" သံချောင်း နှင့် ငရုပ်သီး သုံးတောင့် "
မိုးသည် ချစ်သူနှစ်ယောက် တယောက်မျက်နှာကို
တယောက် အငမ်းမရ ကြင်နာမှုလွန်လွန်ကဲကဲနှင့်
ကြည့်နေကြသည့်နှယ် တစိမ့်စိမ့် တချိချိ တအိအိ တတိတိ တဂျိဂျိ မထိတထိ ရွာနေလေ၏။
တိမ်တို့သည်လည်း ယောဂီရောင် ညစ်ညစ်ဖြင့်
ဇရပ်အိုသို့ ကပ်သလို မှိုင်းညှို့နေသည်မှာ
အလွမ်းဓါတ်ခံရှိသူတို့ စိတ်နှလုံးနုံးချိ၍ မျက်ရည်စို့ဖွယ်။
ဤသို့ဤနှယ် ကဗျာဆန် လွမ်းဖွယ်ကောင်းသော
ညနေရီတရောတွင် သံချောင်းတယောက် ညစ်စုတ်နံစော်လှသော သေးငယ်သည့် ကျူးကျော်တဲအိမ်တလုံးအတွင်း
ဇနီးဖြစ်သူအား တပ်မတော်မှ လက်နက်ကြီးနှင့်
ပစ်ခတ်တော့မည့်နှယ် ကြိမ်းမောင်းပွက်လောရိုက်နေသည်မှာ
လော်စပီကာ အသံချဲ့စက်ဖြင့် ရက်ပါသီချင်းဖွင့်ထားသလို
အချက်ကျကျ စကားနာထိုးသံများဖြင့် မြန်မာပြည်မှ ရန်ကုန်မြို့ ညနေခင်းသည် တမူဆန်းနေတော့ပေ၏။
သံချောင်း၏ လိုအပ်နေသော အဓိကအနှစ်ချုပ်သည်ကား
အရင်းစစ် အမြစ်မြေကဆိုဘိနှယ် ငွေတရာ
ရရှိရေးပင်ဖြစ်တော့သည်။
ငွေတရာဟူသော စကားသံကြားရုံမျှဖြင့် စာရှုသူသည်
လွန်စွါနည်းပါးလှသည်ဟု မဆင်မခြင်တွေးမိချေက
အလွဲကြီးလွဲလေပြီ။အကြောင်းကား ၎င်းငွေတရာသည်
သံချောင်းအဖို့တော့ လောကနိဗ္ဗာန်သို့ ကူးတို့ခ
အရက်တခွက်စာ ဖြစ်နေသောကြောင့်ပင်။
သံချောင်း၏ ခန္ဓာကိုယ်ပိန်လှီသေးသွယ်သော်လည်း
ပုဏ္ဏကဘီလူး နတ်စစ်သူကြီးနှယ်
အဆဲအဆိုနှောသည့် ကြုံးဝါးသံတို့အား ဇနီးဖြစ်သူ
ပဲပြုတ်သည် ဂွမ်းစိန် မတောင့်ခံနိုင်တော့သည့်အဆုံး စိတ်တွင်တော့ သားတရားစီရင်ခန်းမှ မိခင်ရင်း သားငယ်ကို
ဘီလူးမထံ လက်လွှတ်သည့်နှယ် ပဲပြုတ်ရောင်းရထဲမှ
ငွေတရာကို နှုတ်မှ ဆူဆောင့်ဆဲဆို ကျိန်ဆဲ၍
ဘော်လီကြားမှ လျင်စွာထုတ်ကာ ဆောင့်ကြီးအောင့်ကြီး ဘူဒိုဇာအစိုးရနှယ် သံချောင်းထံ ပေးအပ်လိုက်လေတော့သည်။
သံချောင်းသည် ငွေတရာ လက်ဝယ်ရရှိသည်နှင့်
မှိုရသော မာမူမြတ်စိုးဟိန်းနှယ် တကြွကြွ တရွရွဖြင့်
လေးပေသာသာရှိသော ရွှံ့လမ်းကျဉ်းမှ ဆယ့်နှစ်ပေခန့်
ကျယ်သော ကွန်ကရစ်လမ်းကိုတက်ကာ
တလမ်းလုံး တဦးတည်းမောင်ပိုင်စီးလျက်
ဒယီးဒယိုင်ဖြင့် တာဝတိံသာ တက်သည့်နှယ်
အရက်ဆိုင်သို့ ချီတက်လေတော့၏။
ပုဆိုးနှစ်ဖက်မ၍ ဆယ်ရွာပိုင်သူကြီး ကွင်းဆင်းလာသည့်ဟန်ဖြင့်
အရက်ဆိုင်သို့ ဝင်ရန်ပြင်နေသော သံချောင်း၏
ရီဝေဝေ မျက်လုံးထဲသို့ အရက်ဆိုင်ဘေးကပ်လျက်
မုန့်တီဆိုင်မှ ရင်နင့်ဖွယ်မြင်ကွင်းသည် ချက်ကောင်းထိသည့်
မြှားနှယ် ခိုင်ခိုင်မြဲမြဲ စူးနစ်စွါ ဝင်ရောက်လေပြီ။
မိုးဖွဲဖွဲအောက်တွင် ညစ်ထေးပေါက်ပြဲနေသော
အဝတ်အစားများ ကိုယ်စီနှင့် ပါးနှစ်ဖက် ဖုတ် သဲ များတက်သဖြင့် မဲညိုညို အကွက် အကွက်
ချေးလက်လေးသစ် နှင့် ကလေးမနှစ်ဦး
မုန့်တီစားနေသူများအား အငမ်းမရ သားရေယို ငေးမောနေလေသည်။
ဆိုင်ရှင်အမျိုးသမီး၏ ဆဲဆိုသံနှင့် မတူမတန် အောင့်သက်သက်ကြည့်၍ မျက်နှာလွှဲနေကြသည့်
စားသောက်နေသူတို့ဟန်ပန်များသည် သံချောင်း၏
နှလုံးသားကို အပ်နှင့် တတိတိ စွသည့်နှယ် ဖြစ်ချေပြီ။
သံချောင်း၏ စိတ်နှလုံးသို့ ဝေသန္တရာထုံး ပူးကပ်လေပြီ။
သံချောင်းသည် ခြေတဖက်လှမ်းဝင်ပြီးသော အရက်ဆိုင်မှ
ဘတ်ဂီယာထိုး၍ ဆုတ်သည့်ကားနှယ် ဆွေ့ကနဲ နောက်လှည့်ကာ ခါးကြားမှ ငွေတရာကို
ထုတ်၍ မုန့်တီသည်မိန်းမထံ ပေးလိုက်ရင်း ပြည့်ရှင်မင်း
သန်လျက်ကိုင်၍ တရားစီရင် အမိန့်ချသလို ပြောကြားလိုက်သည်ကား >>>
သံ >>>
" ရော့ ငွေခင် အသုတ်တပွဲ .
ထုပ်ပြီး ဟိုကလေးနှစ်ယောက်ကို ပေးလိုက် !!
မြန်မြန်လုပ် မိုးသည်းလာမယ် ဒီကလေးနှစ်ယောက်
နင်လည်း ခေါ်ထားမှာ
မဟုတ်ဘဲ နဲ့ !! "
ငွေခင် >>>
" အို့ ခေါ်စရာလား အရက်စော် နံစော်နေတာပဲ
သူတောင်းစား နင်မြန်မြန်ကြွ နင့်မယားနှစ်ယောက်ကို
အသုတ်အခုသုတ်ပြီး ပေးလိုက်မယ် သွား မြန်ုမြန် ငါ့ဆိုင်ကနေ"
မုန့်တီသည် ငွေခင် ၏ တဗြစ်တောက်တောက်
စကားအဆုံး၌ သံချောင်းသည်
လျင်မြန်လှသော အမေရိကန် မရိန်းတပ်သားများနှယ်
အသုတ်ဆိုင် စတီးခွက်ထဲမှ ငရုပ်သီး သုံးတောင့်ကို
အမြန်အဆန် အချက်ကျကျ ပါးစပ်ထဲ ကောက်ထည့်
ရေတခွက်ကို " ဂွပ် " ခနဲ မော့၍ ဆယ့်နှစ်ပေကွန်ကရစ်လမ်းကို ခြင်္သေ့လည်ပြန်တက်ကာ ဒယီးဒယိုင် တဦးတည်း မောင်ပိုင်စီးပြီး
အိမ်ပြန်ခဲ့လေ တော့သည်။
မိုးသည် ချစ်သူနှစ်ယောက် တယောက်မျက်နှာကို
တယောက် အငမ်းမရ ကြင်နာမှုလွန်လွန်ကဲကဲနှင့်
ကြည့်နေကြသည့်နှယ် တစိမ့်စိမ့် တချိချိ တအိအိ တတိတိ တဂျိဂျိ မထိတထိ ရွာနေလေ၏။
တိမ်တို့သည်လည်း ယောဂီရောင် ညစ်ညစ်ဖြင့်
ဇရပ်အိုသို့ ကပ်သလို မှိုင်းညှို့နေသည်မှာ
အလွမ်းဓါတ်ခံရှိသူတို့ စိတ်နှလုံးနုံးချိ၍ မျက်ရည်စို့ဖွယ်။
ဤသို့ဤနှယ် ကဗျာဆန် လွမ်းဖွယ်ကောင်းသော
ညနေရီတရောတွင် သံချောင်းတယောက် ညစ်စုတ်နံစော်လှသော သေးငယ်သည့် ကျူးကျော်တဲအိမ်တလုံးအတွင်း
ငရုပ်သီး သုံးတောင့်တန်ခိုးဖြင့် လောကနိဗ္ဗာန်ကို
တခူးခူး တခေါခေါ ဖြင့် ခြေပစ်လက်ပစ် ဒူးပေါ် ပေါင်ပေါ် ပုဆိုးဖော်၍ ရောက်ရှိနေလေတော့သည်။
သံချောင်း၏ ချစ်လှစွါသော ဇနီးသည် ဂွမ်းစိန်လည်း
အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရသွားသည့် မြန်မာပြည်လို
အေးအေးချမ်းချမ်း ထမင်းအိုး တည်ရင်း မနက်ပဲပြုတ်ရောင်းရန်
အကြောင်းကို အကြံကြီးကြံလျက် တွေးတောနေလေတော့
သည် တကား ………………………
……………………………………………………
……………………………………………………………
မောင်သုခ
(15-Jun - 2016)
No comments:
Post a Comment