Saturday, January 13, 2018

ဘာမှ မပြောနဲ့ မင်းမှားတာ

" ဘာမှ မပြောနဲ့ မင်းမှားတာ  "

_______
မောင်သုခ
___________

[၁]

ဘာမှတောင် မပြောရသေးဘူး ။
ဟုတ်တယ် ဘာစကားမှတောင် မစရသေးဘူး။
အို စကားမစရဆိုလို့ ပါးစပ်လေးဟရုံရှိသေးတာ။
ဒါတင်ပဲလားဗျာ။ အသံတောင် တစက်မှ
မထွက်ရသေးဘူး။ ဒါကို " ဘာမှ မပြောနဲ့
မင်းမှားတာ " ဆိုတော့ ဘယ်လိုကြီးလဲဗျ။
ကြားလို့မှ ကောင်းကြသေးရဲ့လား။
ကျုပ်ကိုက ကံဆိုးတာပါဗျာ။ကျုပ်နဲ့
တွေ့သူတိုင်းက ဒီစကားပဲ
ပြောကြလေရဲ့။

ကျုပ်လား …
ကျုပ်ဘာမှ မလုပ်ရပါဘူးဗျာ။
ဘာမှ မလုပ်ဆိုလို့ ဘာမှလည်း သိပ်မလုပ်တတ်ပါဘူး။
ကျုပ်က တောသားဗျ။ တောင်ယာ လယ်စိုက်
ဒါပဲ ကျွမ်းတာ။ ဒီ ရန်ကုန်ရောက်မှ သုံးဘီး ဆိုက္ကားလေး
အနင်းသင် ဆိုက္ကားနင်းတယ်လေ။
ဆိုက္ကား ပိုင်ရှင်က တရုတ် အရှောင်။

အရင်လကအထိတော့ ဆိုက္ကားနင်းတာပဲ။
အဲဒီ့ အရင်လက ပဲပေါ့ဗျာ။စည်ပင်တွေ ဖမ်းတော့
ဆိုက္ကားလေး ပါသွားတယ်။

ပြန်လည်း မရွေးနိုင်ပါဘူး။
ဆိုက္ကားအုံနာ အရှောင်ကတော့ ကျုပ် ဆောက်သုံး
မကျလို့ဆိုပြီး အပြစ်တင်မာန်မဲနေလေရဲ့။
သူ့ဟာသူ ဆိုက္ကား ပြန်ရွေးပြီးသွားရင်လည်း ကျုပ်လို
တောသားတော့ လုံးဝကို မပေးတော့ဘူးဆိုပဲ။

တောသား မြို့သားကွာတာ ဒါပဲဗျ။
မြို့က ကောင်တွေက စည်ပင်တွေ
ဆိုက္ကားဖမ်းရင် မြန်မှမြန်ဗျာ။ အမေရိကန်တွေ
ဗီယက်နမ်ကို တိုက်တုန်းက ပျောက်ကြား
စစ်ဆင်ရေးနဲ့ ခံတိုက်သလို လှစ်ခနဲ လှစ်ခနဲ
ပျောက် ပျောက်သွားလိုက်တာ အံ့ရောပဲ။
ကျုပ်လို တောသား အူတူတူကတော့
ဘာမှန်း ညာမှန်း မသိတော့ ခံရတာပေါ့။

ကျုပ်လား ။ အရှောင့်ကို ကျုပ်ရှင်းပြမလို့ပါပဲဗျာ ။
ပါးစပ်လေး ဟရုံ ရှိသေး " ဘာမှ မပြောနဲ့ မင်းမှားတာ"
ဆိုလေရဲ့ ။ ထပ်ရှင်းပြဖို့ ပါးစပ်လေး ထပ်ပြင်တော့လည်း
" ဘာမှ မပြောနဲ့ မင်းမှားတာ" ဆိုပြန်ရဲ့။ဘာမှ
မပြောနဲ့ ဆိုမှတော့ ကျုပ်လည်း ဘာမှမပြောဘဲ
ပြန်ခဲ့ရတာပေါ့။ဘာမှမှလည်း ပြောလို့မှမရတာ။
အရှောင်က ဒါပဲ ပြောနေတာလေ။
" ဘာမှ မပြောနဲ့  မင်းမှားတာ " တဲ့။

[၂]

ဒါနဲ့ အလုပ်ကမရှိ စားစရာကလည်း မရှိတော့
အလုပ်လေး ထပ်ရှာတာပေါ့။ အဲ ကျုပ်ကံကောင်းတယ်ဗျ။
လမ်းထိပ်က လူပျိုကြီး ဦးလှဆွေ ဆိုင်ကယ်ကယ်ရီ
အငှားချထားတဲ့လူက အဲဒီ့တလောက သေသွားတယ်။
ဘယ်လိုသေတာလဲ ဆိုတော့ နေ့နေ့ညည
အရက်ဖြူကိုပဲ  နေ့တဓူဝ သောက်နေတာဗျာ။
မသေဘဲ ခံနိုင်ရိုးလား။ ဒီလိုနဲ့ ဦးလှဆွေ
အပူကပ်တော့ ဆိုင်ကယ် ကယ်ရီဆွဲဖို့
အဆင်ပြေသွားတာပေါ့။

ဖြစ်ချင်တော့  ဆိုင်ကယ်ကယ်ရီဆွဲကောင်းတုန်း
တရက်မှာ ဘုန်းကြီးတပါးနဲ့ သီလရှင်တပါး
ကယ်ရီငှားလေရဲ့။ သူတို့ ငှားတဲ့
ခရီးကအတော်ဝေးတယ်။ကျုပ် ပွတာပေါ့ဗျာ။
ငွေမနည်းဘူး ရမှာ မဟုတ်လား။ဒါနဲ့
လိုက်သွားတာပေါ့။

ညကလည်း ညဦးပိုင်းလေးပါပဲ။
လမ်းမှာ လူတော့ အတော်ပြတ်တယ်ဗျ။
လမ်းခုလတ် ဒီဇင်ဘာ ဆောင်းတွင်းလေ
အေးကအေးနဲ့ ကျုပ်လည်း သေးအတော်
ပေါက်ချင်တာမို့ ဆိုင်ကယ်လေးရပ်ပြီး
သေးခဏပေါက်တာပေါ့ဗျာ။

ဦးဇင်းနဲ့ သီလရှင်လည်း ကန်တော့ပါဘုရား
မြန်ပါတယ်ပေါ့။

ကောင်းကြသေးရဲ့လားဗျာ။
ဘုန်းကြီးကရှေ့ကမောင်း သီလရှင်ခမျာ
အနောက်ကနေ ဘုန်းကြီးခါးကို သိုင်းဖက်လို့
ကျုပ်ဆိုင်ကယ်လေး မောင်းပြေးလေရဲ့ဗျာ။
သင်္ကန်းလေး တလူလူ  တလူလူ နဲ့ ကျုပ်ဆိုင်ကယ်လေး
ပါသွားပါပြီ။ ညက အေးအေးနဲ့ အိမ်ကို
နှစ်နာရီလောက် လမ်းလျှောက်
ပြန်လာရတာ သေမတတ်ပေါ့ဗျာ။
နောက်ပိုင်းကြားတာတော့ ကျုပ်တို့နေတဲ့နား
ကျောင်းတိုက်တွေကနေ သီလရှင်နဲ့ ကိုရင်ကြီး
ခိုးပြေးတယ်ဆိုကြလေရဲ့။

ကျုပ်လည်း လူပျိုကြီး ဦးလှဆွေကို
ရှင်းပြမလို့ပါပဲဗျာ။ကျုပ်မပြောခင်
အကြောင်းစုံကို သူက သိနှင့် ပြီးပြီဗျ။

ပါးစပ်လေး ဟရုံ ရှိသေး " ဘာမှ မပြောနဲ့ မင်းမှားတာ"
ဆိုလေရဲ့ ။ ထပ်ရှင်းပြဖို့ ပါးစပ်လေး ထပ်ပြင်တော့လည်း
" ဘာမှ မပြောနဲ့ မင်းမှားတာ" ဆိုပြန်ရဲ့။ဘာမှ
မပြောနဲ့ ဆိုမှတော့ ကျုပ်လည်း ဘာမှမပြောဘဲ
ပြန်ခဲ့ရတာပေါ့။သူ့ကို ဘာမှလည်း ပြောလို့မှမရတာ။
ဒီလိုနဲ့  နောက်အလုပ်တခုပါ မရှိတော့ ပြန်ဘူး။

[၃]

ဒီလိုနဲ့  အလုပ်ထပ်ရှာရတာပေါ့ဗျာ။
ရန်ကုန် မင်္ဂလာဈေးမှာ အလုပ်ရလေရဲ့။
ပလက်စတစ် ပစ္စည်းတွေ အရောင်းဆိုင်မှာ။

ဆိုင်ဖွင့် ဆိုင်သိမ်း ဒီလောက်ပါပဲ။
ကော်ခုံတွေ ထမ်းထုတ် ပြန်သိမ်း ဒါလေးလုပ်ရတာ။
ကျုပ်အတွက်တော့ အပေါ့ဗျာ။ ပိုက်ဆံလည်း
မဆိုးပါဘူး။ တနေ့တခါ ရှင်းဆိုတော့ အဆင်ပြေတယ်။

တရက်တော့ မနက်စောစောစီးစီး
လူတယောက် စားပွဲခုံ လာဝယ်တယ်ဗျာ။
စားပွဲခုံ ဝယ်ပြီး ငွေရှင်းပြီး ဖုန်းတလုံးပါကင်ပိတ်ကို
အိတ်အထုပ်နဲ့ အပ်ထားပြီး ပြီးမှ ဝယ်ထားတဲ့
ခုံနဲ့ တပါတည်း လာယူမယ်ပြောတယ်။
ဆိုင်ရှင် အဖွားကြီးက ကျုပ်ကို သိမ်းထားဆိုတော့
ဆိုင်အပေါ်ထပ်မှာ သိမ်းပေးထားလိုက်တယ်။

သူကောင့်သား တနေကုန် လာပြန်မယူဘူးဗျာ။
ညနေ ဆိုင်သိမ်းတော့ ရဲတွေအုပ်လိုက်
ရောက်လာပြီး တဆိုင်လုံး ရှာတော့လေရဲ့။
ပြည်သူ့ရဲတွေ တော်လှပါတယ်။မနက်က
ကျုပ်တို့ဆိုင်မှာ ခုံဝယ်ပြီး ဖုန်းအပ်ထားခဲ့တာ
ဖုန်းမှ မဟုတ်ပဲဗျာ။ ဖုန်းပါကင်ဘူး အထဲမှာ
ဆေးခြောက်တွေ အပြည့်ပဲ။ဒါနဲ့ ဖမ်းရောပေါ့ဗျာ။
ဆိုင်ရှင် မိသားစုကလည်း တရပ်ကွက်လုံး
အော်ကြောလန်တွေဗျ။ဒါပေမယ့် ဒီကိစ္စကတော့
မတရားခံကြရတာပါ။ ကျုပ်ပါ အဆစ်ပါတာပေါ့ဗျာ။
ကျုပ်ကို ဆိုင်ရှင်အဖွားကြီးက ကျုပ်ဟာပါလို့
ဝန်ခံခိုင်းတယ်။ သူငွေပေးပါ့မယ်တဲ့။
ဘယ်ဖြစ်မလဲဗျာ။ ကျုပ်က တောသားဗျ။
ထောင်ကျမှာ သိပ်ကြောက်တယ်။ ထောင်ဆိုတာက
သရဲ အလွန်ခြောက်တယ် ဆိုလားပဲ။

ဒါနဲ့ အချုပ်ထဲ တလလောက်
နေလိုက်ရတယ်ဗျာ။
ကျုပ်ကို လွှတ်ခါနီး ဦးရဲကြီးတွေကို
ကျုပ်အဖြစ်မှန် သေချာ ရှင်းပြမလို့ပါပဲ။
ပါးစပ်လေး ဟရုံ ရှိသေး " ဘာမှ မပြောနဲ့ မင်းမှားတာ"
ဆိုလေရဲ့ ။ ထပ်ရှင်းပြဖို့ ပါးစပ်လေး ထပ်ပြင်တော့လည်း
" ဘာမှ မပြောနဲ့ မင်းမှားတာ" ဆိုပြန်ရဲ့။ဘာမှ
မပြောနဲ့ ဆိုမှတော့ ကျုပ်လည်း ဘာမှမပြောဘဲ
ပြန်ခဲ့ရတာပေါ့။သူတို့ကို ဘာမှလည်း ပြောလို့မှမရတာ။
တော်ကြာ ထပ်ပြောလို့ ဆောက်မြင်ကပ်ပြီး
ကျုပ်ကို အချုပ်ထဲ ပြန်ကောက် ထည့်လိုက်မှ ပြဿ      နာ
မဟုတ်လား။ဒီလိုနဲ့  နောက်အလုပ်တခုပါ
မရှိတော့ ပြန်ဘူးဗျာ။

[၄]

အခုလား …
ကျုပ် ရွာမှာပါပဲ။ ရွာထဲမှာ စပါးရိတ်
ရေထမ်း အပင်လေး ဘာလေးစိုက်။
တဝမ်းတခါးတော့ မပူရပါဘူး။ အေးအေး
ဆေးဆေးပါပဲ။ မြို့ကိုတော့ ကျုပ်ကြောက်
သွားပြီဗျ။ မြို့က အတော်လည်း ကြောက်စရာ
ကောင်းလှတယ်။မြို့တက် အလုပ်မလုပ်ရဲတော့ဘူး။
မြို့တခါတက် အလုပ်လုပ် လိုက်တာ
ဆိုက္ကား အသိမ်းခံရ ဆိုင်ကယ် အလုခံရတဲ့အပြင်
အချုပ်ပါတလလောက် ကျသွားတယ် မဟုတ်လား။

ကျုပ်တနှစ် နှစ်နှစ်လောက် မြို့မှာ
နေသားကျလိုက်တာ ရွာရဲ့ အခြေအနေတောင်
အတော် ပြောင်းလဲသွားပြီ။

ရွာက လုံမပျိုတွေက ရုပ်ရှင်ရိုက်တယ်ဆိုလား
ဘာဆိုလားပဲဗျာ။ ယောဂီအဝတ်အစားနဲ့
သေနတ်ကြီးတွေ လွယ်လို့ ။ အိုဗျာ
ကျုပ်ဒါကိုတော့ လက်မခံနိုင်ပါဘူး။
ကျုပ်တို့ တောသူ တောသားတွေ ရိုးအပေမယ့်
ဒီလောက်တော့ သိကြပါတယ်။

ကျုပ်​တို့ ဗုဒ္ဓဘာသာမှာ ​ယောဂီဆိုတာ
လူလို မ​နေချင်​လို့ ​လူဝတ်​​ကြောင်​ကိုစွန့်
တရားရှာကြသူ​တွေပါ။လူသတ်​​ဘို့ မ​ပြောနဲ့
ခြင်​တစ်​​ကောင်​​တောင်​ မသတ်မိအောင်
စောင့်ထိန်းဖို့အတွက် ဝတ်ဆင်ကြတဲ့
အဝတ်အစား အဖြူထည်ပါ။ဒါကိုလူသတ်​ 
သေနတ်​​တွေနဲ့ ပုံ​ဖေါ်ထားတာကတော့
ထေရဝါဒဗုဒ္ဓဘာသာနဲ့ ဆန့်​ကျင်​ဘက်​ ဖြစ်လို့
ကျုပ် အပြင်းအထန် ကန့်ကွက်တာပေါ့ဗျာ။

[၅]

အို့ ဗျာ …
ရွာ သူကြီးရော ကျောင်းထိုင်ဆရာတော်ရော
ကျုပ်ကို ပက်ပက်စက်စက် ခေါ်ဆူတော့တာပါပဲ။
" ဒါ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နေတာကွ။
မင်း ဘာနားလည်လို့လဲ ။  နောက်တခါ ဆိုရင်
ထိပ်တုံး ခတ်ခံရမယ် တဲ့ " " ဆရာတော်ကလည်း
ကြိမ်လုံးစာ မိမယ် တဲ့ "  ပြောတာ
ကြည့်ကြပါဦး ။

ဘုရားရှင်ဟောကြားတဲ့ တရားတော်နဲ့
ဆန့်ကျင်ဘက်အလုပ်ကို တခြားအဝတ်အစားနဲ့
လုပ်သင့်ကြောင်း လူသတ်လက်နက်ကြီးနဲ့
ယောဂီ အဝတ်အစား ဆန့်ကျင်ဘက်ကြီး
ဖြစ်နေကြောင်း ဒီလို ဒီလို မျိုး
ကျုပ်အဖြစ်မှန် သေချာ ရှင်းပြမလို့ပါပဲ။

ပါးစပ်လေး ဟရုံ ရှိသေး " ဘာမှ မပြောနဲ့ မင်းမှားတာ"
ဆိုလေရဲ့ ။ ထပ်ရှင်းပြဖို့ ပါးစပ်လေး ထပ်ပြင်တော့လည်း
" ဘာမှ မပြောနဲ့ မင်းမှားတာ" ဆိုပြန်ရဲ့။ဘာမှ
မပြောနဲ့ ဆိုမှတော့ ကျုပ်လည်း ဘာမှမပြောဘဲ
ပြန်ခဲ့ရတာပေါ့။သူတို့ကို ဘာမှလည်း ပြောလို့မှမရတာ။
တော်ကြာ ထပ်ပြောလို့ သူကြီးက ဆောက်မြင်ကပ်ပြီး
ထိပ်တုံး ခတ်ထည့်လိုက်မှ ပြဿ      နာ …
ဆရာတော်က ကြိမ်နဲ့ ဆော်မှ သေအုံးမယ်
မဟုတ်လား။ဒီလိုနဲ့ အခုတော့  အိမ်မှာပဲ
တိတ်တိတ်လေး ကုပ်ပြီး နေရတော့တာပါပဲ။

[၆]

သူကြီး ထိပ်တုံးခတ်မှာတော့
ကျုပ်သိပ်ကြောက်တယ်ဗျ။ ညညဆို ခြင်တွေက
ကိုက်တာ သေလုရောပဲဗျာ။နေ့ခင်းဘက်လေး
ခဏအိပ်ရမလား မမှတ်နဲ့။ ဒီကြားထဲ
သူကြီးမွေးထားတဲ့ ခွေး ဘိုနီကလည်း
ကျုပ်အိပ်ပျော်တာနဲ့  ကျုပ်ကို ခွပြီး
သေးလာလာ ပန်းတာလေဗျ။ ဒါ့ကြောင့်
ကြောက်တာပါဗျာ။

ကျုပ်အစက ထင်ထားတာ
" ဘာမှ မပြောနဲ့  မင်းမှားတယ် "
ဆိုတဲ့ စကားက မြို့ကလူတွေပြောကြ
သုံးကြတဲ့ တဖက်ပိတ် အတွေးအခေါ်နဲ့
စကားကြီး ထင်ထားတာဗျ။ ကျုပ်တို့ရွာလေးပါ
ခေတ်မှီလိုက်ပုံ ပြောမနေနဲ့။ သူကြီးရော
ရွာဦးကျောင်း ဆရာတော်ရော ကျုပ်ကို
ပြိုင်တူ ပြောထည့်လိုက်တာသာကြည့်ကြပေရော့ ။
" ဘာမှ မပြောနဲ့   မင်းမှားတာ "   တဲ့ ။

                                 မောင်သုခ
                                [24 _ Dec_ 2017]

No comments:

Post a Comment