"ဗုဒ္ဓ နှင့် တိတ်ဆိတ်ခြင်း- စကားပြောဆိုခြင်း (၂) "
{{{"ဗုဒ္ဓ နှင့် တိတ်ဆိတ်ခြင်း- စကားပြောဆိုခြင်း (၁) "
https://m.facebook.com/story.php?story_fbid=232123893848495&id=100011526584294
}}}
အထက်ပါ
"ဗုဒ္ဓ နှင့် တိတ်ဆိတ်ခြင်း- စကားပြောဆိုခြင်း (၁) "လင့်က
ပိဋကတ်တော် အထောက်အထားတွေကို
ကြည့်ရင် ဗုဒ္ဓ ဟာ တိတ်ဆိတ်ခြင်းကို လိုလားသလို
ဗုဒ္ဓမြတ်စွါ ရဲ့ သာဝကတွေဟာလည်း တိတ်ဆိတ်ခြင်းကို
လိုလားတယ်ဆိုတာ ထင်ရှားပါတယ်။ဒီနေရာမှာ ပိဋကတ်သမုဒ္ဒရာကို
မျက်မမြင်ဆင်စမ်းသလို တယူသန်စွဲယူ တလွဲယူဆမိတတ်ပြီး
ငါတို့ဟာ ဗုဒ္ဓအလိုကျ ဝစီပိတ် စကားမပြောဘဲ တုံဏှိဘာဝေ
နေကြရမှာလားလို့ (နေကြရမယ်လို့)ကျမ်းတဖက်တည်းကို
ကိုးကားစွဲယူပြီး ပြောစရာ မေးစရာ ရှိလာတတ်ပါတယ်။
ဒါမျိုး အလေ့အထကိုတော့ အဓမ္မဝါဒီတွေမှာ အများဆုံး
မြင်တွေ့ရတတ်လို့ လိုရမယ်ရ ဆိုရခြင်းပါ။
ဒီလိုလည်း ဝစီပိတ် စကားမပြောဘဲ တုံဏှိဘာဝေ နေရမယ်လို့ မဟုတ်ပါဘူး။
ဒါကိုတော့ အောက်ပါ ပိဋကတ်တော်တွေက ထင်ရှားစေပါတယ်။
………………………………………………………………………………………………………………………………………………………………………………………………………
(၂)" ဗုဒ္ဓဟာ စကားပြောဆိုခွင့် ပြုရဲ့လား "
ဝိနည်း ပိဋက >>> မဟာဝဂ် ပါဠိတော်>>>
တဦးနဲ့ တဦး စကားမပြောဘဲ နေထိုင်ကြပြီး
ချမ်းသာစွါ နေတယ်လို့ ပြောကြားတဲ့ ရဟန်းတွေကို
ဘုရားရှင် မိန့်တော်မုတာက >>>
ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော
ယောကျာ်းတို့သည် ရန်သူတို့ နေခြင်းကဲ့သို့ နေထိုင်ကုန်လျက်
ချမ်းသာစွါ နေ၏ဟု ဝန်ခံကုန်ဘိ၏။
ရဟန်းတို့ အဘယ်ကြောင့် (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော
ယောကျာ်းတို့သည် တိတ္ထိတို့ ဆောက်တည်ကုန်သော
သူအကဲ့သို့ စကားမပြောသည့်အကျင့်ကို ဆောက်တည်ကုန်သနည်း။
ရဟန်းတို့ တိတ္ထိတို့ ဆောက်တည်ကုန်သော
စကားမပြောသည့် အကျင့်ကို မဆောက်တည်အပ်။
ဆောက်တည်က ဒုက္ကဋ် အာပတ်သင့်၏။
…………………………………………………………………………………………………………………………………………………………………………………………………………
သုတ္တန်ပိဋက >>> ဒီဃနိကာယ် သီလက္ခန် ပါဠိတော်>>>
(၁) ဗြဟ္မဇာလ သုတ် >>>>
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။
မသိနိုင်ကြပါ အသျှင်ဘုရား။
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ”ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ”ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ်တက်ကြွခြင်း မဖြစ်စေသင်။့
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။
ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ ”ဤစကားသည် ဤအကြောင်းကြောင့်လည်းဟုတ်ပေ၏၊ ဤအကြောင်းကြောင့်လည်း မှန်ပေ၏၊ စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏”ဟုဟုတ်မှန်သည်ကိုဟုတ်မှန်သည့်အတိုင်း သင်တို့ ဝန်ခံရမည်။
………………………………………………………………………………………………………………………………………………………………………………………………………
အထက်ပါ ပိဋကတ် အထောက်အထားတွေကိုကြည့်ပြီး
ဘုရားရှင်ဟာ စကားပြောဆိုခြင်းကို ခွင့်ပြုတယ်ဆိုတာ
ထင်ရှားပါတယ်။ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင်လည်း
နောက်ဆုံး ပရိနိဗ္ဗာန် စံတဲ့အထိ တရားရေအေး တိုက်ကျွေးသွားခဲ့တာ
အထင်အရှားပါပဲ။ဘုရားရှင်ဟာ စကားပြောဆိုတဲ့အခါ
ဘယ်လို ပြောဆိုခြင်းမျိုးကို ညွှန်ပြသလဲလို့ အကျဉ်းချုပ်ဖော်ပြရရင်
…………………………………………………………………………………………………………………………………………………………………………………………………………
(၃)"စကားပြောဆိုခြင်းအတွက် ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ဟာ ဘာလဲ"
သုတ္တန် ပိဋက >>>> သဂါထာဝဂ္ဂသံယုတ် ပါဠိတော်>>>
(၈) ဝင်္ဂီသသံယုတ် >>> (၅) သုဘာသိတသုတ်>>>
"စကားလေးမျိုး"
(၁) သုဘာသိတ- ကောင်းသောစကား။
(၂) ဓမ္မ- တရားသောစကား။
(၃) ပီယ- ချစ်ဖွယ်စကား။
(၄) သစ္စ- အမှန်စကား
ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊ အဘယ်လေးပါးတို့နှင့်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏။ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊ တရားနှင့် စပ်ယှဉ်သော စကားကိုသာလျှင် ဆို၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မဆို၊ ချစ်နှစ်သက်ဖွယ် စကားကိုသာလျှင် ဆို၏။ မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊ အမှန်ကိုသာ ဆို၏။ မမှန်ချွတ်ယွင်းသော စကားကို မဆို၊ ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-
”ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော် ကောင်းတို့ဆိုကြကုန်၏။ တရားနှင့် စပ်ယှဉ်သော စကားကို ပြောဆိုရာ၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏။ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏။ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆိုရာ၊ ထိုစကားကို တတိယအင်္ဂါဟု ဆိုကြကုန်၏။ဟုတ်မှန်သော စကားကို ပြောဆိုရာ၏။ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထ အင်္ဂါဟု ဆိုကြကုန်၏”ဟု (မိန့်တော်မူ၏)။
အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏။ ထိုစကားသည် အမှန်ပင်ကောင်းသော စကားမည်၏။
အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက်ဝမ်းမြောက်နိုင်၏။ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူမူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏။ ထိုသူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။
မှန်သော စကားသည် စင်စစ် အမြိုက်သုဓာ နှင့် တူ၏။ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော် ကောင်းတို့သည် ဟုတ်မှန်သော အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်၏။
မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏။ ထိုစကားသည်သာ စကားတို့တွင်အမှန်ပင် မြတ်သော စကားတော်ပေတည်း”ဟု (မိန့်တော်မူ၏)။
……………………………………………………………………………………………………
……………………………………………………………………………………………………
အင်္ဂုတ္ထိုရ်ပါဠိ >>> ပဉ္စကနိပါတ် >>>
ဝါစာသုတ် >>>> ၌
“စကားအရာ အင်္ဂါငါးတန်”ဟု မိန့်၏၊
၁။အခြေအနေ အချိန်အခါကြည့်၍ ပြောရ၏၊
၂။မှန်ကန်စွာ ပြောရ၏၊
၃။ယဉ်ကျေး သိမ်မွေ့စွာ ပြောရ၏၊
၎။အကျိုးရှိသည်ကို ပြောရ၏၊
၅။မေတ္တာစိတ်နှင့် ပြောရ၏၊
ရဟန်းတို့ အင်္ဂါ ငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။ အဘယ်ငါးမျိုးတို့နည်းဟူမူ- အခါကာလအားလျော်စွာ ပြောဆိုအပ်သည်လည်းဖြစ်၏။ မှန်ကန်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ သိမ်မွေ့သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ဟု (မိန့်တော်မူ၏)
…………………………………………………………………………………………………
…………………………………………………………………………………………………
မဇ္ဈိမပဏ္ဏာသ ပါဠိတော် >>> အဘယရာဇကုမာရသုတ္တန်>>>
မှာလည်း စကားခြောက်မျိုးကို ပြဆိုပြီး ဘုရားရှင်ပြောကြားတဲ့
စကားနှစ်မျိုးကိုလည်း အောက်ပါအတိုင်းတွေ့နိင်ပါတယ်။
၁။အကြင်စကားသည် မဟုတ် မမှန်။အကျိုးစီးပွားနှင့်လည်း မစပ်၊ သူတစ်ပါး
တို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား
သည် ပြောဆိုတော်မမူ။
၂။ အကြင်စကားသည် ဟုတ် မှန်၏၊ အကျိုးစီးပွားနှင့်ကား မစပ်၊ သူတစ်ပါး
တို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား
သည် ပြောဆိုတော်မမူ။
၃။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်လည်း စပ်၏၊
သူတစ်ပါးတို့ကား မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုး၌ မြတ်စွာဘုရား
သည် ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆို
တော်မူ၏။
၎။ အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါး
တို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား-
သည် ပြောဆိုတော်မမူ။
၅။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါး
တို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား-
သည် ပြောဆိုတော်မမူ။
၆။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် စပ်၏၊ သူတစ်ပါး
တို့လည်း နှစ်သက်၏ နှစ်ခြိုက်၏။ ထိုစကားမျိုး၌ မြတ်စွာဘုရားသည်
ပြောသင့်သော အချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆိုတော်
မူ၏။
အထက်ပါ စကား ခြောက်ခွန်းတို့တွင် --
၃။ မှန်၍ အကျိုးစီးပွားနှင့် စပ်ယှဉ်သော သူတစ်ပါးတို့ မနှစ်သက်သော
စကား တစ်ခွန်း၊
၆။ မှန်လည်းမှန်၍ အကျိုးစီးပွားနှင့်လည်း စပ်ယှဉ်သော သူတစ်ပါးတို့
နှစ်သက်သော စကား တစ်ခွန်း --
ဤနှစ်ခွန်းသော စကားတို့ကိုသာ ပြောသင့်သော အချိန်ကာလကို
သိရှိသည်ဖြစ်၍ ဘုရားရှင်သည် ပြောဆိုတော်မူ၏။ ကျန် လေးခွန်းသော
စကားတို့ကို ဘုရားရှင်သည် မည်သည့်အခါမှ ပြောဆိုတော် မမူပေ။
ဤမျှဆိုလျှင် ဘုရားရှင်သည် တိတ်ဆိတ်စွါ နေထိုင်ခြင်းကို
လိုလားသည်ထက် တိတ်ဆိတ်စွါ နေထိုင်၍ ကောင်းသော အကျင့်၌
သီလ သမာဓိ ပညာ တည်စေခြင်းကို လိုလားတော်မူကြောင်း
သိရှိနိုင်ပေသည်။စကားပြောဆိုရာတွင်လည်း ဘုရားရှင် မည်ကဲ့သို့သော
စကားကို ပြောဆိုပြီး မည်သို့ ပြောဆိုရန် လမ်းညွှန် ဟောကြားခဲ့ကြောင်း
သိရှိ ဆင်ခြင်မိကာ ပညာရှိသူတော်ကောင်းတို့ အတုယူနိုင်ကြပါစေကြောင်း
………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………
စုည်းရှာဖွေတင်ပြသူ
မောင်သုခ
(25-July-2016)
ထေရဝါဒ အလင်းအိမ်မှ မျှဝေသည်