" ဆိုက္ကားဆရာ သာဂိ "
သာဂိသည် ဆိုက္ကားဆရာတယောက်။
ဆိုက္ကားသမား l ဆိုက္ကားနင်းသူ lအနှေးယာဉ်နင်း l
ကယ်ရီသမား အစရှိသည့်အမည်များသည် သာဂိတို့
ဆိုက္ကားဆရာ အပေါင်းအား သေချာဂဃဏန နားမလည်သူများနှင့် မလိုသူများမှ ဂုဏ်ငယ်စေရန်
အပြောမျိုးမို့ သာဂိတို့တတွေ သိပ်ဂရုမစိုက်။
သာဂိသည် ဆိုက္ကားဆရာ တယောက်သာ။
ဆိုက္ကားဆရာ အမည်သည် လွယ်လွယ်နှင့် ဖြစ်သည်မဟုတ်။
ဆိုက္ကား နင်းရသည်မှာ စက်ဘီးနင်းရသည်ထက် ခက်ခဲ၏။
ဆိုင်ကယ် ကား မောင်းရသည်ထက်လည်း ခက်၏။
လက်တွေ့လာနင်းကြည့်ရန်သာ ဆိုက္ကားဆရာသာဂိ
ဖိတ်ခေါ်လိုသည်။
ဆိုက္ကားဆရာ အမည်သည် လွယ်လွယ်နှင့် ဖြစ်သည်မဟုတ်။
မိုးရွာမရှောင် နေပူမရှောင် ခရီးသည် လိုရာခရီးကို
အရောက်ပို့ဆောင်နိုင်မည့် ကျန်းမာသည့်ခန္ဓာ စိတ်ရှည်သီးခံမှု
ချိုင့်ခွက်အပြည့်နှင့် မြန်မာပြည်လမ်းများကို ဖြတ်ထိုးဥာဏ်ဖြင့်
အကင်းပါးစွါ ရှောင်ရှားနိုင်မှု မဆင်မခြင်မောင်းနှင်တတ်သော
ကားများအန္တရာယ်မှလည်း ဘေးကင်းအောင် မောင်းနှင်နိုင်မှု
မိမိခရီးသည်နှင့် စကားအပြန်အလှန်ပြောနိုင်ဖို့
အထွေထွေဗဟုသုတ အစရှိသည်တို့နှင့် မိတ္တဗလဋီကာ
လောက်တော့အရည်ကျိုသောက်ထားဖို့ အထူးလိုအပ်လှသည်။
" ဘွဲ့ရပညာတတ်တို့ အလုပ်သည် ဆိုက္ကားဆရာ"
ဘွဲ့ရပညာတတ်တို့ အလုပ်သည် ဆိုက္ကားဆရာ ဟုဆိုချေက
မဆီမဆိုင် လူကုံထံ အသိုင်းအဝိုင်းဘွဲ့ရပညာတတ်များမှ
ဖျင်နာကြမှာကို ဆိုက္ကားဆရာသာဂိ သိ၏။
ဆိုက္ကားဆရာသာဂိ သည် အကိုးအကား
အထောက်အထားမရှိက လက်လွတ်စပါယ်
ပြောတတ်သူမဟုတ် ။မိမိ၏ ဆိုက္ကားဂိတ်တွင် ဘွဲ့ရ၍
ရန်ကုန်မြို့ကုမ္မဏီသို့ အလုပ်ဆင်းရာ ထမင်းမဝ ဟင်းမင၍
ဆိုက္ကားဆရာသာဂိ၏ လမ်းပြကူညီမှုဖြင့် ဆိုက္ကားနင်း
စီးပွါးရှာ၍ သူဋ္ဌေးဖြစ်ကြံစည်နေသော ဘွဲ့ရပညာတတ်
တပည့်ကျော် လူငယ်နှစ်ယောက်ရှိ၏။
ရန်ကုန်မြို့ ကုမ္မဏီတွင် ထို အိမ်ထောင်သည်
(ကလေးမရှိ)ဘွဲ့ရလူငယ်နှစ်ယောက်အလုပ်လုပ်စဉ်
တလလုံးကုန်ကျစရိတ်များဖြစ်သည့် အသွားအပြန်
တရက်တထောင်နှုန်း ကုန်ကျသော ကားခခရီးစရိတ်
ဆန် ဆီ ဆား ဟင်းရွက်ကန်စွန်း သားငါးများ၏
တရိပ်ရိပ်တက်မြဲတက်နေသော ကုန်ဈေးနှုန်းကြောင့်
အကုန်အကျကြီးမားသည့် အိမ်မီးဖိုချောင်စရိတ်
အိမ်ငှားခစရိတ် ငါးသောင်း အစရှိသည့် စရိတ်အလီလီတို့
အမြီးနှုတ် ခေါင်းနှုတ် နှုတ်ပြီးသော် တပြားမှ မပိုသည့်အပြင်
အတိုးဖြင့်တသောင်း (သို့ ) ငါးထောင် ချေးငှားရသည့်ဘဝ။
မကျန်းမာ၍ ဆေးကုသစရာငွေကလည်း နတ္ထိ။
ဤသို့ ဤပုံ အာဏာရှင်စနစ်၏ဆိုးမွေကြောင့်
ဘဝနုံချာစုတ်ပြတ်သတ်နေသော မောင်လှနှင့်
မောင်မြင့် အမည်ရှိ ဘွဲ့ရလူငယ်နှစ်ယောက်၏
လမ်းပြကယ်တင်ရှင်ကား ဆိုက္ကားဆရာသာဂိ ။
ဆိုက္ကားဆရာသာဂိ ၏ လမ်းပြမှုကား ရိုးရှင်း၏ ။
ဆိုက္ကားဆရာ လုပ်စားပြီး သူဋ္ဌေးဖြစ်ကြံရေးလမ်းစဉ်ပင်။
တကယ်လည်း လက်တွေ့
အလုပ်ဖြစ်ကြောင်း မောင်လှ နှင့် မောင်မြင့် ပိုင်ဆိုင်ပြီးဖြစ်သည့် ဆိုက္ကားသုံးစီးစီက သက်သေ။တရက် နှစ်ထောင်နှုန်းဖြင့်
ဆိုက္ကားနှစ်စီးမှ ဝင်ငွေအုံနာကြေး၏ တလဝင်ငွေမှာ
ခြောက်သောင်းကျပ်ဖြစ်၏။ကိုယ်တိုင်နင်းစရာမလို ငွေအဆင်သင့်ယူရန်သာ ။ထို့ကြောင့် အိမ်လခ မပူရတော့သည့်အပြင်
အိမ်စရိတ် တသောင်းလတိုင်းပို၏။တစီးမှမိမိတို့ ဆိုက္ကားနင်း၍
တရက်ရငွေက ရှစ်ထောင် တသောင်းကြားရှိ၏။
တလ ချုပ်လျင် နှစ်သိန်းခွဲ သုံးသိန်းရှိ၏။အိမ်စရိတ်ကို
ချွေတာသုံးပြီး ပိုငွေကို ဆရာသမားဖြစ်သူ
ဆိုက္ကားဆရာသာဂိ၏ ဆုံးမမှုအတိုင်း ဆိုက္ကားထပ်ဝယ်ရန်
စုဆောင်း၍ တစီးပြီးတစီးဝယ်ကာ ငွေရှာခိုင်းမည်။
ဤနည်းဖြင့် အဆင့်ဆင့်တက်ကာ သူဋ္ဌေးဖြစ်ကြံမည်။
ယခုလည်း မောင်လှနှင့် မောင်မြင့် တယောက်ကို
ဆိုက္ကားသုံးစီးစီ ပိုင်ဆိုင်ပြီးကြပြီ။တစီးကို ကိုယ်တိုင်နင်း၍
ကျန်နှစ်စီးအား အငှားချထား အုံနာကြေးယူ၏။
မောင်လှနှင့် မောင်မြင့် တို့ဘဝ
ဤသို့  အခြေအနေရောက်ရန်နှင့် ဆိုက္ကားနင်း၍
သူဋ္ဌေးဖြစ်ကြံခြင်း လမ်းစဉ်ကို လမ်းပြညွှန်ကြားသူမှာတော့
စာရှုသူသိပြီးတဲ့အတိုင်း ဆိုက္ကားဆရာသာဂိ ။
သာဂိသည် ဆိုက္ကားဆရာတယောက်။
ဆိုက္ကားသမား l ဆိုက္ကားနင်းသူ l အနှေးယာဉ်နင်း l
ကယ်ရီသမား အစရှိသည့်အမည်များသည် သာဂိတို့
ဆိုက္ကားဆရာ အပေါင်းအား သေချာဂဃဏန နားမလည်သူများနှင့် မလိုသူများမှ ဂုဏ်ငယ်စေရန်အပြောမျိုးမို့
သာဂိတို့တတွေ သိပ်ဂရုမစိုက်။
သာဂိသည် ဆိုက္ကားဆရာ တယောက်သာ။
ထပ်ဖြည့်ပြောစရာကား ဆိုက္ကားဆရာအပေါင်းသည်
သမာအာဇီဝ အလုပ် ဆိုက္ကားနင်း၍ ဂုဏ်သရေရှိရှိ
မိသားစုတာဝန် ထမ်းဆောင်ကာ
သူဋ္ဌေးဖြစ်ကြံနေကြသူများဖြစ်ကြောင်း …………………………………………………………………
………………………………………………………………
………………………………………………………………………
မောင်သုခ
(20-Jun- 2016)
No comments:
Post a Comment