" မလိုသည်များကို လျှော့ချခြင်း "
ဦးသူတော်တွင် ချစ်စဖွယ် တီတီတာတာ စကားပြောတတ်သော
မောင်ထွေး နှင့် မကြီး အမည်ရ သားနှင့် သမီး ရှိလေ၏။
တည လသာသာ တွင် ဦးသူတော်တို့ သားအဖ သုံးယောက်
အိမ်ရှေ့ ကွပ်ပျစ်ပေါ်၌ စကားပြောဖြစ်ကြ၏။
တနေ့ထက်တနေ့ ကုန်ဈေးနှုန်း မြင့်မားလာသလောက်
ခရီးစရိတ် ဘတ်စ်ကားခ တိုးကောက်လာကြသလောက်
လုပ်ခလစာမှာမူ တပြားတလေမှ မတိုးလာသည့် မြန်မာပြည်တွင်
ဦးသူတော် ၀င်ငွေနှင့် ထွက်ငွေ မမျှတမှုကြောင့် အိမ်စရိတ်ခက်ခဲလာ၏။
ယခုလည်း သားနှင့် သမီးကို "မလိုသည်များ လျှော့ချရန် "
တိုင်ပင်ဆွေးနွေးမိ၏။သူတို့လည်း မိသားစုဝင် ဖြစ်သောကြောင့်
အကြံဥာဏ်ရယူရမည် မဟုတ်လော။
သားငယ် ဖြစ်သူမှ ယခုလမှစတင်၍ အိမ်ငှားခ ငါးသောင်း
ကျူရှင်စရိတ် စားသောက်စရိတ် စသည်များကာမိစေရန်
မိမိ စီးနေကြ သားရေဖိနပ်လေးအစား ခုံဖိနပ် ပြောင်းစီးမည့်အကြောင်း
လူးနေကြ အုန်းဆီ ကို မလူးတော့မည့်အကြောင်း သနပ်ခါးတုံးသွေးလိမ်းရမည့်အစား စက်သွေးခဲ နှစ်ဆယ်ကျပ်တန်ကိုသာ လိမ်းတော့မည့်
အကြောင်း ပြောရှာ၏။
သမီးအကြီးမ ဖြစ်သူမှလည်း မိမိခေါင်းစည်းကြိုးဝယ်မည့်အစား
သားရေပင်လေးများဖြင့် ဆံပင်ကိုစည်းမည့်အကြောင်း
ဟင်းချက်စရာဝယ်ယူရာတွင်လည်း ယခင်ထက်စိစစ်မည့်အကြောင်း
ဆန် ဆီ ဈေးတရိပ်ရိပ် တက်နေမြဲ တက်နေသည့်အတွက်
ဈေးပေါသည့် ဆန် ဆီ ပြောင်းလဲ ၀ယ်ယူမည့်အကြောင်း
အိမ်သို့ကြွနေကြ ရဟန်းကိုလည်း ဆွမ်းလောင်းရန် ခက်ခဲသောကြောင့်
ရပ်နားရမည် ဖြစ်ကြောင်း ဘုရားဆွမ်းတော်တင်ရန်လည်း ခက်ခဲလာသော စီးပွားရေးနှင့် မလောက်ငသော ၀င်ငွေကြောင့် သောက်တော်ရေသာ ကပ်လှူတော့မည့် အကြောင်း
အကြံပြု ပြောဆိုရှာ၏။
ဦးသူတော်မှလည်း မိမိကွမ်းစားနေကြ
တရက်ငါးဆယ် ကုန်ကျငွေကို
နှမြောသဖြင့် ကွမ်းဖြတ်တော့မည် ဖြစ်ကြောင်းl လိုင်းကားခစရိတ်သက်သာ စေရန် နှစ်ရာကုန်မှ မြို့တွင်းသွားမည့်ကားဂိတ်ရောက်သည့် ကားခနှစ်ရာ
မကုန်စေရန်ငှာ နေအိမ်မှ တပြခန့်ဝေးသော မြို့တွင်းကားဂိတ်သို့ လမ်းလျှောက်တော့မည်ဖြစ်ကြောင်း အစရှိသဖြင့် သားအဖ သုံးယောက်
မိမိတို့ နေအိမ်ဝင်ငွေနှင့် ထွက်ငွေများကာမိစေရန် အလို့ငှာ
တိုင်ပင်ဆွေးနွေးပြီးသကာလ မောမောပန်းပန်း စိတ်မော လူမောဖြင့်
အိပ်ရာဝင်ကြလေတော့သည်။
ဦးသူတော် တို့ သားအဖသုံးယောက် အိပ်ပျော်သွားသည့်အချိန်တွင်
သူတို့ အိမ်နံဘေး လူချမ်းသာမိသားစု နေထိုင်သော တိုက်အိမ်ကြီး
ပေါ်တွင်တော့ ဘာသာမဲ့ ဘာသာရှိတို့အကြောင်း l
အမျိုး ဘာသာ သာသနာ အကြောင်း l မဟန
မဘသ အကြောင်းlNLD နှင့် မဘသ အကြောင်း l အစိုးရသစ်အကြောင်း l ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း l
ကုန်ဈေးနှုန်း ကြီးမြဲ ကြီးသည့် အကြောင်း
စသည် စသည်ဖြင့် ဖေ့စ်ဘုတ်နှင့် အပြင်လောက
အကြောင်းသတင်းစုံများကို လူချမ်းသာ မိသားစုများပီပီ
အာပေါင်အာရင်းသန်သန်ဖြင့် ဆွေးနွေး ငြင်းခုန် ဆူညံပွက်လော
ရိုက်နေသည်ကိုတော့ နံဘေးတဲအိမ်လေးမှ ဦးသူတော်တို့
သားအဖ သုံးယောက်ခမျာ စိတ်မော လူမောဖြင့် အိပ်ပျော်သွားသဖြင့်
ကြားသိခြင်း စိုးစဉ်းမျှ မရှိလေတော့သည်တကား ......................
.....................................................,..,..........................................
......................................................................................................
မောင်သုခ
(6-July-2016)
No comments:
Post a Comment