Sunday, July 17, 2016

" ပဋိပက္ခ ဖြစ်စဉ် နှင့် လူ့ သဘော သဘာဝ "

" ပဋိပက္ခ ဖြစ်စဉ် နှင့် လူ့ သဘော သဘာဝ "

ပဋိပက္ခ ဖြစ်စဉ်တခု ပေါ်ပေါက်တိုင်း
ချုပ်ငြိမ်းမှု ဖြစ်စဉ် သုံးမျိုးနဲ့ ချုပ်ငြိမ်းပါတယ်။

၁။
တဖက်ဖက်မှ အာဏာသော်လည်းကောင်း
အင်အားသော်လည်းကောင်း နှစ်မျိုးလုံးသော်လည်းကောင်းသာလွန်၍
တရားသဖြင့်လည်းကောင်း မတရားသဖြင့်လည်းကောင်း
တဖက်မှ ရှုံးနိမ့်ခြင်းဖြင့် ပဋိပက္ခ ချုပ်ငြိမ်းခြင်း...

၂။
တဖက်နှင့်တဖက် ပဋိပက္ခဖြစ်စဉ်ကြောင့်
နှစ်ဖက်စလုံး ထိခိုက်အနာတရ ကျဆုံးမှုများ၍ ပဋိပက္ခ ချုပ်ငြိမ်းခြင်း....

၃။
တဖက်နှင့် တဖက် ပူးပေါင်းညီညွတ်သဖြင့်
ပဋိပက္ခဖြစ်စဉ် ချုပ်ငြိမ်းခြင်း စတာတွေဖြစ်ပါတယ်။

ပညာရှိသူတော်ကောင်းမည်သည်ဟာ ပဋိပက္ခဖြစ်စဉ်တခု
အပေါ် တတိယနည်းဖြစ်တဲ့  တဖက်နှင့် တဖက်
ပူးပေါင်းညီညွတ်သဖြင့် ပဋိပက္ခဖြစ်စဉ် ချုပ်ငြိမ်းစေတဲ့နည်းနဲ့
နောက်တနည်းဖြစ်တဲ့ မိမိ လက်ရှိ အာဏာ အင်အား
အသုံးပြုပြီး တရားသဖြင့်  ချုပ်ငြိမ်းစေတဲ့နည်း
စတဲ့ ဒီနည်းနှစ်နည်းနဲ့ ပဋိပက္ခဖြစ်စဉ်တခုကို
ချုပ်ငြိမ်းအောင် အားထုတ်ကြိုးပမ်းပါတယ်။

ဒီနေရာမှာ အထူးသတိပြုစရာတခုကတော့
ပဋိပက္ခဖြစ်တဲ့ နှစ်ဖက်စလုံးမှာ ပဋိပက္ခကို အစဖော် လှုံ့ဆော်
ဖန်တီးတဲ့အကြောင်းရင်းနဲ့ ဖန်တီးသူအနည်းစုစီ အသီးသီးရှိနေတတ်တာကိုပါပဲ။

တခါတလေမှာ ပဋိပက္ခတခုကို အစဖော် လှုံ့ဆော်ဖန်တီးသူဟာ
အထင်ကရဂုဏ်သရေရှိလူပုဂ္ဂိုလ်တွေ ဦးစီးဦးဆောင် ပြုသူတွေ
ဖြစ်နေတတ်တာလည်း အံ့အားသင့်ဖွယ် မြင်ရတတ်ပါတယ်။

ဖြစ်လေ့ဖြစ်ထ ရှိတာတခုကလည်း ပဋိပက္ခဖြစ်အောင်
တမင် ငွေအား လူအားသုံးပြီး ဖန်တီးတတ်တဲ့
နိုင်ငံရေးအမြတ်ထုတ်လိုသူ စီးပွားရေး lလူမျိုးရေး lဘာသာရေး
အယူဝါဒရေး အမြတ်ထုတ်လိုသူတွေ ရှိနေတယ် ဆိုတာပါ။

ပဋိပက္ခ ဖန်တီးတဲ့ နိုင်ငံရေး အမြတ်ထုတ်လိုသူကတော့
နိုင်ငံရေးရှုံးနိမ့်သူဘက်က ဖြစ်တတ်သလို
အာဏာလက်ရှိ အစိုးရ၀င်ထိပ်သီးပုဂ္ဂိုလ်လည်း
ဖြစ်တတ်ပါတယ်။အဓိက ရည်ရွယ်ကြတာကတော့ နိုင်ငံရေး ကစားကွက် အသာစီးရယူလိုမှုပါပဲ။

ပဋိပက္ခ ဖန်တီးတဲ့ စီးပွားရေး အမြတ်ထုတ်လိုသူကတော့
ခရိုနီ တွေဖြစ်နေတတ်ပါတယ်။

ပဋိပက္ခ ဖန်တီးတဲ့ လူမျိုးရေး l ဘာသာရေး lအယူဝါဒရေး အမြတ်ထုတ်လိုသူကတော့
အင်အားကြီးတဲ့ လူမျိုး ဘာသာ အယူဝါဒ ဘက်ကရော အင်အားသေးငယ်တဲ့
လူမျိုး ဘာသာ အယူဝါဒ ဘက်ကရော ဖြစ်နေတတ်ပါတယ်။နှစ်ဖက်လုံးကတော့
စစ်တုရင်သဘောအရ ပွန်းကို ထိုးကျွေးပြီး ကစားကွက်အသာ
ယူကြဖို့ချည်းပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပဋိပက္ခဖြစ်စဉ်တခု ပေါ်တိုင်း ပေါ်တိုင်း
လူတယောက်ရဲ့ ဖြေရှင်းမှု ပုံစံကို ကြည့်ပြီး သူဟာ ဘယ်လိုလူစားမျိုး
ဖြစ်တယ်ဆိုတာကို  သိရှိနိုင်ပါတယ်။ဒါကတော့ ငြင်းကွယ် ဖုံးဖိမရတဲ့
လူသားရဲ့ အရည်အချင်းတရပ်ဟာ ပဋိပက္ခဖြစ်စဉ် ဖြေရှင်းမှု
စွမ်းရည်မှာ မြင်တွေ့နိုင်တာကို ညွှန်းဆိုပါတယ်။

                                        မောင်သုခ
                                    (5-July-2016)

No comments:

Post a Comment