံးတွေကို တံမြက်စည်းစာ
ကောင်းကောင်း ကျွေးပြီး မောင်းထုတ်လိုက်ချေရဲ့။
ပြီးတဲ့အခါ လူ့ဘဝ ဦးကြာစွယ် အမည်ကနေ
ဦးဇင်းဝတ်နေရှာတဲ့ ကျောင်းထိုင်ဆရာတော်ကြီးကို
အရှင်ဘုရား ပေါက်ကရ လူအများသွားလာရာ မြင်နေတဲ့နေရာမှာ
လာလာရေးတဲ့ အကျိုးမရှိ အချိန်ကုန် အလုပ်ရှုပ်မယ့်
စာတွေဖြစ်တဲ့ "ကျွတ် မုန်း ဝင် "စာကို ဖျက်လိုက်ပါရစေဘုရားလို့
အကြောင်းစုံ တင်ပြပြီး လျှောက်ထားတဲ့အခါ
ဆရာတော် ဘုရားခမျာလည်း ဘာစာမြင်မြင်
နိဗ္ဗာန်အထိ ဥာဏ်တော်က ပေါက်နေလေတော့
စိတ်မသက်မသာ မိန့်တော်မူရှာတာက
" အိမ်း ဒကာကြီး သုခ "ကျွတ် မုန်း ဝင် " ကြီးတော့
ဖျက်လိုက်ပါတော့ ကွယ် " ဆိုပြီး "ကျွတ် မုန်း ဝင် "ကိစ္စ
အဆုံးသတ်ချေရဲ့ ။
…………………………………………………………………………………………
……………… …………………………………………… …… ……………………
့
သင်္ဂဇာဆရာတော် ဟောကြားသော
"ကျွတ် မုန်း ဝင် " အား
ကောက်နုတ် ရေးသားပါသည်။
မောင်သုခ
(14-Jun-2016)
No comments:
Post a Comment