Saturday, January 13, 2018

ဖားကဖား ငါးကငါး

" ဖားကဖား ငါးကငါး "   

_______
မောင်သုခ
_________

[၁]

မောင်ဖားနှင့် မောင်ငါးသည်
ရေကန်တခုထဲတွင် အတူတကွ
စကားပြောရင်း ကူးခတ်ပျော်မြူးနေကြ၏။
သူတို့နှစ်ကောင်စလုံး ကိုယ့်ကိုယ်ကို
ဖားလား ငါးလား မသိကြသေး။
အကြောင်းမှာတော့ မောင်ဖားသည်
ဖားတပိုင်း ငါးတပိုင်းဖြစ်နေပြီး
မောင်ငါးသည် အူလည်လည်
ငါးပေါက်စလေး တကောင်
ဖြစ်သောကြောင့်ပင်။

ဖြူစင်လှသော
သူတို့ကလေးဘဝတွင်
ယခုလို သင့်သင့်မြတ်မြတ်
ချစ်ချစ်ခင်ခင် ဆော့ကစားနေကြသော
ဘဝသည် လှလှပပပင်ဖြစ်သည်။

[၂]

တကယ်တော့ ဖားကလည်း
အခန့်မသင့်လျှင် ငါးအစာဖြစ်တတ်ပြီး
ငါးကလည်း အလျင်းသင့်ပါက ဖားအစာ
ဖြစ်တတ်ခြင်းကို သူတို့မသိကြသေး။

ဒီတော့ သူတို့နှစ်ဦး အတူတကွ
ပျော်ရွှင်စွါ ဆော့ကစားနေကြတာ
သဘာဝကျ၏။ဒီအချိန် ဘယ်သူကမှ
သူတို့ကို သွေးခွဲလို့မရ။ သူတို့ကလည်း
သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ တွေးမှာမဟုတ်။
ကစားနေရ တော်ပြီ။ ကြုံရာစားကြမည်။
မောက နားမည် ။

တချို့သော အကြောင်းကိစ္စတို့မှာ
သိပ်ရှုပ်ရှုပ်ထွေးထွေး မသိခြင်း
စိတ်မဝင်စားခြင်း နားမလည်ခြင်းသည်
ငြိမ်းချမ်းကြောင်း ဤနှစ်ကောင်က
သက်သေခံနေတော့၏။

[၃]

မောင်ဖားနှင့် မောင်ငါးတို့ ရေကန်ကျယ်ကြီးထဲ
ပတ်ကူးနေရင်း ကွေးကွေးကောက်ကောက်
တီကောင် ထက်ပိုင်းပြတ်ကို တွေ့လေ၏။
သူတို့ပါးစပ်သေးသေးလေးများများသည်
တီကောင်ကို မျိုချဖို့မပြောနှင့် အသားပဲ့
အောင်ပင် ဟုတ်တိပတ်တိ မကိုက်ခဲ
နိုင်ကြသေး ။ ငါးပေါက်လေးနှင့်
ငါးတပိုင်းဖားတပိုင်း ဖားပေါက်လေးတွေ
အဖို့ ဘယ်လိုများ ကိုက်နိုင်ပါမလဲ။

သို့သော် လျော့တော့ မတွက်လေနှင့်။
သူတို့နှစ်ကောင် ဇွဲတော့မလျှော့။ ရသလောက်အား
ကျယ်သလောက်ပါးစပ်လေးနှင့် မိခင်၏
နို့အား အငမ်းမရစို့သော ကလေးငယ်အလား
တီကောင်ကို တတွတ်တွတ်
ကိုက်ခဲကြလေတော့၏။

မောင်ဖားနှင့် မောင်ငါး စိုးစဉ်းမျှ မသိသည်မှာတော့
အဆိုပါ တီကောင်သည် ရေကန်ထက်မှ
လူတယောက် ငါးမျှားရန် ကိုင်းထောင်ထားသော
ငါးမျှားချိတ် တချောင်း ဖြစ်နေသည့်
အကြောင်းပင် ။

[၄]

သူတို့အတွက်တော့
ငါးမျှားချိတ်လည်း ပြဿနာတော့
သိပ်မရှိလှ။ သတ္တဝါနှင့် လက်နက်
ဘယ်လိုမျှ မမျှ။ ငါးမျှားချိတ်တွင်
တပ်ထားခံရသော တီကောင်မှာ
သူတို့ခန္ဓာကိုယ်တွေထက်ပင်
ကြီးမားနေ၏။

တီကောင်တကောင်လုံးကို
မျိုချနိုင်သော အကောင်များ မဟုတ်သလို
မျိုချရန်လည်း ငနဲသားတို့ စိတ်ပင်မကူးကြ။
ဒါကိုကပင် ဒင်းတို့အတွက်
အန္တရာယ်ကင်းနေသည်။

ခဏအကြာတွင် သူတို့ပတ်လည်တဝိုက်သို့
ဝုန်းခနဲဆို ငါးဖမ်းပိုက်ကွန်ကြီးတခု
ကျလာလေ၏။ ချက်ခြင်းပင် တရွေ့ရွေ့နှင့်
ငါးဖမ်းကွန်သည် လာရာလမ်းကို
ပြန်တက်သွား၏။ အကောင်
ကြီးကြီး ငါးများ ပိုက်ကွန်နှင့်အတူ
ကုန်းမြေပေါ်သို့ တရွေ့ရွေ့ပါသွားကြပေါ့။

မောင်ဖားနှင့် မောင်ငါးကတော့
သေးသေးကွေးကွေးလေးတွေ ။
ငါးဖမ်းပိုက်ကွန်အကွက်အကွက်တို့သည်
သူတို့ နှစ်ကောင်အဖို့ ရေလှိုင်းစီးရာအလားပင်။
မည်သို့မျှ အန္တရာယ် မဖြစ်စေနိုင် ။

တချို့သော ဘေးအန္တရာယ်တို့သည်
အကောင်ကြီးလေ လောဘကြီးလေ
ဘေးအန္တရာယ်ရှိလေ ဆိုခြင်းကို
ဤဖြစ်ရပ်မှ ပြောပြနေသလိုပင်။

[၅]

တဖြည်းဖြည်း ရက်မှ လသို့
ကူးပြောင်းလာပေရာ မောင်ငါးအဖို့
အရွယ်ရောက်သော ငါးတကောင်
ဖြစ်လာပြီး မောင်ဖားမှာလည်း
ဖားတပိုင်းငါးတပိုင်း အသွင်ပျက်ကာ
ဖားစင်စစ် အသွင် ထွက်လာပေတော့၏။

ဒီမှာ ပြဿနာစသည်။
ကကြိုးကကြောင် ဒီနှစ်ကောင်အကြိုက်က
မောင်ငါးသည် ကုန်းပေါ်မှာသာ နေချင်သော
ပြဿနာ ဖြစ်ပြီး မောင်ဖားမှာတော့
ရေအောက်တွင်သာ ကူးခတ်နေလိုခြင်းပင်
ဖြစ်တော့သည်။

တကယ်တော့
ဖားက ဖား ငါးကငါးပင်
မဟုတ်လေလော …???

                                 မောင်သုခ
                              [16-Dec-2017]

No comments:

Post a Comment