" သီတာ နှင့် ကြည်ပြာ… "
__________
မောင်သုခ
____________
[၁]
သီတာကို စတွေ့တော့
မိုးတွင်းကြီး ။ မိုးများ အသည်းအမဲ
ရွာနေ၏။ အသိတယောက်အိမ် နာရေး
သတင်းသွားမေးရင်း သီတာ့ကို တွေ့လေ၏။
ဖြူစင်ဝင်းအိနေသော အိအိထွေးထွေး
သီတာ့ကို စတွေ့တွေ့ခြင်း ကျွန်တော်
သံယောဇဉ်တွယ်တာ ကျွန်တော့်အမှားဟု
ဘယ်တော့မှမထင်။သီတာ့ကို
ခင်များတို့ တွေ့ကလည်း
ချစ်ကြ ခင်ကြမှာ မလွဲ။
သီတာက ချစ်စရာကောင်းတာကိုး ။
[၂]
ဒီလိုနှင့် အသိအိမ်မှအပြန်
သီတာ့ကို မရမက ကျွန်တော့်
အိမ်ခေါ်လာခဲ့တော့၏။သီတာသည်
တစိမ်းတယောက် အိမ်သို့လိုက်ရမှာ
အတော်ကြောက်ပုံပင်။ အတော်လေးကို
ငြင်းဆန်ရှာပြီး နောက်ဆုံး အားနာပါးနာနှင့်
တွေဝေငေးမောကာ လိုက်ခဲ့ရှာလေတော့သည်။
ကျွန်တော့်မှာ ပျော်လို့မဆုံး ။ သီတာ
အိမ်ကို ရောက်သည့်နေ့မှ စ၍ ကျွန်တော်အလွန်
ပျော်၏။ ကြည်နူး၏။ယခင်ကလို အထီးကျန်
မဆန်တော့ ။တယောက်တည်းမဟုတ်တော့။
ညအိပ်လျှင် ကျွန်တော် သီတာ့ကို
ဖက်ပြီးအိပ်၏။သီတာကလည်း
ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်သက်စွါ
အိပ်လေ၏။
[၃]
မှတ်မှတ်ရရ သီတာ ကျွန်တော့်အိမ်ရောက်သည့်နေ့တွင်
နံဘေးခြံမှ တက်ပု တကောင် အတော်ကို
ဟောင်လေ၏။ သီတာ့ကို ရန်သူတယောက်အလား
ကြည့်ပြီး စူးစူးဝါးဝါး အသံကုန် ဟောင်သည်။ မာန်ဖီသည်။
ခြံစည်းရိုး သံတိုင်ကျဉ်းကျဉ်းလေးတွေကြားက
ကျွန်တော့်ခြံဘက် တိုးဝင်ဖို့ အားထုတ်၏။
မတတ်သာသည့်အဆုံး သူ့သခင်မ
မကြည်ပြာ ခေါ်ရာအိမ်ပေါ်သို့
တက်ပြေးသွားလေသည်။
[၄]
ဒီလိုနှင့် သီတာနဲ့ ကျွန်တော့်ကြား
အနေကြာလာတော့ သံယောဇဉ်ခိုင်မာလာလေပြီ။
ကျွန်တော့်မှာ တကိုယ်ရေတကာယ
ထမင်းဟင်းချက်ပြုတ်စားနေရာမှ ယခု
သီတာ့အတွက်ပါ ပိုမို ချက်ပြုတ်လေ၏။
သီတာ့ အကြိုက်ကား ငါးကြော်ဖြစ်သည်ကို
ကျွန်တော် ကောင်းကောင်း သိနေပြီဖြစ်သလို
ကျွန်တော့်အကြိုက်ကား အလုပ်မှ အိမ်သို့
ပြန်လာရာတွင် နွေးနွေးထွေးထွေး ကြိုဆိုမည့်
သူလိုအပ်ကြောင်း သီတာကလည်း သိရှာနေပြီ။
အလုပ်မှ အိမ်သို့ပြန်လာတိုင်း သီတာက
နွေးထွေးစွါ ကြိုဆိုလေသည်။ကျွန်တော့်အနားက
မခွါ။ ကျွန်တော့်မှာ တနေကုန် မောပန်းခဲ့သမျှ
ကြက်ပျောက် ငှက်ပျောက်။ ဒီတော့
သီတာ့ကို အချစ်ပိုလေပြီ။
[၅]
တရက်တော့ အလုပ်မှ အိမ်သို့
ပြန်လာရာ ကျွန်တော့်ကား ပျက်လေတော့၏။
တတ်သလောက် မှတ်သလောက် ပြုပြင်ရာ
တုပ်တုပ်မျှ မလှုပ်။ မိုးကလည်း သည်းနေပြီ။
တလောကလုံး မှိုင်းလို့မှောင်။ အိမ်တွင်
သီတာ တယောက်တည်း ကြောက်များနေမလား
တွေးနေစဉ်။ နံဘေးနား ကားတစီး ထိုးရပ်၏။
အော် ဘေးခြံက မကြည်ပြာ ။ မကြည်ပြာ
စေတနာကြောင့် ကားကို ဝပ်ရှော့ပို့ပြီး
သူမ၏ကားနှင့်ပင် အိမ်သို့ပြန်ခဲ့၏။
မိုးကလည်း စဲသွားပြီ။
နဂို အိမ်ပြန်နေကြ အချိန်ထက် သုံးနာရီ
လောက် နောက်ကျသွားပေရာ။
သီတာ ဘယ်သို့ ရှိနေမည်နည်း ။
အိမ်သို့ အလောတကြီး ဝင်လိုက်ရာ
ခြံဝသို့ တမှိုင်မှိုင်တတွေတွေ ငေးနေသော
သီတာ့ကို တွေ့ရ၏။ ကျွန်တော့်တွေ့တော့
သီတာ ပျော်မဆုံး။ တတွတ်တွတ် စကားတွေ
ပြောရှာ၏။
[၆]
ဒီလိုနှင့် မကြည်ပြာနှင့် ကျွန်တော်
ချစ်သူတွေဖြစ်ကြ၏။ သူနှင့်ကျွန်တော်
အားလုံး အဆင်ပြေသည်။ သူမ မိဘတွေကလည်း
ကျွန်တော်နှင့် သဘောတူ၏။ ကျွန်တော်တို့
ချစ်သူနှစ်ယောက် ချစ်သူသက်တမ်း အစတွင်
အတော့်ကို ပျော်စရာ ကောင်းလေ၏။
တဘဝလုံး သတိရစရာ ။
မကြာပါ။ ပြဿနာက စလေပြီ။
တရက် သီတာတို့ အိမ် အလှူလုပ်ရာ
ကျွန်တော် သွား၏။ ဘယ်တုန်းကတည်းက
ချောင်းနေသည် မသိသော တက်ပုက
ကျွန်တော့်ကို ထိုးကိုက်လေတော့သည်။
ကျွန်တော့်မှာ အလူးအလဲ ကာကွယ်ရင်း
သွေးရူးသွေးတန်းဖြင့် တက်ပု၏ နှုတ်သီးကို
လက်နှစ်ဖက်နှင့် အားကုန်ချုပ်ထားမိရာ
နှာခေါင်းပိတ်မိလျက်သားဖြစ်ပြီး မကြာပါ။
အသက်ရှုကြပ်သည့် ဒဏ်ကြောင့်
တက်ပုတကောင် ခွေးလောကမှ ထာဝရ
စွန့်ခွါသွားလေတော့သည်။
ကျွန်တော့်မှာလည်း အတော့်ကို
မသက်သာလှ။တက်ပုကိုက်သော
ဒဏ်ကြောင့် ဖျားလေတော့၏။
ဆရာဝန်ဆေးထိုး ဘာထိုးနှင့်
အလုပ်မသွားနိုင်။နေအိမ်တွင်သာ
နားနေတော့သည်။
[၇]
မကြည်ပြာတို့ တအိမ်လုံးလည်း
ဝမ်းနည်းပက်လက်။ သူတို့ အချစ်တော်
တက်ပုတကောင် သေရှာလေပြီ မဟုတ်လော။
တရပ်ကွက်လုံးကြားအောင် တမိသားစုလုံး
အော်ငိုကြ၏။ ကြည်ပြာ၏ အဖေနှင့် အမေသည်
ကျွန်တော့်ကို လူသတ်မှုဖြင့် ရဲစခန်းတွင်
အမှုသွားဖွင့်သည်။ရဲစခန်းလည်း
" ကူညီပါရစေ " ဆိုင်းဘုတ်ကြီး ချိတ်ပြီး
ယခုအဖြစ်ကို ဘယ်လိုကူညီကြမလဲ
တွေးကြရင်း ခေါင်းကိုက်ပြီ။
ခွေးတကောင်ကို သတ်သည့်အတွက်
အမှုဖွင့်နိုင်သောဥပဒေကို သူတို့
စဉ်းစားမရကြ။
နောက်ပြီး သူတို့ခွေးက လူကို
စကိုက်တာ။ ထိုလူလည်း မသေရုံတမယ်။
ယခုလည်း ဖျားနာနေရှာ၏။
မတော် လူသေသွားလျှင်
ခွေးကို တရားစွဲရမည်လား။ ခွေးရှင်ကို
တရားစွဲရမည်လား။ တွေးသာကြည့်။
အတော် ဂွကျသည့် ကိစ္စ။
ဆိုတော့ကာ ကူညီပါရစေ ရဲကြီးများလည်း
မကြည်ပြာ၏ မိဘများကို ချော့မော့
ပြန်လွှတ်လိုက်လေ၏။
ပြဿနာက ဒီတင်မပြီး ။
အခုမှ စချေပြီ။
[၈]
မကြည်ပြာနှင့် ကျွန်တော့်ဆက်ဆံရေး
အတော့်ကို အေးစက်သွားခဲ့ပြီ။
ဒီကြားထဲ
မကြည်ပြာ ရဲ့ အဖေတယောက်
လေးဂွတလက်နှင့် ဟိုပစ်ဒီပစ်
ဂွပစ်ကျင့်နေတာ ခဏခဏ တွေ့ရ၏။
တရက်တော့ အလုပ်မှ
အိမ်သို့ ပြန်လာရာ ယခင်လို
သီတာက ထွက်၍ မကြို။
ကျွန်တော် စိတ်ထင့်သွားပြီ။
သီတာ ဘာများ ဖြစ်လေသလဲ။
အိမ်ထဲဝင်၍ သီတာ့ကို
အလျင်စလို ရှာမိ၏။
ဘယ်ဘက် ရင်အုံမှ နှလုံးသား
တဒိတ်ဒိတ် ခုန်နေသည်မှာ အပြင်သို့
ထွက်ပြုတ်ကျလာမလားပင်။
[၉]
သီတာ့ကို တွေ့ပြီ။
မြင်ကွင်းက ရင်နင့်စရာ။
ကျွန်တော်နှင့် သီတာ အတူတူ
အိပ်စက်သော အိပ်ရာပေါ်တွင် သီတာမှာ
သွေးချင်းချင်းရဲရဲနီလျက် တစောင်းလေး
လှဲနေရှာ၏။ လက်ယာဘက် လက်ပြင်အောက်မှ
စိုက်ဝင်ထားသော ဂျင်ကလိသံချောင်းသည်
ထုတ်ချင်းဖောက်လျက် ။
ကျွန်တော့်မှာ အရူးမီးဝိုင်းလေပြီ။
သူငယ်ချင်းဖြစ်သူ တိရစ္ဆာန်ဆေးကုသော
ဆရာဝန် မောင်ထင်ကို ဒရောသောပါး
ဖုန်းဆက်ခေါ်၏။ဖုန်းဆက်သော လက်တွေ
တဆတ်ဆတ်တုန်လျက်။ စကားသံလည်း
ပြာတိပြာယာ။အသံတို့ အက်ကွဲ နေပြီ။
သူငယ်ဖြစ်သူလည်း တခဏတွင်းပင်
ရောက်လာရာ တတ်စွမ်းသလောက်
ကြိုးစားရှာ၏။မရတော့ ။ သီတာတယောက်
ကြမ္မာဆိုးရှာပြီ။ အသက်မရှိတော့ ။
သေသွားလေပြီ။
ကျွန်တော်လည်း စိတ်လွတ်ကိုယ်လွတ်
ချုံးပွဲချ ငိုပစ်လိုက်သည်။ သူငယ်ချင်းဖြစ်သူ
ဆရာဝန် မောင်ထင်လည်း စိတ်မကောင်းရှာ။
သူပင် ကျွန်တော်ငိုနေတာကြည့်ပြီး
ယောကျာ်းကြီးတန်မဲ့ လိုက်ငိုရှာလေတော့၏။
သီတာ့ကို ဆေးကုပေးနေကြ ဆရာဝန်တယောက်အဖို့
သံယောဇဉ် အခံရှိထားသူမို့ သူလည်း စိတ်မကောင်းရှာ။
သူငယ်ချင်းနှစ်ယောက် ဝမ်းနည်းပက်လက်
ငိုယိုအပြီး ။ သီတာ့ကို မြေမြှုပ်ဖို့ စီစဉ်ကြ၏။
ခြံအတွင်း တရုတ်စကားပင်အောက်တွင်
သီတာ့အလောင်းကို ပန်းခင်းအပြည့်
ပုံးတွင်ထည့်ကာ မြေမြှုပ်လိုက်လေတော့သည်။
[၁၀]
သီတာ့ကို သတ်သောသူမှာ
မကြည်ပြာ၏ အဖေမှန်း ကျွန်တော်သိ၏။
အကြောင်းမှာ ကျွန်တော့ ခြံဝမှ အိမ်တံခါးပေါက်
တည့်တည့်သို့ လှည့်လျက် CCTV တပ်ဆင်ထားသော
ကြောင့်ပင်။ ကျွန်တော် အလုပ်တွင် အားနေက
အိမ်ထဲတွင် သီတာယောက် ဘယ်လိုဆော့ကစား
နေမလဲ အမြဲကြည့်ရှုနေကြ။ ကျွန်တော်ပြန်လာခါနီး
သူဘယ်လို ကြိုနေမလဲ အမြဲကြည့်နေကြ။
သူဆော့တာ ပြေးလွှားနေတာ ကြည့်ပြီး
အမြဲတမ်း ပျော်စရာ။
သီတာသေဆုံးသော နေ့တွင်
CCTV ကို မကြည့်ဖြစ်လိုက် ။
အကြောင်းမှာ ထိုနေ့အလုပ်အတော်များ
သောကြောင့် ဖြစ်၏.။
နောက်တနေ့ သတိရ၍ CCTV မှတ်တမ်းကို
ဖွင့်ကြည့်ရာ ကျွန်တော် ပြန်လာခါနီး သီတာခမျာ
အိမ်တံခါးဝ၌ ကြိုဆိုဖို့ ထိုင်နေစဉ်
မကြည်ပြာ၏ အဖေက ခြံစည်းရိုးသံတိုင်ကြား
မှနေ၍ ဂျင်ကလိဖြင့် သီတာ့ကို
ချောင်းပစ်ခြင်းပင် ဖြစ်တော့သည်။
[၁၁]
သီတာ့ကို မကြည်ပြာ အဖေ
သတ်ဖြတ်သော ဗွီဒီယိုဖိုင်အား
စာတိုက်မှနေ၍ မကြည်ပြာတို့အိမ်ကို
ကျွန်တော် ပို့ပေးလိုက်၏။
တလပြည့်တိုင်း တခါပို့ပေး၏။
မကြည်ပြာတို့ တမိသားစုလုံး ထိုကိစ္စကို
သိထားကြသော်လည်း ဟန်မပျက်ကြ။
မကြာပါ မကြည်ပြာတို့ နေအိမ်ကို
ရောင်းချပြီး မန္တလေးသို့ ပြောင်းသွားကြလေ၏။
ကျွန်တော်ကတော့ သီတာ့ကို မြေမြှုပ်ထားသော
နေရာလေးမှ ခွဲခွါ၍ ဘယ်ကိုမှ မသွား…
တရုတ်စကားပွင့်တွေ ပွင့်တိုင်း
ဝမ်းနည်းမိသည်။
အလုပ်မှ အိမ်သို့ ပြန်လာတိုင်း
သီတာ့ကို သတိရမိ၏.။
အခါခါ မျက်ရည်ကျမိ၏။
သီတာ ပြေးလွှားဆော့ကစားနေသော
ဗွီဒီယိုဖိုင်လေးများအား အမြဲကြည့်ဖြစ်ပြီး
သီတာ့ကို လွမ်းလို့ မဆုံး။ ငိုလို့ မဆုံး။
ထူးခြားချက်မှာ ကျွန်တော် မကြည်ပြာကို
လုံးဝ သတိမရ။ ကျွန်တော်သတိရတာ
သီတာ့ကိုပင်။ ကျွန်တော် တကယ်ချစ်တာလည်း
သီတာ့ကိုပင် ဖြစ်တော့၏။ …
နောက်ဆုံး ပြောဖို့မေ့နေတာလေး
ပြောရဦးမည် ။ သီတာဆိုသည်မှာ
အလွန်ချစ်စရာကောင်းသော
ကြောင်မလေး တကောင်ပင်
ဖြစ်လေတော့သတည်း……………
……………………………………
…………………………………………
မောင်သုခ
[16-Dec_2017]
No comments:
Post a Comment