Saturday, January 13, 2018

အသည်းကွဲတဲ့ ခရစ်စမတ်

" အသည်းကွဲတဲ့ ခရစ်စမတ်… " 🎅 🎅 🎅

--------
မောင်သုခ
_____________

[၁]

ခရစ်စမတ်နေ့။ ဒီဇင်ဘာလ (၂၅)
ရက်နေ့ကို ခရစ်စမတ်နေ့လို့ ခေါ်တာ။
ခရစ်စမတ်ဆိုတာက ခရစ်တော်၏မွေးဖွားခြင်းလို့
အဓိပ္ပာယ်ရတယ်။ အေဒီ (၄)ရာစု မတိုင်ခင်ကတော့
ခရစ်စမတ်နေ့ကို အတိအကျ သတ်မှတ်ထားတာ
မရှိတော့ ဇန်န၀ါရီ ၆ ရက် _ မတ် ၂၅ ရက် _ ဒီဇင်ဘာ ၂၅ ရက် 
ဒီလို အသီးသီးကျင်းပခဲ့ကြတာပေါ့။အရှေ့ပိုင်းအော်သိုဒေါ့
အသင်းတော် (Eastern Orthodox Church) ကတော့
ဇန္နဝါရီလ (၁၇) ရက်နေ့ကို ခရစ်စမတ်နေ့လို့
ယူကြပါတယ်။ဒါက ဦးဟယ်ရီ ပြောလို့
ကျုပ် မှတ်ထားတာ။

ခရစ်စမတ်နေ့ဆိုရင် ကျုပ်တို့ ဗုဒ္ဓဘာသာ
လူငယ်တွေလည်း သူတို့နဲ့ ပက်သက်တဲ့
နေ့ထူးနေ့မြတ်လိုပါပဲ။ ခရစ်စမတ် နေ့ရောက်ရင်
ခရစ်စမတ်ကတ်လှလှလေးတွေ ဝယ်ပြီး
ချစ်ကြ ခင်ကြသူတွေကို ကတ်ထဲမှာ စာလေးတွေ
ရေးကြ။ လက်ဆောင်တွေ ပေးကြ။ချစ်စကား
ကြိုက်စကားတွေလည်း ပါတာပေါ့ဗျာ။

ခရစ်စမတ်ကဒ်လေးတွေဟာ အတော်
လှတာလား။ ရွှေရောင် ငွေရောင် တလက်လက်
ပုံလေးတွေ အမျိုးမျိုးနဲ့ လိုချင်စရာလေးတွပါ။

[၂]

ဒီခရစ်စမတ်ကဒ်လေးတွေ
ဝေငှတဲ့ အလေ့အထက
(၁၈၄၂) ခုနှစ်လောက်မှာ ပန်းချီဆရာကြီး
Egley ဆိုသူကနေ ခရစ်တော်မွေးဖွားခြင်းသတင်းကောင်း
ဖော်ပြတဲ့ အနေနဲ့ ကတ်ပြားလေးတွေပေါ်မှာ
မွေးဖွားခြင်းဆိုင်ရာ ရုပ်ပုံတွေရေးဆွဲပြီး
သူ့မိတ်ဆွေ အယောက် (၁၀၀) ဆီ ပေးပို့ရာက
စတင်ခဲ့တာ ဖြစ်တယ်လို့ သိရတယ်။

ကျုပ်လည်း ဒီနေ့တော့ ချစ်ရတဲ့
ခရစ်ယာန် ကောင်မလေးကို  ခရစ်စမတ်ကဒ်
လှလှလေးဝယ် အထဲမှာ ရည်းစားစာရေးပြီး ပေးလိုက်မယ်
စိတ်ကူးထားတာဗျ။ ဒီဇင်ဘာ ကျောင်းပိတ်ရက်
လာတော့မယ်လေ။ ကြိုပေးထားတာ
စိတ်ချရပါတယ်။

[၃]

ကျုပ်ဝယ်လိုက်တာ
ဆန်တာကလော့နဲ့ခရစ်စမတ်သစ်ပင်
ပုံပါတဲ့ ကဒ်လေး အတော့်ကို လှတာ။
ခရစ်စမတ်သစ်ပင်ဆိုတာက ဧဒင်ဥယျာဉ်ကြီးကို
ညွှန်းဆိုတာလေဗျာ။ ဘယ်လောက် အဓိပ္ပါယ်ရှိသလဲ။
ဒီ ဧဒင်ဥယျာဉ်ဆိုတာ နှယ်နှယ်ရရ နေရာလားဗျာ။
ခရစ်ယာန် ဘာသာ အယူဝါဒ အရ
လူသားတွေ သန္ဓေစတည်တာလည်း ဒီနေရာမှာ
လူသားတွေရဲ့  အချစ် အစပြုတာလည်း ဒီမှာပဲဗျ။

ခရစ်စမတ် သစ်ပင်ကို ရှေးရောမအင်ပါယာက
လူမျိုး တမျိုး သူတို့ ရိုးရာနတ်ပွဲမှာ သုံးခဲ့တဲ့
အမြဲစိမ်း သစ်ပင်က စတင်တာလို့ပြောကြသလို
သစ်ပင်ကိုးကွယ်တဲ့  လူမျိုးတမျိုးက အစပြုခဲ့တယ်လို့လည်း
ဆိုကြတယ်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကိုတော့
(၁၆၀၄)ခုနှစ်မှာ ဂျာမန်လူမျိုးများတွေက စတင်
အသုံး ပြုခဲ့တယ်လို့ ကြားဖူးနားဝတော့ ရှိတယ်။
ဘယ်လိုဖြစ်ဖြစ်ဗျာ။ ဒီနေ့တော့ ကျုပ်ချစ်ရတဲ့
ခရစ်ယာန် ကောင်မလေးကို ခရစ်စမတ် သစ်ပင်
ကဒ်လေး လက်ဆောင်သွားပေးမယ်။

[၄]

ခရစ်စမတ်နေ့မှာ သူမပါရင်မပြီးတာက
စန်တာကလော့လေဗျာ။စန်တာကလော့ ဆိုတာက
(AD 280) လောက်တုန်းက တူရကီမှာ
(St. Nicholas) ဆိုတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး
တပါး ရှိခဲ့ဖူးရဲ့။ သူက ခရစ်စမတ်နေ့
မရောက်ခင် ဒီဇင်ဘာ (၂၄) ရက်နေ့တိုင်းမှာ
လက်ဆောင်ထုပ်ကြီးသယ်ပြီး ကလေးတွေကို
လက်ဆောင်လိုက်ပေးတယ်။ဒီလိုနဲ့
နီကိုလပ်သေသွားတော့ ကလေးတွေက
လက်ဆောင်လာပေးဦးမလား ဆိုပြီး
အတော်လေး မျှော်နေကြတာပေါ့။

ဒါနဲ့ ကလေးတွေ မိဘများကပဲ
ဘုန်းတော်ကြီး နီကိုလပ် ကိုယ်စား
ကလေးတွေမသိအောင် လက်ဆောင်ထုတ်
ကလေးတွေ ချ ချထားပေးကြလေရဲ့။
နှစ်တွေ ကြာလာတဲ့နောက် ဘုန်းတော်ကြီး 
(St. Nicholas) ကို ဆန်တာကလော့စ် ဆိုပြီး
အခေါ်အဝေါ် ရွေ့လျားလာတာပါပဲ။

သမင် (၈) ကောင်ဆွဲတဲ့ လှည်းပေါ်မှာ
လက်ဆောင်ထုပ်ကြီးတင်ပြီး ခြူသံတညံညံနဲ့
ဆန်တာကလော့ကို ခရစ်စမတ်နေ့တွေတိုင်း
ကျုပ်တို့ ကလေးဘဝထဲက ရင်းနှီးပြီးသားပါ။

ဒီနေ့ တွေ့နေမြင်နေကြရတဲ့
စန်တာကလော့ ပုံစံက ပန်းချီဆရာ
သောမတ်စ်နတ်စ်ထ် ဆိုသူက
ပုံဖော်ရေးဆွဲခဲ့တာလို့ ဆိုကြတယ်။

[၅]

ကျုပ်ချစ်တဲ့ ခရစ်ယာန်ကောင်မလေးကို
ဒီလိုနဲ့ ခရစ်စမတ်ကဒ်လေး
သွားပေးလိုက်တာပေါ့ဗျာ။

သွားပေးပြီး  မကြာပါဘူးဗျာ။
ကျုပ်ဆီ ဆောင့်ကြီး အောင့်ကြီး ချက်ချင်းကို
ပေါက်ချလာပြီး ဖြောင်းခနဲနေအောင်
ပါးကို ရိုက်သွားလေရဲ့ ။ တခါတည်း ပြောသွား
သေးတယ်။ " သူများ ဘာသာကို မစော်ကားနဲ့တဲ့ "။

ကျုပ်ကဒ်မှာ ရေးလိုက်တာက

" သခင်ရေရှူ  မွေးဖွားတဲ့နေ့
   X-mas မှာ ပျော်ပါစေ။
   ချစ်တယ် …
                  အာပင် …  "

ဒီလိုလေးပဲ ရေးလိုက်တာပါဗျာ။
ဘာမှန်း ညာမှန်း မသိဘဲ ပါးတော့
အတော်ပူသွားရဲ့။

[၆]

ဒါနဲ့ပဲ ကျုပ်ဘေးနား တယောက်ကျော်က
အတန်းဖော်လည်းဖြစ် ခရစ်ယာန်ဘာသာလည်းဖြစ်တဲ့
ကိုကျော်စွါ ကို ကျုပ် ပေးတဲ့ကဒ်လေးပြပြီး
ဘာဖြစ်တာလဲလို့ မေးကြည့်တာပေါ့။

ကိုကျော်စွါကတော့
ကဒ်နဲ့ ရေးထားတဲ့စာသေချာကြည့်ပြီး
တဟားဟားနဲ့ ခွက်ထိုးခွက်လန်ကို
ရီလေရဲ့ဗျာ။သူကအတော့်ကို သဘောကျနေ
ပုံပါပဲ။

ဖြစ်ပုံက ဒီလိုဗျ။
ကျုပ်ပေးတဲ့ ကဒ်လေးမှာ  ခရစ်စမတ်
သစ်ပင်က ထိပ်မှာ ကြယ်မပါဘူးဗျ။
ကြယ်ဆိုတာကလည်း သိတဲ့အတိုင်း
ငွေမင် ရွှေမင်သုတ်ထားတဲ့ ဖောင်းကြွအမှုန်လေးတွေ
ဆိုတော့ကာ ပထမအရင်ကလေးတွေ
လုကြရွေးကြတုန်း ကွာကြသွားသလားပဲ။
ကျုပ်ဝယ်တော့  ကြယ်မပါတော့ဘူး။
ခရစ်စမတ်သစ်ပင်ဆိုတာက ထိပ်မှာ
ကြယ်မပါရင် အတုကြီးလို့
ယူကြတယ်လေ။

နောက်ပြီး ခရစ်ယာန်ဘာသာ
ဝင်တွေက Christmas လို့ရေးရမယ့်နေရာမှာ
X-mas လို့ အလွယ်ရေးတာ သဘောမကျကြဘူး။

[၇]

စာရေးထားတာလည်း ကြည့်ပါဦး။
ကျုပ်က မြန်မာဗုဒ္ဓဘာသာဆိုတော့ကာ
သခင် ယေရှု အမည်နာမနဲ့က သိပ်မရင်း
နှီးဘူး မဟုတ်လားဗျာ။ငယ်ကလည်း
ငယ်သေးတော့ စာလုံးပေါင်း
အရေးကြီးတာလည်း သတိမထားခဲ့ဘူး။
စာလုံးပေါင်းလည်း ဘယ်မှန်မလဲဗျာ။

ဒီတော့ ရေးထည့်လိုက်တာ
" သခင် ယေရှု  " လို့ ရေးရမယ့်နေရာမှာ
" သခင်  ရေ ရှူ   " ဆိုတော့ကာ
ရေ ရှူ နေတဲ့  အကြောင်း စော်ကားပြောသလို
ဖြစ်သွားတာပေါ့။

နောက် အောက်ဆုံးက " အာပင် "
ဆိုတဲ့ စကား။ ဒီစကားက အတော့်ကို
ဆိုးတာလားဗျာ။ တကယ်တော့
" အာမင် "  ဖြစ်ရမှာပါ။သေရောဗျာ။

[၈]

အာမင်ဆိုတာက ဟေဗြဲဘာသာက
ပြန်ဆိုထားတာ။ အဓိပ္ပါယ်က "သေချာတယ်_
စစ်မှန် တယ်_ ယုံကြည်စိတ်ချရ တယ် "
ကြေငြာချက်အတွက် ထွက်ဆိုချက်အမျိုးမျိုးပေါ်မှာ
သဘောတူညီ ကြောင်းဖော်ပြတဲ့
သက်သေအသုံး ပြုချက်။ဘုရားသခင်ရဲ့
ကတိတော်တွေဟာ သခင်ယေရှုခရစ်မှာ
ပြီးပြည့်စုံခြင်းရရှိတဲ့အတွက် သခင်ယေရှုကိုပဲ
" အာမင် " လို့ ခေါ်ဆိုနိုင်တယ်။

အဲဒီ့လောက် လေးနက်
ကျက်သရေ ရှိလှတဲ့ " အာမင် " ဆိုတဲ့
စကားကိုမှ ကျုပ်က  "  အာပင်  "  ဆိုပြီး
မှားရေးထားတာတော့ အတော့်ကို လွန်ပြီဗျာ။
ဒါက မတော်တဆ အမှားလို့ ဘယ်သူက
လက်ခံပါတော့မလဲ ။တွေးသာကြည့်ပေါ့။
ကျုပ်ကိုက သတ်ချင်စရာကောင်ပါ။

အင်း ပါးရိုက်တဲ့သူ
မမှားပါဘူးဗျာ။ ကျုပ်ကိုက မှားတာပါ။
ကျုပ်အဖြစ်ကျုပ် စဉ်းစားပြီး ငိုရခက် ရီရခက်ဆိုတာ
စဉ်းစားသာကြည့်ပါတော့။

တော်သေးတယ် အတန်းပိုင်
ဆရာမ သွားမတိုင်တာ ။ အဲဒီ့တုန်းကသာ
ဆရာမသွားတိုင်ရင် အဆော်ခံရမှာလည်း
သေချာသလောက်ပဲ။

[၈]

ကျုပ်ချစ်တဲ့ ကောင်မလေးရဲ့
ဘာသာကို ကျုပ်က စော်ကားပါ့မလားဗျာ။
ယောင်လို့တောင် မတွေးမိပါဘူး။

ဟိုကတော့ ကျုပ်ကို
အတော်လေးကို မုန်းသွားတာပဲ။
ပထမ ဒီအဖြစ်မတိုင်ခင်က အတော့်ကို
လေပေးတည့်နေတာ မဟုတ်လား။
ခရစ်စမတ်ကဒ် ပေးပြီး ပါးလာရိုက်သွားပြီး
ကတည်းက ကျုပ်ကို လှည့်ကို မကြည့်တော့တာဗျာ။
စိတ်နာသွားသလားပဲ။

ကျုပ်ရေးတဲ့ စာကို အတော်စိတ်ဆိုးသွား
တာပေါ့။ ကျုပ်လည်း ရှင်းပြဖို့ အခါခါ
ကြိုးစားပေမယ့်  " ဘာမှ မပြောနဲ့ မင်းမှားတာ "
ဆိုသလို ဘာပြောရမှန်းကို မသိတော့ပါဘူး။
ထပ်ပါးရိုက်ခံရမှာလည်း ကြောက်သဗျ။

[၉]

ဒါ့ကြောင့် ခင်များတို့လည်း
ခရစ်ယာန် ကောင်မလေး တယောက်ယောက်ကို
ပိုးတော့ ပန်းတော့မယ်ဆိုရင် အထက်က
အချက်တွေကို အတော်လေး သတိထားရင်တော့
အကောင်းဆုံးပါပဲ ။

Christmas ရေးရမယ့်နေရာမှာ
X -mas လို့ မရေးတာ အကောင်းဆုံးပါ။
ကျုပ်လိုမျိုး သခင်ယေရှု  စာလုံးပေါင်းကိုလည်း
" ရေ  ရှူ  "  ဆိုပြီး မရေးမိပါစေနဲ့။ခရစ်စမတ်
သစ်ပင်ဆိုရင်လည်း ထိပ်ဖျားမှာ
ကြယ်လေးပါပါစေ။ နောက်ဆုံးပိတ်
အရေးကြီးတာက " အာမင် " ဆိုတဲ့စကား။
ဒီလေးနက် အဓိပ္ပါယ်ရှိလှတဲ့  " အာမင် "
ဆိုတဲ့ စကားကို " အာပင် " ဆိုပြီး
သွားမလုပ်မိပါစေနဲ့။

ဒါက ကျုပ်အသည်းကွဲပြီးမှ ရခဲ့တဲ့
အတွေ့အကြုံလေးကို ပြန်မျှဝေတာပါ။
ခရစ်စမတ်နေ့မှာ အားလုံးပျော်ရွှင်ကြပါစေ။
ချစ်သူ ခင်သူတွေလည်း ချမ်းမြေ့ကြပါစေလို့
ဆုတောင်းရင်း …………………
…………………………………………………………
………………………………………………………………………

Merry Christmas to you all …🎅 🎅 🎅
လူသားအားလုံးကို ဘုရားသခင်
ကောင်းချီးပေးပါစေဗျာ…🎅 🎅 🎅

                                         မောင်သုခ
                                        [25_ Dec_2017]

မှတ်ချက် =  ရှစ်တန်းကျောင်းသားဘဝ
                  သူငယ်ချင်းတဦး၏ အဖြစ်အပျက်အား
                  အခြေခံ ရေးသားပါသည်။🎅 🎅 🎅

No comments:

Post a Comment