Sunday, July 17, 2016

☝" အမျိုးစောင့်သည်ဟု ဆိုကြရာဝယ် "☝

☝" အမျိုးစောင့်သည်ဟု ဆိုကြရာဝယ် "☝

ယနေ့ ခေတ်အခါသမယ  မြန်မာပြည် တခွင်၌
အလွန်ခေတ်စားနေသော စကားမှာ
"အမျိုးစောင့်တာကွ"  "ဘာသာစောင့်တာကွ"
"သာသနာစောင့်တာကွ "ဟု လူတို့ ကိုးကွယ်ရာ သံဃာ များဖြစ်ကြသည့် သင်္ကန်းတပိုင်း အသိုင်းအဝိုင်း များနှင့်တကွ
အမျိုး ဘာသာ သာသနာ ချစ်ကြသော
လူပင်လယ်လှိုင်း အချို့ကပါ တက်တက်ကြွကြွ
ကြွေးကြော်လာသည့် စကားပင်ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်သည်မှာ
မည်သို့ ဖြစ်သနည်း …???
မည်သို့ ပြုလုပ်ကြရမည်နည်း…??? ကို ဂဃဏန သိရှိရန်
ဆန်းစစ်ကြပါစို့ ။

" မြတ်စွါ ဘုရားရှင် အမျိုး ဘာသာ သာသနာ ကို
စောင့်ရှောက်ခြင်း "   

မြတ်စွါဘုရားရှင်သည် အမျိုးကို စောင့်ရှောက်ရာ၌
တရားနှင့်အညီ စောင့်ရှောက်ခြင်းကို ရောဟဏီ မြစ်ရေပြဿနာ
ကြောင့်  ကပိလ၀တ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့အကြား မြစ်ရေကို “သူတို့သာ ရသင့်တယ်။ ငါတို့သာ ရသင့်တယ်” ဟု အချင်းများကာ အဝေမတည့်ဖြစ်ကြပြီး တုတ်ဆွဲ၊ ဓားဆွဲ ရိုက်နှက်ကြသည်အထိ ဖြစ်ကာ နောက်ဆုံး နှစ်ပြည်ထောင်မင်းတို့ ပါဝင်လာပြီး စစ်တပ်ကြီးများချီလျက် ရောဟဏီမြစ်ကမ်းသို့ စစ်ပွဲကြီးဆင်နွှဲရန် ရောက်ရှိလာသည့်
အဖြစ်အပျက်တွင် ထင်ရှားစွါ မြင်တွေ့ရပါသည်။

ရေကိုအကြောင်းခံလျက် စစ်ခင်းကြမည့် ထိုနှစ်ပြည်ထောင်သည် သာကိယနွယ်ဝင် ဗုဒ္ဓ၏ဆွေမျိုးများဖြစ်ကြ၏။ ဘုရားရှင်သည် ဆွေမျိုးများအား တရားနှင့်အညီ မှတ်သားဖွယ်
မိန့်ကြားသည်မှာ.,

“မင်းအပေါင်းတို့ လူသားတို့ အချင်းချင်းခိုက်ရန်ဖြစ်ပွား အချင်းများ တိုက်ခိုက်ခြင်းသည် ဥစ္စာပစ္စည်းနှင့် လူ့အသက်တို့သာလျှင် ပျက်စီးဆုံးရှုံးရ၏။ မည်သည့် ကောင်းကျိုးမျှ မရှိ"

ဤသည်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး
မိန့်ကြားချက်ဖြစ်လေသည်။ဤမိန့်ကြားချက်ကို ကြည့်ရုံဖြင့်
ဘုရားရှင်သည် လူသားအချင်းချင်း ခိုက်ရန်ဖြစ်ပွား အချင်းများ တိုက်ခိုက်ခြင်းကို မည်သည့်ကောင်းကျိုးမှ မရှိ
ပျက်စီးဆုံးရှုံးမှုသာရှိ၍ မလိုလားတော်မူကြောင်း လယ်ပြင်တွင် ဆင်ဖြူတော်သွားသည့်ဟန် ထင်ရှားလွန်းလေ၏ ။

ဘုရားရှင်သည် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့်အရပ်သို့ သွားရောက်ပြီးလျှင် စစ်ပြေငြိမ်းစေသောငှာ ခိုက်ရန်၏ ဆိုးပြစ်များကိုပြဆိုသော ( ဖန္ဒနဇာတ်၊ ဒုဒ္ဒုဘဇာတ်၊ လဋုကိကာဇာတ် )တို့ကို ဟောကြား၍ စစ်ပွဲကိုပြေငြိမ်းစေ၏။
ထို့အပြင်  ညီညွတ်ခြင်း၏အကျိုးကိုပြဆိုသော (ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ် )တို့ကို ထပ်မံဟောကြားပြီး ညီညွတ်ခြင်းကို ဖြစ်စေ၏။
အလားတူပင်  မိမိတို့၏ မကောင်းသောအကျင့်ကြောင့် မိမိတို့ရော သူတစ်ပါးတို့ပါ ဒုက္ခရောက်ကြရသော ( အတ္တဒဏ္ဍသုတ် )ကို ဆက်လက်ဟောကြားပြီး ရောဟဏီမြစ်ရေ ပြဿနာကို
ပြေငြိမ်း အေးချမ်းစေ၍ တရားနှင့်အညီ ညီညွတ်စေခြင်းဖြင့်
အမျိုးကို စောင့်ရှောက်ခဲ့လေသည်။ဤသည်မှာ
မြတ်စွါဘုရားရှင်၏ ခိုက်ရန်ဖြစ်ပွါး ပျက်စီးအကျိုးမဲ့မှု ပြေငြိမ်း ညီညွတ်စေခြင်းဖြင့် အမျိုးကိုစောင့်ရှောက်ခြင်းဖြစ်၏။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားသော
" အမျိုး နှင့် မျိုးစောင့်တရား "  

ချည်ခင်ကို မရှုပ်ထွေးရအောင် အထိန်းက
စောင့်ရှောက်ဘိသကဲ့သို့ အမျိုးတရားက အမျိုးကို
စောင့်ရှောက်သည်။အူထိန်းမရှိသော ချည်ခင်သည်
ဖရိုဖရဲဖြစ်သကဲ့သို့ အမျိုးစောင့်တရား ပျက်ကွက်သောအခါ
အမျိုးလည်း ဖရိုဖရဲ ဖြစ်ချင်တိုင်းဖြစ်၍ ပျက်စီးလေသည်။
လူတိုင်းပင်လျှင် မိမိတို့အမျိုးကို ချစ်ခင်လေ့ရှိကြကုန်၏။
မိမိတို့ အမျိုးပျက်စီးတိမ်ကောသည်ဆိုလျှင် ဝမ်းနည်းတတ်ကြ၏။
မိမိတို့ အမျိုးကို ထိခိုက်လျှင် မခံချင်ဘဲ ရှိတတ်ကြ၏။

" ဤသို့ ဖြစ်လေ့ရှိသည်မှာ တကမ္ဘာလုံး၏ ဓမ္မတာသဘောပင်
ဖြစ်လေသည်"

တိရစ္ဆာန်များပင် ဖြစ်စေကာမူ မိမိတို့၏ အမျိုးဇာတ်ကို
ခင်မင်လေ့ရှိကြကုန်၏။အမျိုးကို ခင်မင်တွယ်တာလေ့မရှိဘဲ
မိမိအကျိုးစီးပွါးကိုသာ ငဲ့ကွက်ကြည့်ရှု၍ အမျိုးကို ညှာတာလေ့
မရှိသူသည် ကမ္ဘာ့ဓမ္မတာအားဖြင့် ရိုင်းစိုင်းသည်ဟု၍
ဆိုအပ်လေ၏။

အမျိုးအားနှင့်စပ်၍ စဉ်းစားဆင်ခြင်သောအခါ
တမျိုးသားလုံးကို မိမိတယောက်တည်းကဲ့သို့ ထင်မြင်ရာ၏။
တယောက်ကိုဆဲလျှင် အများအဆဲခံရသည်။တယောက်အကဲ့ရဲ့
ခံရလျှင် အများအကဲ့ရဲ့ခံရသည်ဟု မှတ်ယူကာ
မိမိ အပြုအမူ အပြောအဆိုတို့အား တမျိုးသားလုံးနှင့်
ပက်သက်သည့်နှယ် ဆင်ခြင်ထိန်းသိမ်းရမည်။
နှုတ်ကမည်ကဲ့သို့ပင်  ဝံသာနုရက္ခိတစကား တိုင်းကျိုးပြည်ကျိုး
စကားကို တဖွဖွ ပြောကြားစေကာမူ ဆိုခဲ့ပြီးသောအတိုင်း
စိတ်စွဲ ထိခိုက်၍ မိမိ  အပြုအမူ အပြောအဆိုတို့အား
ဆင်ခြင်ခြင်းမရှိလျှင် အပြောနှင့် မနောသဘောချင်း
ဖီလာဖြစ်၍နေရန်သာ အကြောင်းရှိ၍ မိမိ အမျိုးကို မိမိ
ဖျက်ဆီးသူသာ ဖြစ်ချေမည်။

ယခုအခါ ကျွနုပ်တို့ မြန်မာနိုင်ငံမှာ အမျိုးသားနှင့်စပ်ဆိုင်သော
မေတ္တာ ဂရုဏာ များသည် နှုတ်ဖြင့်ပြောကြား စာဖြင့်ရေးသား
ကြသည်နှင့်အညီ အပြောနှင့် အကျင့် အဟုတ်အမှန်ထွန်းကား၍ လာကြပါလျှင် တိုင်းသူပြည်သားများ လွန်စွါညီညွတ်၍ ကြီးပွါးခြင်း အခြေအနေသို့ ရောက်သင့်တန်လေသည်။

" အမျိုးပျက်ဆီးပုံ ဖျက်ဆီးသည် မည်ပုံ " 

မကောင်းယုတ်ညံ့သော တရားဆိုးများ တိုးပွါး၍
လာသောအခါ အမျိုးသည်လည်း ပျက်စီး၍ လာတတ်လေ၏။
အမျိုးပျက်စီးသောအခါ အမျိုးတို့၏ အလေ့အကျင့်များသည်
ပျက်ပြားဆုတ်ယုတ်လာလေ၏။ထိုစကားမှန်၏။
မိမိတို့ အမျိုးဆုတ်ယုတ်လေသည် ရှိသော် အမျိုး၏ အလေ့အကျင့်
ကိုပင် မကောင်းထင်၍ လာတတ်သည်။ထိုသို့ မကောင်းထင်ခြင်း
အားဖြင့် မိမိအမျိုး အလေ့အကျင့်ကို မလိုက်နာဘဲ
တိုင်းတပါးတို့၏ အမူအကျင့်ကို ကောင်းမွန်သည်ဟု ထင်မှတ်စွါဖြင့်
ထိုအမူအရာများကို အတုခိုးလေ၏။ဤသို့ အမျိုးကွဲတို့၏
အကျင့်ကို အတုယူ၍ ပြုကျင့်ခြင်းအားဖြင့် တစ်စတစ်စ
မိမိတို့အမျိုးကို ဖျက်ဆီးသည်ပင်မည်၏။

?နိဂုံးချုပ်အမှာ 

စာရှုသူ သူတော်ကောင်းတို့ အမျိုးစောင့်သည်ဆိုသည်မှာ
အဘယ်နည်း ဆိုတာကို သိမြင်လောက်ပြီဟု
မြင်မိပါသည်။ အမျိုးကို ချစ်၍ အမျိုးစောင့်လိုသူသည် မိမိ၏
ကိုယ် နှုတ် စိတ်ကို ဦးစွါ စောင့်စည်းရပေမည်။
မိမိ အမျိုး၏ ယဉ်ကျေးမှု အလေ့အကျင့်ကို မပျောက်ပျက်အောင်
ပြုမူ နေထိုင်ကြရပေမည်ဟု မြင်မိကြောင်း ရေးသားရင်း
နိဂုံးချုပ်လိုက်ပါသည်။

မောင်သုခ
မျှဝေသည်။
(25-4-2016)

No comments:

Post a Comment