Sunday, July 17, 2016

" ကြွက်လုပွဲ "

"  ကြွက်လုပွဲ "

တာတီးသည် လေးတန်းကျောင်းသား ။
လူရည်လည်သလို  လူရာ လူရေး ဂျင်လိုလည်သူ။
ယနေ့ကျောင်းပိတ်ရက်။အများသူငါလို ကျူရှင်မတက်နိုင်။
အာရုဏ်ဦးလျှင် ဘူတာအနီး ကြွက်သုတ်ကိုင်းများ
အမေ့ကိုကူ၍ သိမ်းဆည်းရမည်။

အဖေကတော့ ညဥ့်နက်အထိ မူးကောင်းခဲ့၍ နေမြင့်သည့်တိုင်
အိပ်ရာမှ ထနိုင်မည်မဟုတ်။မြန်မာပြည် ရန်ကုန်မြို့၏
အပေါဆုံး အများဆုံး ရောင်းအားအကောင်းဆုံး 
ဘီယာ အရက်ဆိုင်များထဲမှ တဆိုင်ဖြစ်သည့် အစုတ်ဆုံး
အညစ်ပတ်ဆုံး ဘူတာအနီး"မြန်မာပြည်သား" အရက်ဆိုင်တွင်
အဖေသောက်နေကြ။

အဖေ မူးလာလျှင် အမြဲပြောနေကြကား >>>
"မြန်မာပြည်ကျား မြန်မာပြည်သား မှာ
အရက်သောက်  မူးလာတော့ လေးဖက်ထောက်
မြန်မာပြည်မှာ နွားတယောက် " ဤသို့ ဤသို့
သီချင်းလိုလို ကဗျာလိုလို အဖေမူးရင် အထပ်ထပ် ရွတ်၏။
ထို့နောက် ပြောတတ်သေး၏။ "အစိုးရက တရားဝင်
အရက်ဆိုင်ဖွင့်ခွင့် အရက်မူးခွင့် ပေးထားတဲ့
မြန်မာပြည်ဟာ နတ်ပြည်မှာ နတ်စည်းစိမ်ခံရသလို
အို အို သာပေစွ သာပေစွ ။အစိုးရမင်းများလည်း ကျန်းမာစေ။
တာတီး အဖေလည်း မူးကာနေ ရူးကာနေ ဟေ ဟေ ဟေ ."........

တာတီးသိသည်ကား  အဖေသည် ဘွဲ့ရပညာတတ်တယောက်။
ဥပဒေ ပညာဖြင့် ဘွဲ့ရပြီးစ ရှေ့နေမဖြစ်မီ တရားရုံးတွင်
ရုံးအကူလုပ်ရာ အမေနှင့် ညားပြီးသကာလ အလုပ်တွင်
ငိုသံ ရီသံ ထုသံ ထောင်းသံ  ညည်းသံ ညူသံများကြောင့်
နှလုံးနုသော အဖေ စိတ်ထိခိုက်ကာ အရက်သမားဖြစ်သည်ဟု
အရူးသာအေး ပြောတာ ကြားဖူးလေသည်။အခုတော့ ရပ်ကျော် ရွာကျော်
အဖေ့ နာမတော် အမည်သညာ လူတကာ ခေါ်ကြသည်ကား
အရက်သမားရွှေသွေး ဟု မည်ပေတော့၏။

အဖေ မမုးလျှင် အမြဲပြောသည်ကား ငါ့သား တာတီး
သမ္မတကြီးဖြစ်အောင်လုပ်။ပြီးရင် မြန်မာနိုင်ငံက အရက်ဆိုင်တွေ
အကုန်ပိတ်ပစ်ချေ။ဒါမှ အဖေ အရက်ပြတ်မလားပဲကွ အေ့ ...အေ့..
ဟု ဆိုတတ်သည်။

တာတီး သူ့အမေနှင့် ကြွက်သုတ်ကိုင်း သိမ်းရန်အသွား
ဆယ်အိမ်တန်းမှ သာဂိ -အေးကြည် မောင်နှမနှင့်
အမေဖြစ်သူ မယ်ဆယ်လည်း အလားတူ ကြွက်သုတ်ကိုင်းသိမ်းနေကြ၏။
ကြွက်ဖမ်း၍ အသက်မွေးကြသူတွေချည်းမို့ မိသားနှစ်စု လူကြီး လူကြီးချင်း
ကလေး ကလေးချင်း မတည့်။ကြုံရင် ကြုံသလို သတ်၏။တာတီးက
သန်၏ ။တာတီးကို သာဂိ မနိင်။အေးကြည်က အဝေးမှ ကူနေကြ။
ခဲနှင့်ပစ်၏။တုတ်နှင့် ရိုက်၏။တာတီး သာဂိကို ချုပ်တာ ထုတာ လွှတ်၍ အေးကြည်နောက်လိုက်မှ သုတ်ချေတင်ပြေးသည်။ဒီလိုနှင့် ၀ိုင်းကြီးပတ်ပတ်
ဒူဝေေ၀ လည်နေကြ ရန်ပွဲ ။

လူကြီးချင်းလည်း ကြွက်သုတ်ကိုင်းသိမ်းစဉ် သူ့ဟာ ငါ့ဟာ
ပြသနာကြောင့် နပန်းလုံးနေကြ။ထို့ကြောင့် သုတ်ကိုင်းကို
ဆေးသုတ်ထားကြ၏။တာတီးတို့ သုတ်ကိုင်းက အနီရောင်။
သာဂိ တို့ သုတ်ကိုင်းက အစိမ်းရောင် ။ဒီတော့ မှားစရာ
မရှိဟု မထင်လေနှင့်။ မှားမြဲ မှားဆဲ ။သုတ်ကိုင်း ထောင်သည်က
အိမ်ဦးနတ် အရက်သမား အမူးသမား နှစ်ယောက် မဟုတ်လော။
မှတ်မှတ်သားသားမရှိ။
မူးမူးရူးရူး ပေါက်ကရ ထင်ရာလုပ်တတ်သူတွေ။

ယခုလည်း ကြွက်သုတ်ကိုင်း ပြသနာ စချေပြီ။
တာတီးအမေ မယ်ထွေးက ကြွက်မိထားသော သုတ်ကိုင်းတခုကို
သိမ်းစဉ် မယ်ဆယ်က သူ့ဟာဟုဆို၏။ခက်သည်က
သုတ်ကိုင်းတွင် ဆေးမသုတ်ထား အလွတ်ဖြစ်နေ၏။
သုတ်ကိုင်းထောင်ခဲ့သူ အိမ်ထောင်ဦးစီး အိမ်ဦးနတ်တွေက
ယခုချိန်ဆို ညကမူးရူးသည့်အရှိန်ကြောင့် အိပ်ကောင်းတုန်း။
သုတ်ကိုင်းကတန်ဖိုးမရှိသော်လည်း မိထားသည့် ကြွက်သုံးဆယ်သားခန့်က
ငွေတထောင့်ငါးရာခန့်ရမှာမို့ မက်လောက်စရာ။နှစ်ဖက်လုံးမှလည်း
အမွေလုသည့်ပွဲနှယ် ဘယ်သူကမှ မလျော့ ။သူ့ဟာ ငါ့ဟာ
စတင်ငြင်းရာမှ အဆဲ အဆိုပါလာချေပြီ။ထိုမှ အရှိန်တက်လာ၍
ငယ်ကျိုးငယ်နာ အပြန်အလှန်ဖော်ကြ၏။ရန်စပျိုး ချေပြီ။

တာတီး ဘေးဘီကိုကြည့်၏။တုတ်များတွေ့လေမလား။
ဒီတခါတော့ သာဂိတို့ မောင်နှမကို မှတ်လောက်အောင် ဆော်မည်။
တုတ်တော့ မတွေ့ ရွှံ့ အိုင်တော့တွေ့သည် ။အဲဒီထဲတွန်းချရမည်။

သာဂိကလည်း လူလည်။အရင်တပွဲတုန်းက ဆံပင်မွှေးအနှုတ်ခံထားရ
သည်ကို ဒီတပွဲလက်စားချေရမည်။ညီမဖြစ်သူ  အေးကြည်အား
ရွှံ့အိုင်စပ်က ဂဏန်းကျစ်စာအုံကို မျက်စပစ်ပြလိုက်၏။တာတီး
သူ့ကို လုံးလျှင် ကျကျနနပစ်ပေတော့ဟု နှုတ်ခမ်းစူ မျက်မှောင်ကြုံ့
ခေါင်းငြိမ့်ပြလေသည်။

အငယ်မ အေးကြည်လည်း အကိုဖြစ်သူသာဂိ မျက်နှာရိပ် မျက်နှာကဲကို
အိမ်ကြက်ချင်း အိုးမဲလူး၍ ခွပ်သော မြန်မာနိုင်ငံ
ပြည်တွင်းစစ်၏ ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်ရဲဘက်များ
စနစ်ကျကျ အချက်ပြရာ အချင်းချင်း နားလည်သကဲ့သို့
ချက်ဆိုနားခွက်ကမီးတောက်၏။အကို ဖြစ်သူကို အချက်ပြစနစ်အား
သဘောပေါက်ကြေင်း နှုတ်ခမ်းတင်း မျက်မှောင်ကြုတ်၍
လက်ညှိုး လက်မကို စက်ဝိုင်းလုပ်ကာ အိုစကေ ဟု
ပြန်လည် အချက်ပြ၏။တွေ့ပြီပေါ့ တာတီး။
အေးကြည်လည်း တာတီးကို မကျေနပ်။အရင်တခါပွဲတွင် တာတီး
တတောင်စာမိထား၍ ရှေ့သွားယခုထိ နဲ့နေတုန်း။ဒင်းမျက်နှာကို ဒီတခါ
ဂဏန်းကျစ်စာခဲနှင့် အရသယ်မည်။

လက်ဝှေ့ပွဲ အချက်ပြမောင်းသံနှယ် ကြက်နှစ်ကောင် တကွတ် ကွတ် နှင့်
ူဆူဆူညံညံ ခပ်လှမ်းလှမ်းမှ ဖြတ်ပြေးသွားရာ ရန်ပွဲစချေပြီ။
မယ်ထွေးနှင့် မယ်ဆယ် သည် လူလုံးလူဖန် မတိမ်းမယိမ်း
ဆိုဒ်တူ ဂိုဒ်တူ ဟု ဆိုနိုင်၏။ကြွက်သုတ်ကိုင်း အလယ်တွင်ချလျက်
သတ်ကြချေပြီ။သာဂိမှ ကြွက်သုတ်ကိုင်းကို ပြေးယူ၏။
တာတီး လည်း ခပ်မြန်မြန် လှမ်း၍ ဖင်နှင့်ပေါက်လိုက်ရာ မြေတွင်
နှစ်ပါတ်ခန့်လိမ့်သွား၏။ တော်သေး၏ သာဂိမျက်နှာ
ခွေးချေးပုံ နှင့် သိပ်မလိုတော့။အော့ ရွံစရာ သာဂိ မျက်နှာမဲ့လေသည်။
အေးကြည်က ဂဏန်းကျစ်စာအုံကို လက်တပစ်စာ အရွယ် ချေမွနေ၏။

ထိုအခိုက်အတန့် အချိန်လေးကို အမိအရ အသုံးချလိုက်သူမှာ တာတီး။
ကြွက်သုတ်ကိုင်းမှ ကြွက်သေကို ဖြုတ်ကာ လွယ်အိတ်ထဲ
ကောက်ထည့်၍ လွယ်အိတ်ကို ကျောပိုးအိတ်နှယ် ကျောဘက်
သိုင်းလွယ်လိုက်၏။လက်ဝှေ့ကျော် တယောက်နှယ်
ဆော်ပလော်တီးရန် အသင့်။လာထား ကြွက်လုပွဲ စအံ့ ။

ထိုစဉ် လှစ်ကနဲဆို တာတီး၏ မျက်နှာဆီ ၀ှီးခနဲအသံဖြင့် ဂဏန်းကျစ်စာခဲ
ပြေးဝင်လာရာ အလန့်တကြားခေါင်းယိမ်းလိုက်၍ နားအနီးမှ
" ဒွီ " ကနဲ အသံဖြင့် ချော်ထွက်သွားလေသည်။အေးကြည်၏ လက်ချက်။
မသာမလေး အရင်တခေါက်က တံတောင်ဖြင့်တွတ်ရာ
သွားမကျွတ်။ဒီတခါ ကျွတ်အောင် ဆော်မည်။တာတီး၏
အတွေးမဆုံး သာဂိမှလည်း ဖြတ်ခနဲ ပြေးဝင်ကာ
ကြွက်ထည့်ထားသည့် လွယ်အိတ်ကိုလု၏။လုမရ ကြွက်လည်း
နှိုက်မရ။တာတီးက မငြိမ် ကိုယ်ကို ချာခနဲ ချာခနဲ စက်ဝိုင်းလို
လှည့်လှည့်ပစ်၏။မယ်ထွေး၏ ကျည်ဆန်အလား ဂဏန်းကျစ်စာခဲ
များမှလည်း တ၀ီဝီ နှင့် ကပ်သီးမူးလဲ ဖြတ်သည်ကဖြတ် ၏။
တချက်တော့ တာတီး ချိုစောင်းကိုထိ၏။မဖြုံရေးချ မဖြုံ။
အေးကြည် အားပျော့သည်လည်း ပါမည်။

မယ်ထွေးနှင့် မယ်ဆယ်လည်း မြေကြီးမှာ ဘတပြန် ကျားတပြန်။
တချက် တချက် ထမီလန်၍ ပေါင်ဖျားပင် ပေါ် အောင်
ကြွက်လုပွဲ အတွက် အားကြိုးမာန်တက် လုံးကြ၏။

တာတီးနှင့် သာဂိလည်း လုံးထွေးလိုက် အေးကြည်က
လစ်ရင်လစ်သလို ဆော်လိုက်နှင့် တချီတော့ တာတီးမှ
သူ့ပစ်၍ ထိကာကျထားသော ဂဏန်းကျစ်စာခဲကို စွေ့ခနဲ
ကောက်ကာ မယ်ထွေးအား ၀ှီခနဲ ပစ်လိုက်လေ၏။တာတီး
လက်တည့်ပေ၏ ။ရန်ပွဲသတင်းကြောင့် ရောက်လာသော
ဆယ်အိမ်ခေါင်း ဦးသာထူး နဖူးကို ဒိန်ခနဲ မှန်လေတော့သည်။
ရန်ပွဲလည်း ရပ်လေပြီ။တော်သေး၏ ဦးသာထူး နဖူး
ဘာမှ မဖြစ်။တာတီး သာဂိ အေးကြည်တို့ ကြောက်ဒူးတုန်နေ၏။
ဦးသာထူး မှ ကြိမ်နှင့် ဆော်ရင် ခက်တော့မည်။

ဆယ်အိမ်ခေါင်း ဦးသာထူး အိမ်တွင်ဖြစ်၏။
သာဂိအဖေ နှင့် တာတီး အဖေ အမူးသမားနှစ်ယောက်ကို
ခေါ်၍ ကြွက်သုတ်ကိုင်း မည်သူ့ဟာလဲ မေးရာ အဖြေမရ။
မူးမူးရူးရူးနှင့် မမှတ်မိကြချေ။အင်း အဲ ဟို ဒီ ခေါင်းကုတ်
ဖင်ကုတ် လုပ်နေလေသည်။

အဆုံးသတ်တော့ ဦးသာထူးမှ ကြွက်ကို တထောင့်ခြောက်ရာနှင့်
အရက်နဲ့ မြည်းဖို့ဝယ်ကာ မယ်ထွေးနှင့် မယ်ဆယ်ကို
တယောက်ရှစ်ရာစီ ခွဲပေးလေ၏။နောက်နောင် ရန်သက်လျှင်
ကြွက်ထောင်ခွင့် ပိတ်၍ ရုံးသို့ပို့မည်ဟု ရာဇသံထုတ်၏။
တာတီး သာဂိ နှင့် အေးကြည်ကိုလည်း နောင်တခါ ရန်ဖြစ်ချေက
ကြိမ်ဒဏ်အပြစ်ပေးမည်ဟု ကြိမ်းမောင်းကာ
မြန်မာနိုင်ငံ မြို့မဟာ ရန်ကုန်၏ ကြီးကျယ်ခမ်းနားလှသော
ကြွက်လုပွဲ ပြဿနာ    ပြီးလေတော့သတည်း ..........................................
.............................................................................................................
................................................................................................................

                                  မောင်သုခ
                              (24-JUN -2016)

No comments:

Post a Comment