Sunday, July 17, 2016

" မြိုင်သာယာရွာမှ အရက်သမားများ "

" မြိုင်သာယာရွာမှ အရက်သမားများ "

မြိုင်သာယာရွာသည် ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်
ပြည်တော်သာဆည်၏ ကားလမ်းမ လက်ဝဲဘက်
မျက်စောင်းခပ်နာနာ ထိုးသောနေရာတွင် ရှိ၏။
ရွာသူကြီးကား ဘစီ။

ယနေ့ သူကြီးဘစီအိမ်တွင် အရေးပေါ်အစည်းအဝေးရှိသည်။
ရွာထဲမှ လူကြီးသူမ ဂုဏ်သရေရှိများ စုဝေးနေကြ၏။
အစည်းအဝေး ခေါင်းစဉ်မှာ အရက်ဆိုင်နှင့် အရက်သမားများ
ပြဿနာ ဖြစ်သည်။

ရွာထဲတွင် အစိုးရမင်း၏ ကျေးဇူးတော်ကြောင့် အမိန့်ရ
အရက်ဖြူဆိုင် တဆိုင်ကို ရွာသားတရုတ် အရှောင်မှ ဖွင့်လိုက်၍
မြိုင်သာယာရွာနှင့် အနီးအနားရွာမှ ကလေး လူကြီးများ
တက်ညီလက်ညီ ပြည်သူ့တာဝန်ကို အားကြိုးမာန်တက်
ကိုယ်စီတာဝန်ယူသည့်အလား
အမိန့်ရ အရက်ဆိုင်တွင် အရက်သောက်လာကြခြင်းပင်။
ဒီတွင် မြိုင်သာယာရွာ၏ ပြဿနာ စချေပြီ။

တလောက  ရွာသား တယောက်ဖြစ်သည့် အသက်သုံးဆယ်အရွယ်
ဂျော်ကြီး သေလေ၏။ရိုးရိုးသေက ပြဿမာ မဟုတ်။အရက်
သောက်၍ သေသည်က ပြဿနာ ။

ရွာထဲ တခြားအသက်နှစ်ဆယ်ကျော် အရွယ်
ကလေးများ အပြင် ဘေးရွာမှ အလယ်တန်းကျောင်းသားလေးများလည်း
မသိမသာအရက်ဝယ် ဆည်ထဲအရက်သောက်၍ ရေဆင်းကူးရာ
ကလေးတယောက် ရေနစ်သေလေ၏။ရိုးရိုးရေနစ်သေက ပြဿမာ မဟုတ်။
အရက်သောက် အရက်မူး၍ ရေနစ်သေတာက ပြဿနာ။

တရက် အရှောင်၏ အမိန့်ရ အရက်ဖြူဆိုင်တွင်
ရွာငါးရွာမှ လူမိုက်များ သောက်စားရမ်းကား၍ မြိုင်သာယာရွာနေ
လူမိုက်ဖိုးညီ၏ တပည့် တာတီးမှ ဓားဖြင့်လိုက်ခုတ်ရာ
အပြန်အလှန် ခုတ်ထစ်ကြလေတော့သည်။တာတီးထောင်ကျ ၍
ညောင်ဝိုင်းရွာနေ လူမိုက်မိုးကြီးသေလေ၏။လူမိုက်ချင်း
ချကြသည်က ပြဿနာ   မဟုတ်။မြိုင်သာယာရွာ အရက်ဆိုင်တွင်
အရက်သောက်၍ မူးရူးပြီး ဖြစ်သည်က ပြဿနာ    ။
အရှောင်မှာ လူလည် တရုတ် တရုတ် လူလည်
သူ့အရက်ဆိုင်မှ ပြဿနာ    အပေါင်း စတင်သည်မှာ
သတင်းအစအနမှမထွက်။

အရင်းစစ် အမြစ်မြေက ဆိုသလို သူကြီး ဘစီ တာဝန်မကင်းဟု
ခံစားရ၏။ဒီကိစ္စကို ဖြေရှင်းရမည်။ရွာထဲနေ  မိမိငယ်သူငယ်ချင်း
လူမိုက်ဖိုးညီ  l မူကြိုဆရာ ကိုသီလ l အငြိမ်းစား ကိုလှရွှေ l
ဆယ်အိမ်ခေါင်း သာဂိ lသူဌေးကြီး ဦးရွှေဘော် lနိဗ္ဗာန်ဆော်
ဦးသူတော် အစရှိသည့် ရွာမှ အားထားရမည့် လူများနှင့်
တိုင်ပင်ဆွေးနွေး လေတော့သည်။အဆုံးသတ် အဖြေထွက်သည်မှာ
အရှောင်၏ အမိန့်ရ အရက်ဆိုင်တွင် သူကြီးဘစီ အပါအ၀င်
ဆွေးနွေးပွဲ၌ ပါဝင်သူများ အလှည့်ကျ ကင်းစောင့် တာဝန်ယူ၍
မြိုင်သာယာရွာအတွင်း အရှောင်၏ အမိန့်ရ အရက်ဖြူဆိုင်မှ
စတင်၍ ပြဿနာ   မီးစပွား၍ မဖြစ်သင့်သည် မဖြစ်အောင်
ထိန်းသိမ်းကြရန်ပင်ဖြစ်တော့သည်။...........
.........................................................................................

နှစ်နှစ်ခန့်ကြာသော်
တရုတ် အရှောင်၏ အမိန့်ရ အရက်ဖြူဆိုင်တွင်
လူခုနှစ်ယောက် အရက်ဝိုင်းတ၀ိုင်းတည်းတွင် ထိုင်၍
ရှေးဟောင်း နှောင်းဖြစ်နှင့် လတ်တလောအကြောင်းအရာများ
ပြောနေကြ၏။

မြိုင်သာယာရွာတွင်
လူငယ်များ အရက်မသောက်တော့သည့်အကြောင်း
ဆည်ထဲတွင် အရက်မူး၍ ရေမကူးကြတော့သည့်အကြောင်း
အရှောင်၏ အမိန့်ရ အရက်ဖြူ ဆိုင်တွင် စည်းကမ်းတကျ
အရက်သောက်တတ်ကြပြီ ဖြစ်၍ ခိုက်ရန်မဖြစ်ပွား
တော့သည့် အကြောင်း .,စသည် စသည်
စသည်ဖြင့် ဖြစ်လေတော့သည်။

ထိုလူခုနှစ်ဦး၏  အရက်ဝိုင်းသည်
ထမင်းစားချိန်မှ အပ မနက်ဆိုင်ဖွင့်သည်မှစ၍
ညဆိုင်ပိတ်ချိန်အထိ နေ့စဉ် ရှိတတ်ပြီး
အရက်လာဝယ်မည်ကြံသည့် ကလေး များသည်လည်းကောင်း
အော်ကြီးဟစ်ကျယ် ပြဿနာ  ရှာရန် ပြင်သည့်
အရက်သမားများသည်လည်းကောင်း
ထိုအရက်ဝိုင်းကို စွေစောင်းစွေစောင်း ချောင်းမြောင်း
ကြည့်ပြီး သကာလ အေးအေးလူလူ လှည့်ထွက်သွားသည်ချည်း
ဖြစ်လေတော့သည်။

ထိုအရက်ဝိုင်းရှိ အရက်သမားကြီး
ခုနှစ်ယောက်မှာတော့ စာဖတ်သူများသိကြသည့်အတိုင်း
မြိုင်သာယာရွာ သူကြီးဘစီနှင့် လက်တွဲဖော်များဖြစ်သည့်
သူကြီးဘစီ၏ ငယ်သူငယ်ချင်း လူမိုက်ဖိုးညီ l
မူကြိုဆရာ ကိုသီလl အငြိမ်းစား ကိုလှရွှေ l
ဆယ်အိမ်ခေါင်း သာဂိ lသူဌေးကြီး ဦးရွှေဘော် lနိဗ္ဗာန်ဆော်
ဦးသူတော် အစရှိသည့် ရွာမှ အားထားရသော
ဂုဏ်သရေရှိ လူကြီးလူကောင်းများအဖြစ်မှ
ရပ်ရွာအရေးအားထုတ်ရင်း အရှောင်၏ အမိန့်ရ အရက်ဖြူ
အရသာကို အခြားအရက်သမားများနည်းတူ သိသွားကြသော
အရက်သမားသူတော်ကောင်းကြီး
ခုနှစ်ယောက်ပင် ဖြစ်လေတော့သတည်း ................................
..........................................................................................
...........................................................................................
                                            မောင်သုခ
                                          ( 26- Jun- 2016)

No comments:

Post a Comment