"ဦးသုခ နှင့် မြိုင်သာယာရွာ "
"ဦးသုခ" သည် မြိုင်သာယာရွာနေ
သာမာန်ရွာသားတယောက်ဖြစ်၏။ဆွေမရှိ မျိုးမရှိ
လူပျိ၊ုကြီးတဦးဖြစ်၍ ရွာတွင် တဦးတည်း နေသူဖြစ်သည်။
တရွာလုံးနှင့် တယောက်ဆိုသလို မှန်တာပြော ရွာပြင်ထုတ်ဆိုသလို ရှင်းရှင်းဘွင်းဘွင်း ထင်ထင်လင်းလင်း စကားပြောတတ်သူ
ဖြစ်၍ မည်သူကမျှကြည့်မရ မည်သူနှင့်မျှမတည့်။
ထူးခြားချက်ကား ရွာသူကြီး ဘစီ၏ တဦးတည်းသောသား
ကောလိပ်ကျောင်းသား ထိန်လင်း နှင့်တော့ လွန်စွာ
ပုလဲနံပ သင့်၍ နေ့ရော ညရော စကားပြာတတ်ခြင်းပင်။
ထိန်လင်း တယောက် ပါးစပ်ဖျားတွင် ဆရာသုခ ဆရာသုခ
ဟူ၍ နှုတ်ကမချ ။ သူကြီးနှင့် သူကြီးကတော်လည်း ရင်တမမ။
တရွာလုံးကလည်း ထိန်လင်း လေးခမျာ ဒီအရူးကြီး သနားလို့
ဆရာခေါ်သလားပဲ ပေါင်းစရာ စကားပြောစရာ ရှားလို့အေ အစရှိသဖြင့် သို့လော သို့လော အတင်းပြောကြ
အပျိုချောတို့ ခမျာလည်း မေးငေါ့ကြ၏။ထိန်လင်း ကတော့
"ဦးသုခ"ထံ သွားမြဲ စားမြဲ နေမြဲ ပြောမြဲ မြဲပြီးရင်း မြဲလျက်ပင်။
ဦးသုခ သည် ဆေးဆရာလော...??? >>>>
တရက်တွင် သာဂိ၏ ခုနှစ်နှစ်အရွယ်ကလေး ၀မ်းလျှော၏။အပူဝမ်းဖြစ်၍ ဆီးဝါထိန်နေ၏။သာဂိခမျာ ခြေမကိုင်မိ လက်မကိုင်မိ။
တရွာကျော်ရှိ ဆေးဆရာသွားပင့်ရာ ထိန်လင်းအား
ကလေးအပ်ခဲ့၏။ဝမ်းကလည်း သွားမြဲ။ထိန်လင်း လည်း
"ဦးသုခ" ကိုခေါ်ရာ ဖရဲသီးနှင့် သကြားအယူခိုင်း၍ တိုက်လေသည့်နောက် နာရီပိုင်းတွင်း ၀မ်းရပ် ၀မ်းမှန်၍
ကလေးနေပြန်ကောင်းလေ၏။
ကလေးအဖေ သာဂိ ဆေးဆရာ ပင့်မရ၍ ခေါင်းငိုက်စိုက်ပြန်လာလေရာ အိမ်အရောက် ကလေးနေကောင်း၍ ဖြစ်စုံသိ၍
"ဦးသုခ" ကို ကျေးဇူးတင်မဆုံး ။
"ဦးသုခ" သည် အကြားအမြင်ဆရာလော...??? >>>>
တရက်တွင် ဒေါ်မှုန်၏ နွားပိုးထိ၏။
ဦးသုခ ဆေးကုတတ်သည် အထင်ရှိသော သာဂိလည်း
ဒေါ်မှုန် ကိုယ်စား "ဦးသုခ"ထံ အကူအညီလာတောင်း၏။
"ဦးသုခ"လည်း သာဂိကို မြင်မြင်ချင်း " သာဂိ ငါ့ လျှာလာ
မရှည်နဲ့ ပျောက်သွားပြီ ပြန်တော့ " ဟု ပြောလိုက်လေ၏။
သာဂိလည်း တအံ့တသြဖြင့် ဒေါ်မှုန် ခင်များနွား ရောဂါ
ပျောက်ချေပြီဗျ ဟု ပြောလျက် နှစ်ဦးသား သွားကြည့်လေရာ
နွားမှာ အဟုတ်တကယ် မြွေဆိပ်ပျောက်လျက် ကမြင်းကျော
ထလျက်ရှိနေလေ၏။
"ဦးသုခ" သည် အောက်လမ်းဆရာလော ...??? >>>
တရက်သ၌ ရွာတွင် သူဌေးစိန်မြ၏ သားအငယ်ဆုံးငမြ တယောက် မြို့မှဝယ်လာသည့ှ် ဆိုင်ကယ် တကားကား အသံတညံညံ ဖုတ်တစီစီ လေတ၀ီဝီဖြင့်
ရွာရိုးကိုးပေါက် လမ်းသလား၏။ "ဦးသုခ" အိမ်ရှေ့ မှဖြတ်၍
အတော်လေး အလွန် "ဦးသုခ" ပြောလိုက်သည်ကား
" အာ ဒီငမြ ဆိုင်ကယ် ဒီလောက် ဗရမ်းဗတာ စီးတာ
သေရှာ တော့မယ် " ဟူ၍ ဖြစ်၏။ထိုနေ့ ညနေစောင်း
မောင်မြ ဆိုင်ကယ် ကုက္ကိုလ်ပင် ၀င်တိုက်၍ မောင်မြတယောက်
သေရှာ၏။တရွာလုံး ပါးစပ်ဖျားတွင် "ဦးသုခ" မောင်မြအား
မောင်မြမသေမီ ပြောခဲ့သည့် စကားအကြောင်းသာဖြစ်၏။
"ဦးသုခ" သည် ပယောဂ ဆရာလော...???
တရက်တွင် ထိန်လင်း၏ ညီမ၀မ်းကွဲ မယ်ထင် တယောက်
ညသန်းခေါင် စိတ်နောက်၍ ပူးသလို ကပ်သလို ဖြစ်၏။
ဆယ်တန်းအောင်တာမှ မနေ့တနေ့ကမှ မလိုသူများ
မနာသူများ ပြုစားလေသလား မိဘတွေခမျာ ရွှေဥာဏ်တော်စူး၏။
ထိန်လင်းလည်း ဦးသုခ ထံ ပြေးလာ၏။ "ဦးသုခ" လည်း
ရွှေဆွဲကြိုး အဆွဲခိုင်း၍ မယ်ထင်အား အပိုင်ပေးခိုင်းလေရာ
မယ်ထင် လူကောင်းပကတိ ဖြစ်၏။
"ဦးသုခ" နှင့် ထိန်လင်း တို့ စကားဝိုင်း >>>>
လင်း >>>>
ဆရာသုခ ပြောစမ်းချေဗျ။ရွာထဲလည်း ဆရာသုခကို
အမျိုးမျိုး ပြောကြပြီ။ကျွန်တော့်ကိုတော့ မချွင်းမချန်
ရှင်းပေရော့ ။
သုခ >>>>
အေးပါ ငါ့လူရ။မောင်ရင်ဘာကို ရှင်းစေချင်တုန်းလင်းစမ်း။
ကိုယ့်အချင်းချင်း မှန်ရာ ပြောနေမြဲပဲဟာ ။
လင်း >>>>
ထိန်လင်းလည်း အထက်ပါ ဇာတ်စုံ ပြောပြီးနောက်
အင်း ရွာထဲ ဆရာသုခကို ဆေးဆရာကြီးတမျိုး|
အကြားအမြင်ဆရာတသွယ် |အောက်လမ်းဆရာတဖုံ|
ပယောဂ ဆရာတ၀ ပြောကုန် ဆိုကုန်ကြပြီ။အဲဒါ ဆရာသုခ
ကိုယ့်ဟာကိုယ် ဘာလဲ ဆိုတာ ရှင်းပါဦး ငါ့ဆရာ ။
သုခ >>>>
ထိန်လင်း ရေ ။ ဒို့ မြန်မာလူမျိုး တယ်တုံးသကွ။
မင်းမပါစေနဲ့ အဲဒီ့ထဲ။ အချိန်ကုန် အကျိုး မရှိ ယဥ သန်းရှာတဲ့
နောက်ဘ၀ ရှိမရှိ ငြင်းတာလည်း ဒင်းတို့ ။ဥာဏ်တထွာ
တမိုက်နဲ့ ကိုယ်လုပ်စရာရှိတာကို ရှောင်ကွင်းပြီး
သကာလ ပိဋကတ် ဘုရားဟော ဟုတ်မဟုတ် ငြင်းတာလည်း
ဒင်းတို့ ။
အခုလည်း ငါ့ပြောတာကြည့် စုံနေအောင်ကိုပါလား။
သူတို့ပြောတာ တခုမှ မဟုတ်ဘူး ထိန်လင်း ။
ငါက ဘာအကြားအမြင်မှ မရသလို အောက်လမ်း |အထက်လမ်း|
ဆေးဆရာလည်း မဟုတ်ဘူး။
သာဂိကလေးက အပူကြီးတာလေ ထိန်လင်း။
ဒါမျိုး သေတတ်တယ်။အပူကြီးလွန်းသူကို ဖရဲသီးနဲ့ သကြားကျွေး
သက်သာတယ်ဟ။ငါလည်း ဆေးဆရာ ရောက်ရင်အတော်ဆို
တိုက်တာ သူ့ဟာသူ ကောင်းသွားတာပဲလေ။
ဒေါ်မှုန် နွားပိုးထိတာ ငါမသိဘူးဟ။
သာဂိ လာခေါ်တော့ သူ့သား ငါးမျှားချိတ်နဲ့ ကနဦးဆော့နေလို့
ငါသိမ်းပြီး ဘယ်နားထားမိမှန်းခုထိ မမှတ်မိဘူး။ဒါလာ တောင်းတယ်မှတ်လို့ သာဂိလာတော့ "လျှာမရှည်နဲ့ ပျောက်သွားပြီ "
ပြောလိုက်တာ။
နွား မြွေဆိပ် ဘယ်လိုကျသွားသလဲတော့ နင်တို့ ဒေါ်မှုန့် နွား
သွားမေးမှရမယ်။
ငမြဆိုင်ကယ် ကုက္ကိုလ်ပင်တိုက်သေတာက
သူ ဆိုင်ကယ်စီး သောင်းကျန်းလို့လေဟ။
ငါပြောတာက ဒီလောက် ဗရမ်းဗတာ ဆိုင်ကယ်မောင်းတဲ့ကောင်
သေမယ် မပြောလို့ ဘယ်သူ့ ပြောရမလဲ။
ဒါကလည်း တိုက်ဆိုင်တာ ထိန်လင်း အတွေးမချော်နဲ့ ။
ငါအခု တရွာလုံး အခုသေမယ် ပြောလို့ တရွာလုံး တကယ်သေမလား...???
တွေးကြည့် သိသာတာပဲ ။
မောင်ရင့် ညီမ မယ်ထင်က သွေးသားဖောက်ပြန်တာကွ။
အရွယ်ကလည်းရောက်ပြန် ရွှေဆွဲကြိုးလိုချင်လို့ အုန်းရွက်ကျစ်သီကြိုး
ခဏ ခဏ ဆွဲနေတဲ့ဟာ သူ့မိဘ တွေက ၀ယ်ပေးဖို့အရေး
နေ့ည ရွှေ့ နေတော့ သွေသားနဲ့ စိတ်အလိုမကျတာ ပေါင်းတော့
သွေးသားဖောက်ပြန်ပြီး ပူးသလို ကပ်သလို ဖြစ်တာ ထိန်လင်းရ။
ဒီတော့ ရွှေဆွဲကြိုး နင်ဝယ်ပေးချေတော့ ကောင်းရောပေါ့
ထိန်လင်း ရယ်။ဟား ဟား ဟား .........
" ဦးသုခ " ၏ စကားအဆုံး
ထိန်လင်းနှင့် ဦးသုခ ၏
ပြိုင်တူ အားရပါးရ ရယ်မောသံများသည်
ကျယ်လောင်စွာ
ထွက်ပေါ်လာ၍ မြိုင်သာယာ စံပြကျေးရွာတခုလုံး
ဖုံးလွှမ်းသွားချေတော့သတည်း ....................................
................................,,...................................,............
.......................................................................................
မောင်သုခ
(21- Jun- 2016)
No comments:
Post a Comment