" ကာလီဒါသ နှင့် အကောင်းဆုံး အဟာရ"
တနေ့သ၌ ဘောဇဘုရင် အုပ်စိုးသော ဓါရာတိုင်းကြီးကို
နိုင်ငံခြားတိုင်းပြည် သုံးပြည်ထောင်မှတိုက်ရန်ကြံစည်၏။
သို့ရာတွင် ကာလီဒါသ၏ ဥာဏ်ပညာကြီးကျယ်မှုကို
ကြားသိထား၍ ရုတ်တရက် ဝင်မတိုက်ဘဲ စစ်သူကြီးတဦးကို
သံတမန်ထား၍ ရာဇသံနှင့်အတူ စေလွှတ်လေ၏။
ထိုရာဇသံကား >>>>
" ဓါရာတိုင်းအရှင် ဘောဇဘုရင် မင်းမြတ် သင့်ထံသို့
သိုးတကောင်ပို့လိုက်ပေ၏။ထိုးသိုးအား ခုနှစ်ရက်လုံးလုံး
အကောင်းဆုံးသော အစာအဟာရတို့ကို ကျွေးမွေးရမည်။
သို့သော် သိုးသည် မူလ အလေးချိန်ထက် တရတီမျှပိုမလာစေရ။အကယ်၍ သိုး၏အချိန်မူလထက်တိုးလျှင် သင်၏တိုင်းပြည်ကို အပ်သော်လည်းအပ်။စစ်မက်ပြင်ဆင်သော်လည်း ပြင်ဆင်ပေရော့ " ဟူ၍ ဖြစ်လေသည်။
ဘောဇဘုရင်လည်း ကြံရာမရသည့်အဆုံး
ပညာရှိကာလီဒါသထံ ပြဿနာကို လွှဲအပ်လေ၏။
ကာလီဒါသလည်း သံတမန်ကိုခေါ်ကာ
" အချင်းသံအရာရှိ သင်သည် မျက်လုံးလျင်၍ ရဲရင့်
သန်မာသော ကိုယ်ဟန်ရှိ၏။စစ်သူကြီး တယောက်ဖြစ်ဟန်တူသည်။ထားလော့ ဤသိုးငယ်ကို သင့်ရှေ့မှာပင် ခုနှစ်ရက်လုံး
အကောင်းဆုံးအစားအစာများ ကျွေးပေအံ့။ကောင်းစွါ
ကြည့်ရှုမှတ်သားသွားလေလော့" ဟုဆို၍ မင်းချင်းတို့အား
သိုးငယ်က်ို နန်းရင်ပြင်တနေရာ၏ ငုတ်တိုင်တခုတွင်
ချည်စေ၏။ သိုးငယ်၏ တဖက်တချက်စီ ဘယ်ညာတွင်
သိုးမနှစ်ကောင်ကို မနီးမဝေးတွင် ချည်နှောင်ထားစေ၏။
သိုးငယ်လည်း သိုးမနှစ်ကောင်ထံသို့ သွားလို၍
တပဲပဲ အော်ကာ ရုန်းကန်လေ၏။ကြိုးကလည်း ချည်ထား
ပြန်ရာ ရုန်းမရ နီးရက်နှင့်ဝေး မမီမကမ်းဖြစ်လိုက်
ရုန်းလိုက်ဖြင့် တနေ့တခြား သိုးငယ်လည်း ပိန်ချုံးလာသလို
သိုးမများလည်း သိုးငယ်ကို ကြောက်ကာ ပိန်ချုံးလာလေ၏။
ခုနှစ်ရက်ပြည့်သော် အတန်ငယ် ပိန်နေသောသိုးငယ်နှင့်တကွ သံတမန်ကို သဝဏ်လွှာနှင့်အတူ ပြန်စေလေ၏။
သဝဏ်လွှာ >>>>
" အကြည်တော်တို့၏ သိုးငယ်ကို အကောင်းဆုံးသော
အစာအဟာရတို့ကို ကျွေးမွေး၍ ခုနှစ်ရက်စေ့သဖြင့်
ပြန်ပို့လိုက်ပါသည်။သိုးငယ်အား ချိန်ကြည့်က တရတီမျှ
ပိုမလာကြောင်း တွေ့ရပေလိမ့် မည် "
သုံးပြည်ထောင် မင်းတို့လည်း '>>>
ကာလီဒါသသည် ငါတို့အား စစ်ပွဲ၏
အရိပ်နိမိတ်ကို ပြရုံပင်မကသိုးငယ် နှင့်
အကောင်းဆုံး အစာအဟာရပြဿနာကိုလည်း
ပညာရှိပီပီ ဖြေရှင်းခဲ့ပေပြီ။ စစ်ပြု၍ မတော် မိတ်ဆွေဖွဲ့
ပူးပေါင်းခြင်းသာ အကျိုးများမည်ဟု နှလုံးပိုက်၍
သဝဏ်လွှာသစ် ပေးပို့လေတော့သတည်း ………………………
……………………………………………………………………
…………………………………………………………………………
………………………………………………………………………………
မောင်သုခ
မျှဝေသည်။
credit.
ဦးလှဒင်
လူထုဦးလှ
ကာလီဒါသ လျှောက်ထုံး ။
No comments:
Post a Comment