" သူရဲလေလော လူလေလော "
သီဟ သည် သူရဲမကြောက်တတ်။သီဟ အကိုတဝမ်းကွဲ
ဖြစ်သူ ကျော်ကြီးသာ သူရဲအလွန်ကြောက်တတ်သူ။
သီဟ နှင့် ကျော်ကြီး ဆယ်တန်းအတွက်
ဆရာသုခ ကျူရှင်တွင် ညသွားသွားအိပ်ကာ
စာကျက်သည်မှ အစပြု၍
ဤ " သူရဲလေလော လူလေလော "
ပြဿနာ ပေါ်ပေါက်ပေတော့သည်။
တည သီဟl ကျော်ကြီး နှင့် သူငယ်ချင်းတယောက်
စာကျက်နေစဉ် မြန်မာပြည်ထုံးစံအတိုင်း မီးပျက်သည်နှင့်
ချမ်းချမ်းဖြင့် ကျူရှင်အပြင်ထွက် လေညှင်းခံကာ
ခေတ္တ နားနေကြသည်။ညဥ့်ကလည်း အတော်နက်ချေပြီ။
ကတ္တရာ လမ်းတလျှောက် ကား l လူ ရှင်းလင်းနေပြီး
အမှောင်ထုက ကြီးစိုးထားသဖြင့် ခပ်လှမ်းလှမ်းအထိ
အမြင်မသဲကွဲ။
သီဟသည် ပိန်လှီသေးသွယ်သော ကိုယ်ရှိ၍
ချမ်းတတ်သူဖြစ်ရာ စောင်တထည်ကို ခြုံထားလေသည်။
စောင်ကို ရိုးရိုးခြုံသည်မဟုတ် ခေါင်းမှစွပ်ကာတကိုယ်လုံး
လုံခြုံအောင် ခြုံထား၏။
ထိုအခိုက် ခွေးတို့သည်လည်း ရှေ့ဆင့်နောက်ဆင့်
ဆွဲဆွဲငင်ငင် အူလာချေရာ ကျော်ကြီးလည်း ကြောက်သဖြင့်
အဖော်သူငယ်ချင်းဖြစ်သူ ဇော်မျိုးသက်အား ဆွယ်၍
ကျူရှင်အတွင်း ပြန်ဝင်လေ၏။
သီဟ ကိုလည်း ပြန်ဝင်ကြစို့ဟု ခေါ်လေရာ
အပေါ့သွားပြီး ယခုလိုက်ခဲ့မည် ဝင်နှင့်ချေဟု ဆိုသဖြင့်
ကျော်ကြီး နှင့် ဇော်မျိုးသက် နှစ်ယောက်သား
ကျူရှင်အတွင်း စကားတပြောပြောဖြင့် ပြန်သွားလေတော့သည်။ကျန်ခဲ့သည်က သီဟ ။
သီဟ လည်း ကားလမ်းတဖက် ပလက်ဖောင်းကူးကာ
အပေါ့သွားပြီး ကျူရှင်တွင်းပြန်ဝင်ရန် ကားလမ်းပြန်ကူးရာ
လမ်းအလယ်အရောက် ညာဘက် ခပ်လှမ်းလှမ်းမှ
လူတယောက် စီးထားသော ဖိနပ်ကိုကုန်းကိုင်ပြီး
သီဟ ကို မှောင်မှောင်မဲမဲကြား မျက်လုံးစိမ်းစိမ်းနှစ်လုံးဖြင့်
ကြည့်နေသည်ကို မြင်လေ၏။ဤလူ အမူအရာ
ထူးခြားပေစွ အသို့နည်း ..??? အော် သိပေပြီ။
စောင်ကို ခေါင်းမှနေ၍ တကိုယ်လုံးခြုံထားသော
မှောင်မှောင်မဲမဲ သန်းခေါင်ယံညဥ့်နက်ကြားမှ
သီဟအား ထိုလူ သူရဲဟု ထင်လေပြီ။
သီဟ လည်း ခပ်တည်တည်ဖြင့် လမ်းလယ်တွင်ရပ်ခါ
လက်နှစ်ဖက်ကို မြှောက်ချည် နိမ့်ချည်ဟန်ပြု၍
ငှက်များပျံသည့် သဏ္ဍာန်လုပ်ကာ အမှောင်ထဲမှ လူအား
အကဲခပ်၏။ဝုန်းခနဲဆိုပင် အမှောင်မှ ဖိနပ်ကိုင်၍
သီဟကို ကြည့်နေသော ယိုင်တိုင်တိုင်လူသည်
ဒရောသောပါး ကြောက်လန့်တကြား သူရဲ သူရဲ သူရဲ ဟု
အော်၍ သုတ်ချေတင် ပြေးလေတော့သည်။သီဟ လည်း
ကျူရှင်အတွင်း ပြန်ဝင်၍ ထိုအကြောင်းတွေးမိတိုင်း
သဘောကျ၍ တခစ်ခစ်ရီကာ စာကျက်ပြီး
အိပ်လေတော့၏။
မနက်မိုးလင်းတော့ တရပ်ကွပ်လုံး ဟိုးလေးတကျော်ကျော်
သတင်းပျံ့နေသည်မှာ ကျူရှင်အနီး
သူရဲခြောက်သည့်အကြောင်းပင် ။အခြောက်ခံရသူမှာ
ဥက္ကဋ္ဌ ဦးမိုးမြင့်၏ သားဖြစ်သူ မောင်မျိုးချစ်ဖြစ်ပြီး
သူရဲကို သူသေသေချာချာမြင်တွေ့ကြောင်း
သောက်ထားသမျှ အမူးပြေလောက်ဖွယ် ကြောက်ရွံ့မိ၍
မူးပြီး ထင်ရာ မြင်ရာ မဟုတ်။ဧကန်မုချ သူရဲဖြစ်ကြောင်း
အခိုင်အမာ ဆိုလေရာ ရပ်ကွက်လူအားလုံးလည်း
အံ့အားသင့်၍ ယုံကြလေ၏။ဤနေရာ တဝိုက်
ဆိုင်ကယ်မှောက်သေသူ ဆိုင်ကယ်တိုက်သေသူကလည်း
အများသား ဖြစ်နိုင်လောက်သည်ကိုး ။သီဟလည်း
မည်သူမျှ ဒီကိစ္စ မပြော။ဖာသိဖာသာ နေလိုက်လေ၏။
ထူးခြားသည်မှာ နောက်ရက် နောက်ရက်များတွင်
ဆက်တိုက် ဆက်တိုက်ဆိုသလို ရပ်ကွက်နေသူများ သူရဲ
ခြောက်ခံရခြင်းပင်။အခြောက်ခံရလျှင်လည်း ကျူရှင်အနီး
စောင်ခေါင်းမူးခြုံသရဲ ။ဘာမှတော့ မလုပ် သူ့သွင်ပြင်ကကို
ကြောက်စရာ။လန့်စရာ ထိတ်စရာ။အခြောက်ခံရသူ
အချို့ ဆေးခန်းပင်ရောက်၏။
ယခုတခါ အကြောက်ကြီးသူမှာ ကျော်ကြီး။
ကျော်ကြီး ကျူရှင်တွင် မအိပ်ရဲတော့။သူရဲသတင်းကြောင့်
အိမ်ပြန်အိပ်လေပြီ။ဇော်မျိုးသက်လည်း မအိပ်တော့။
သီဟ လည်း အဖော်မရှိတော့၍ အိမ်သာပြန်အိပ်လေတော့သည်။
ဆန်းကြယ်သည်မှာ ပထမဦးဆုံးည မျက်နှာပြောင်သည်က
သီဟ မှန်၏။နောက်ညတွေ သူလုံးဝ ကျူရှင်အပြင်မထွက်။
ဒါဆို သူရဲခြောက်သည်မှာ မည်သူနည်း ???
စဉ်းစားမရ တရပ်ကွက်လုံးလည်း လန့်နေကြပြီ။
မဖြစ်ချေ ကိုယ်မွှေးသည့်မီး ကိုယ်ငြှိမ်းရမည်။
ဒီညတော့ သူရဲခြောက်သူကို ဖော်ထုတ်ကာ
ထပ်မလုပ်ဖို့တားမည်။သီဟ ယနေ့ည သူရဲဖမ်း
တော့ပေမည်။
ညကလည်း မည်းမည်းမှောင်နေ၏။ခွေးတို့ကလည်း
စည်ပင် အဆိပ်မချခင် တဝကြီး အော်ဟစ်သည့်ဟန်ဖြင့်
အသံကုန်ဟစ်ကာ ရပ်ကွပ်ကို ခြောက်ခြားစေသည်။
အချင်းချင်း ကိုက်ကြ ခဲကြ ဆူကြ ညံကြတော့၏။
အသံပြန်လည်တိတ်သွားချေပြီ။ရပ်ကွက်နေသူများလည်း
ညဥ့်နက်သန်းခေါင် အိပ်မောကျနေပြီ။မအိပ်သည်က သီဟ။
ကျူရှင်အနီး အနား မျက်စိဒေါက်ထောက်ကြည့်လေ၏။
သူရဲဖမ်းရမည် မဟုတ်လော။လက်မှာ ဂွကလည်း
အဆင်သင့်။သူရဲ ဖြစ်ဖြစ် လူဖြစ်ဖြစ် ပေါက်ကရလုပ်က
ပစ်မည်။
တွေ့ပေပြီ သူရဲဟန်ဆောင်သည့် သကောင့်သား။
ကားလမ်း အလယ်တွင် သီဟ လုပ်ဖူးသလို
စောင်ကိုခေါင်းထိခြုံ၍ လက်ကို နိမ့်ချည်
မြင့်ချည်လုပ်နေလေ၏။
သီဟလည်း အနားသွား၍ စကားပြောရန် ပခုံးကိုကိုင်၍
မိမိဖက်ဆွဲအလှည့် မြင်လိုက်ရသည့်မျက်နှာမှာ........,
မိမိ မျက်နှာပင် ဖြစ်နေလေတော့သည်။အံ့သြစရာပင်
မိမိတွင် အမွှာမရှိ အကိုတယောက်ရှိသည်ကလည်း
ဖြူဖြူ ချောချော ကိုရီးယားမင်းသားရုပ်။သီဟက
အသားညို၍ ပိန်၏။ယခု သီဟ တွေ့နေသည်မှာ
မိမိနှင့် အသားအရေ မျက်နှာ ကိုယ်လုံးဟန် တထပ်တည်းမှ
တကယ့်ကို တထပ်တည်း။သီဟ သူရဲအခြောက်ခံရပြီလော။
သီဟ နဲနဲလေးမှ မကြောက်။သူရဲလည်း ဂွနှင့်ဆော်မည်။
ညလူ၏ ပခုံးအား ကိုင်ထားသော ညာလက်ကို
ခပ်ဆတ်ဆတ်တွန်းပြီး မေးလိုက်၏။
" မင်း ဘယ်သူလဲ ဟျောင့် " ။
ညလူလည်း သီဟကို အေးစက်စက်ပြန်ကြည့်၍
ဘာမှ ပြန်မပြော။ခဏ အကြာ ကြောက်မက်ဖွယ်
အသံနက်ကြီးဖြင့် တဟားဟား အော်ရယ်ကာ
ကျူရှင်အတွင်းသို့ တရွေ့ရွေ့ဝင်သွားလေတော့သည်။
ကျူရှင်တံခါးက ပိတ်ထားလျက် ။တံခါးအနီးအရောက်
ညလူလည်း ပျောက်သွားလေတော့၏။သီဟ လည်း
ကျူရှင် တံခါးဝကို ပြေးသွားကာ ဟိုဒီ ရှာကြည့်၏။
အရိပ် အယောင်မျှမတွေ့။
" သူရဲ လေလော လူလေလော " ...?????
ဤမေးခွန်းသည် ဖြစ်ရပ်မှန် ပဟေဠိ
တပုဒ်ဆိုသည်ကိုတော့ မည်သူသိပါမည်နည်း ..????
ထိုရပ်ကွက်တွင် ကျူရှင်အနီး သူရဲကလည်း ခြောက်မြဲပင်။
သူရဲ ဆိုသည်ထက် သီဟ သေချာသိသည်မှာ
မိမိနှင့် တထပ်တည်း ရုပ်သဏ္ဍာန်တူသည့် အရိပ်လှိုင်းတခု
အချိန်မှန် လှုပ်ရှားသက်ဝင်နေခြင်းပင်။သူ့ကို ဖမ်းချုပ်မရ။
သူသည် ဟက်ဟက် ပက်ပက် ရယ်မောတတ်၏။
အေးစက်စက် ကြည့်တတ်၏။လူတွေကို ကစားစရာလို
ခြောက်လှန့်တတ်၏။သူသည် သီဟကဲ့သို့ပင်
သူရဲ မကြောက်တတ်။သို့သော် သူသည် သီဟ မဟုတ်။
သူသည် " သူရဲ လေလော လူလေလော "....??????
……………………………………………………………………………………………………………………………………………………………………………………………
မောင်သုခ
(26 - Jun-2016)
No comments:
Post a Comment