Saturday, January 13, 2018

လူ့အလို နတ်မလိုက်နိုင် …???

" လူ့အလို နတ်မလိုက်နိုင် …??? "

~~~~~~
မောင်သုခ
~~~~~~~

[၁]

လူ့အလို နတ်မလိုက်နိုင်ဘူး ဆိုတဲ့စကား
ကြားဖူးမှာပေါ့ ။ ဟုတ်တယ်လေဗျာ
ဘယ်လိုက်နိုင်ပါ လိမ့်မလဲ။ လူဆိုတာ
ပစိပစပ် အတော်များတဲ့ သတ္တဝါ မဟုတ်လားဗျ။
လူဆိုတာမျိုးက ကိုယ့်အကြောင်းသာ ကိုယ်
သေသေချာချာလေး စိစစ်ကြည့်ရင် ငါတယ်လောဘ
ကြီးတာပါလား ဆိုတာ သိနိုင်လောက်ပါတယ်။

လူဖြစ်လာရင် ကိုယ့်ဟာကိုယ်လည်း အတော်လေး
ချစ်သလို သူများကို ချစ်တဲ့အခါမှာလည်း
အတော့်ကို အတ္တကြီးတာ မဟုတ်လား။
ဒါ့ထက်ဆိုးတာကတော့ လူဟာ
သေတဲ့အထိတိုင် ဘယ်တော့မှ
အလိုဆန္ဒမပြည့်ဝနိုင်တဲ့
အာဂ ထူးပေ့ဆန်းပေ့ သမိုင်းဝင်
သတ္တဝါဆန်းတကောင်ဆိုလည်း
မှန်နေမှာပါ။ကိုယ့်လိုဘက် ကိုယ်ကြည့်တဲ့
အထဲမှာ လူဟာ ထိပ်တန်းပဲ။

[၂]

အနော်ရထာလမ်းကနေ (၃၄)လမ်း
အလယ်ကို ဝင်လိုက်ရင် ဘယ်ဘက်ထိပ်မှာ
မုန့်ဟင်းခါးဆိုင်လေး တဆိုင်ရှိတယ်။ မဆိုးပါဘူး
သူ့အရသာက စာလို့သင့်တင့်တဲ့ အရသာပါပဲ။
အရမ်းအကောင်းကြီး မဟုတ်ပေမယ့်
အစားအသောက် အရသာ ချေးထူတတ်တဲ့
ကျွန်တော့်လျှာက မဆိုးဘူးလို့ မှတ်ချက်ချရင်
ဒါအတော်လေး အရသာ ရှိလို့ပဲ။

မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ တပွဲကို သူက ငါးရာပဲ
ပေးရတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်က
ခင်များ မုန့်ဟင်းခါး စားတာနဲ့ ရေနွေးကြမ်းလေး
တခွက် လာချပေးတတ်တယ်။တခြားဆိုင်တွေလို
ရေနွေးကြမ်းကို အိုးနဲ့ခွက်နဲ့ စားပွဲပေါ်တည်မထားဘူးဗျ။
ကျွန်တော့် ဓါတ်ခွဲခန်းတဖြစ်လည်း အလွန်ကြီးကျယ်တဲ့
လျှာဖျားကနေ အဖြေထွက်တာကတော့ သူ့ရေနွေးကြမ်း
အရသာလည်း မဆိုးဘူးဗျ။လက်ဖက်ခြောက်
ကောင်းလို့နေမယ်။

[၃]

ဒီမှာ ကျွုန်တော်အလိုမကျတာစပြီ။
အမြဲတော့ မဟုတ်ပါဘူးလေ။ တခါတလေ
မုန့်ဟင်းခါး စားနေရင်း စားတာတဝက်ကျော်လာတဲ့အထိ
ရေနွေးကြမ်းလာမချတာဘဲ။ ကျွန်တော်က စကား
များများ မပြောချင်ဘူး။ အလိုက်တသိ စနစ်တကျ
လုပ်ပေးတာကို သဘောကျတယ်။ ဒီလို
ရေနွေးကြမ်းမလာတဲ့အခါ မုန်းဟင်းခါးစားရင်
ငရုပ်သီးမှုန့်နဲနဲ ထည့်စားတတ်တဲ့ ကျွန်တော်ကပြဿ      နာ။
အဲတော့ ဆိုင်က ကောင်လေးတွေကို
အော်ရပြီပေါ့ဗျာ။ " သားရေ ရေနွေးကြမ်း "
ဒီလို ခေါ်ပေါ့။ တခါတလေ ကောင်လေးတွေလည်း
အလုပ်များတော့ မကြားကြတတ်ဘူး။ ဒီတော့လည်း
နောက်တခါ အော်ရတာပေါ့။ဒီမှာ သူတို့
အလုပ်ရှုပ်နေလို့ ထပ်ကြာလာရင်
နောက်ထပ် တခါအော်ပေါ့ဗျာ။
အဲ ဒီလောက်ဆိုရင်တော့
ရေနွေးကြမ်း အဆင်ပြေပါပြီ။

ကျွန်တော်က ဒီဟာကို သဘောမတွေ့ဘူးဗျ။
မုန့်ဟင်းခါး စားကောင်းပေမယ့် ရေနွေးကြမ်း
အော် အော်တောင်းရတာ သဘောမကျတာ။
ဖြစ်နိုင်ရင် စကားတလုံးမှ မပြောဘဲ
အလုပ်ပြီးချင်တာ မဟုတ်လား။
ကဲကြည့်ဗျာ  လူ့အလို နတ်မလိုက်နိုင်
ဆိုရမလိုလားပဲ။

[၄]

တချို့ရက်တွေ ကျွန်တော် (၃၄) လမ်းက
မုန့်ဟင်းခါး မစားဘူး။ အနော်ရထာလမ်းနေ
(၃၄) လမ်းကွေ့ပြီး အပေါ်လမ်းဘက် ဆက်တက်
လိုက်ရင် လမ်းထိပ်လောက်မှာ လှည်းကလေးနဲ့
ဘိန်းမုန့်သည်ရှိတယ်ဗျ။သူ့ဘိန်းမုန့်က ကြက်ဥနဲ့ဆို
တချပ် (၅၀၀) ထောပတ်ဘိန်းမုန့်ဆို နှစ်ချပ် (၅၀၀)။
ကျွန်တော်တော့ တချပ်တည်းကို (၅၀၀) ပေးရတဲ့
ကြက်ဥဘိန်းမုန့်ကို မစားပါဘူးဗျာ။ နှမြောစရာကြီး။
နှစ်ချပ် ငါးရာနဲ့ ထောပတ်ဘိန်းမုန့်ပဲ စားတယ်။
သူ့အရသာကလည်း မဆိုးပါဘူး။
စားကောင်းတဲ့အထဲ ပါပါတယ်။

ဒီမှာလည်း ကျွန်တော် အလို မကျပြန်ဘူးဗျ။
ဘိန်းမုန့်ဆိုတာက နှမ်းလေးတွေ
အပေါ်မှာ ကပ်နေပြီး အုန်းသီးလေး ဖြူးပေးတာကို
ကျွန်တော်က ပိုကြိုက်တာ။သူ့ ဘိန်းမုန့်က
မြေပဲ ထောပတ်လေးတွေတော့ ပါပါရဲ့။
နှမ်းနဲ့ အုန်းသီး မပါဘူးဗျာ။ ဒါက ပြဿ      နာ။
ကျွန်တော်မေးတော့ သူလည်း အမျိုးမျိုးတော့
ဖြေရှင်းလေရဲ့။ ကျွန်တော်က သူဖြေရှင်းတာ
နားထောင်ချင်တာ မဟုတ်ဘူးဗျ။ ဘိန်းမုန့်ထဲ
နှမ်းနဲ့ အုန်းသီးထည့်စေချင်တာ ။ ဒါပဲဗျ။
ကဲကြည့်ဗျာ  လူ့အလို နတ်မလိုက်နိုင်
သလားပဲ။

[၅]

တခါတလေ ကျပြန်တော့လည်း
ကျွန်တော် မုန့်ဟင်းခါးရော ဘိန်းမုန့်ရော မစားပါဘူး။
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းဘက်သွား
စာအုပ်အဟောင်းလေး ဘာလေး ဝယ်တာပေါ့။
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းလေးတွေကနေ
အဖိုးတန်စာအုပ်လေးတွေ ရတတ်သလို
ကျွန်တော်ကြိုက်တဲ့ ပန်းချီဆရာကြီးတွေရဲ့
မျက်နှာဖုံးပန်းချီပါ စာအုပ်လေးတွေလည်း
ရတတ်ပါတယ်။

ဒါပေမယ့် တခါတလေမှာ ဂွကျတာ
ရှိပြန်ပါရောဗျာ။ မှတ်မှတ်ရရ ယောမင်းကြီး
ဦးဖိုးလှိုင်ရေးတဲ့ " ဥတုဘောဇန သင်္ဂဟ " ကျမ်း
စာအုပ်ဝယ်တုန်းက တခါ။နောက်တခါက
ဆရာကြီး ဦးရွှေအောင်ရဲ့ " အတ္တဝါဒမှ အနတ္တဝါဒ" သို့
စာအုပ် ဝယ်တုန်းကတခါ။ နောက်အသစ်ပုံနှိပ်တဲ့
စာအုပ်ချင်းအတူတူ အပြင်လမ်းဘေး စာအုပ်ဆိုင်က
စာပေတိုက်တွေထက် ဈေးကြီးနေရဲ့ဗျာ။ဘယ့်နှယ့်
ဒါဖြစ်သင့်ရဲ့လား။ ထားပါတော့ စာအုပ်တိုက်တွေလို
အဖုံး စာရွက် အသစ်ချွတ်ချွတ်ချင်း တူလို့ စာအုပ်တိုက်မှာ
ရှာမရတော့လို့ သူက ဈေးကြီးတယ်ဆိုရင်တော့
ဒါ ဖြစ်သင့်ပါတယ်။

ကိုယ်ကလည်း လေးငါးရာ သက်သာမလားလို့
လမ်းဘေး စာအုပ်တန်း ဝယ်တာလေ။
အခုဟာက စာအုပ်သေချာကြည့်တော့လည်း
ဟိုစွန်း ဒီကွက်။ ဈေးကြပြန်တော့ စာအုပ်တိုက်ထက်
(၅၀၀) ပိုနေတယ်။ စာအုပ်တိုက်မှာလည်း
ရှိနေတယ်။ဒါဘယ်လိုဖြစ်တာလဲ မေးလို့
ဒီလို ဒီလို  ဖြစ်နေတယ် ဆိုပီး ပြောပြတော့
" ခင်များက စာအုပ်တိုက်တွေ အထင်ကြီးတော့
စာအုပ်တိုက်တွေ ဝယ်ပေါ့ဗျာ " လို့ အပြောခံ
ထိပေရောဗျာ။ဒီလိုဗျ။ ပန်းဆိုးတန်း စာအုပ်
အဟောင်းတန်းလေးတွေကနေအဖိုးတန်
စာအုပ်လေးတွေ ရတတ်သလို ကျွန်တော်ကြိုက်တဲ့
ပန်းချီဆရာကြီးတွေရဲ့ မျက်နှာဖုံးပန်းချီပါ
စာအုပ်လေးတွေလည်းရတတ်ပါတယ်။
ဒါတော့ မှန်ပါရဲ့ဗျာ။ဒါပေမယ့် တခါ တခါ
ဈေးစွတ်ပြောတာ ညစ်ပုပ်ကပ်ကျယ်လုပ်တာ
ခက်လှချည်ရဲ့။ကဲကြည့်ဗျာ  လူ့အလို
နတ်မလိုက်နိုင် ဆိုရပြန်မလားပဲ။

[၆]

အဲဒီ့ကနေ အိမ်ပြန်ဖို့ မဟာဗန္ဓုလပန်းခြံ
ရှေ့ကနေ စုပေါင်းတက္ကစီ စီးတယ်။
ဒီတက္ကစီ လေးတွေ ပေါ်လာတာ အတော်အဆင်
ပြေတာဗျ။ အရင်လို လိုင်းကား တိုးကြိတ်စီးပြီး
အချိန်လည်း သိပ်မကုန်တော့ ကောင်းတာပေါ့။
ဈေးလည်း မဆိုးပါဘူး။ ရှေ့ခေါင်းခန်း (၁၅၀၀)။
အနောက်ခန်း သုံးယောက်တင် တယောက်
(၁၀၀၀) ကျွန်တော်တော့ (၅၀၀)  နှမြောလို့
နောက်ခန်းစီးတာများပါတယ်။

ဒီမှာလည်း အဆင်တော့ပြေတယ်။
ပြဿ      နာကလည်း ရှိလာပြန်ရောဗျ။ ကျွန်တော်က
လူကောင် အရမ်းမသေးပါဘူး။ သူ့ဟာနဲ့သူ
ကြွက်သား ဘာညာ အရပ်အမောင်း ရှိတာပါပဲ။
ဒါပေမယ့် နောက်ခန်းသုံးယောက် စီးကြရင်
ကျွန်တော့်ထက် ဝသူ လူကောင်လေးငါးဆကြီးသူ
အဒေါ်ကြီးတွေ ဦးလေးကြီးတွေနဲ့ ကြုံတာ။
ကျွန်တော် ညပ်တာပေါ့ဗျာ။ ပူးပူးညပ်ညပ်
စီးရတာ ဘယ်နိပ်ပါ့မလဲ။ရှေ့ခန်းစီးပြန်လည်း
(၅၀၀) ပိုပေးရမယ်။ နှမြောစရာ။ နောက်မှာလည်း
လူကြပ်တတ်တယ်။ ကဲကြည့်ဗျာ  လူ့အလို
နတ်မလိုက်နိုင် ဆိုတာ မမှန်ဘူးလား။

[၇]

ဒီလိုနဲ့ တခါတလေ မုန့်ဟင်းခါးလည်း
မစား ဘိန်းမုန့်လည်း မစား စာအုပ်လည်း
မဝယ်တော့ဘဲ အိမ်ပြန်တဲ့အခါရှိတယ်။
ကျွန်တော်က တောမှာနေတဲ့ တောသားလေဗျာ။
ကားတဆင့်တည်းနဲ့ ဘယ်လိုများ အိမ်ရောက်ပါ့မလဲ။
သန်လျင် ကျိုက်ခေါက်ဘုရားကနေ နောက်
တဆင့် ထပ်စီးရတာပေါ့။အဲဒီ့ ကားပြောင်းစီးတဲ့
နေရာမှာ CP  ကြက်ကြော်ဆိုင်ရှိတယ်ဗျ။
ုကြက်ကြော် ရင်ပုံ နှစ်တုန်း ဝယ်ရင်
(၁၇၀၀) ပေးရတယ်။ ဒီတော့ အိမ်အတွက်
ကြက်ကြော် ဝယ်တာပေါ့ဗျာ။ ဒီကြက်ကြော်လည်း
အရသာ မဆိုးပါဘူး။

အိမ်ရောက် စားကြတာ ကုန်တာပါပဲ။
ဒါပေမယ့် ခက်တာက အချဉ်ရည်ဗျ။
အချဉ်ရည်။ ဆိုင်က ကလေးမလေးတွေက
အချဉ်ထုပ်လေးတွေကို သူ့အတိုင်းအတာနဲ့
သူထည့်ပေးတတ်တယ်။ သုံးလေးထုပ်ပေါ့ဗျာ။
အချဉ်ရည် ပိုမတောင်းရကောင်းလားဆို
အိမ်က ပွမ်ပြန်လေရောဗျာ။ဒါပဲဗျ။
လူ့အလို နတ်မလိုက်နိုင် ဆိုတာ
ကိုယ်တွေ့ကို သိပ်မှန်တဲ့ စကားပါပဲ။

[၈]

ဗုဒ္ဓဘာသာဝင်တွေ အဖို့  မြတ်မြတ်နိုးနိုး
လက်ခံထားကြတဲ့ ဗုဒ် သုံး ဗုဒ် ဆိုတဲ့စကား
ကြားဖူးမှာပေါ့။

ပထမ ဗုဒ်က ဘုရားရှင် ဗုဒ္ဓ l  ရှင်ဗုဒ္ဓဃောသ နဲ့
ဆရာတော် ဦးဗုဒ် တို့လေ။ရှင်မဟာ ဗုဒ္ဓဃောသ
ဆိုတာက သီဟိုဠ်ဘာသာနဲ့ရှိနေတဲ့ အဋ္ဌကထာတွေကို
ပါဠိလို ပြန်ဆိုတော်မူခဲ့တာမို့ ထေရဝါဒဗုဒ္ဓဘာသာဝင်များ
အလေးအမြတ်ထားကြတယ်။

ကျွန်တော် အလိုမကျတာက ဒီလို။
စဉ်းစားကြည့်လေဗျာ။ရှင်မဟာ ဗုဒ္ဓဃောသကို
ကျွန်တော်တို့ သိနေတာက မွန်လူမျိုးလို့
အစဉ်အဆက်ပြောနေကြတာ သိထားတယ်။

သီရိလင်္ကာ မဟာဝံသ ကျမ်းမှာက
ရှင်မဟာ ဗုဒ္ဓဃောသကို အိန္ဒိယ ဗုဒ္ဓဂါယာ
မဟာဗောဓိပင် အနီး ဃောသရွာမှာ မွေးတယ်
ဆိုပြန်တယ်။(Dharmananda Kosambi)
ရှင်ဓမ္မနန္ဒကောသမ္ဗိကတော့ ရှင်မဟာ
ဗုဒ္ဓဃောသဟာ ဗြဟ္မဏမျိုးနွယ်ဖြစ်ပြီး
ဗုဒ္ဓဂါယာမှာ မွေးတယ်ဆိုတာကို လက်မခံဘူး။
သူက အိန္ဒိယတောင်ပိုင်း တယ်လင်ဂနနယ်က
တယ်လဂူလူမျိုးလို့ ဆိုပြန်တယ်။ ဆရာကြီး
ဦးလူဖေဝင်းကတော့ စူဠဗုဒ္ဓဃောသနဲ့ မဟာ
ဗုဒ္ဓဃောသ နှစ်ပါးရှိခဲ့ကြောင်း ဆိုတယ်။
စူဠဗုဒ္ဓဃောသက ရှင်မဟာဗုဒ္ဓဃောသကို
သီဟိုဠ်က ပင့်လာတာလို့ ယူဆတယ်။

ဒီလို အမျိုးမျိုး အထွေထွေ ကွဲပြားနေတဲ့
ကြားမှမှ ကျွန်တော်ထင်နေတာက
ရှင်မဟာဗုဒ္ဓဃောသဟာ ပျူလူမျိုး
စစ်စစ်ကြီးလို့ ထင်နေတာဗျ။ ကဲ ပိုမရှုပ်ပေဘူးလား။
ဒါ့ကြောင့် ပြောပါတယ်။ လူ့အလို နတ်မလိုက်နိုင်
ဆိုတဲ့စကား အတော်မှန်ပါတယ်လို့။

[၉]

ဆရာတော် ဦးဗုဒ်ကတော့
ကုန်းဘောင်ခေတ်မှာ ထင်ရှားတဲ့ ရဟန်းတော်တပါးပါ။
ထေရအပါဒါန်ပါဠိတော် l ဘိက္ခု ပါတိမောက် l
ဘိက္ခုနီ ပါတိမောက် l ခုဒ္ဒသိက္ခာ အဋ္ဌကထာ l
ဝုတ္တောဒယ ဆန်းကျမ်း l သမ္ဗန္ဓစိန္တာ l သဒ္ဒနီတိ l
ရူပသိဒ္ဓိ အစရှိတဲ့ မြောက်များစွာသော ပါဠိကျမ်းဂန်
တွေကို အနက်မြန်မာ ပြန်ဆိုတဲ့အပြင်
ကဗျာသဒ္ဒ သင်္ဂဟလင်္ကာကျမ်း l ကဗျာ သာရတ္ထသင်္ဂဟ
မည်တဲ့ သတ်ပုံ နဲ့ " ဂိဟိဝိနယ " စတဲ့ ဆုံးမစာတွေကိုလည်း
ရေးသားခဲ့တဲ့ ဆရာတော်ကြီး မဟုတ်လား။
ဆရာတော်ကြီး ကျေးဇူးကြောင့်  ထေရဝါဒ
ဗုဒ္ဓဘာသာဝင်တွေ အတော့်ကို အကျိုးများခဲ့တာပါ။

ကျွန်တော်တို့ကသာ ဆရာတော်ကြီးကို
ဦးဗုဒ် လို့ခေါ်တာပါဗျာ။ တချို့က ဆရာတော်ကို
ဦးပုတ်တဲ့ ။ ဆရာတော်ကို အဖဦးအို အမိ ရှင်မွေး
တို့ကနေ အလုံမြို့ကျေး  ညောင်ကန်ရွာ အရှေ့တောင်
ယွန်းယွန်းလေးက ဒန်းဒိုင်ရွာမှာ မွေးတာလေ။
ဆရာတော် မွေးတဲ့အချိန်မှာ လကို ငပုပ်ဖမ်းတဲ့
အချိန်မို့ ဦးပုတ်လို့ ခေါ်ကြတာဆိုပဲ။

ဒီမှာ နောက်တမျိုးက ပညာရှိကြီး ဦးပေါ်ဦး။
သူက ပထမ အုတ်ကျောင်းဆရာတော်
ပျံလွန်တဲ့အခါ " မိုးကြီး ချုပ်လို့ ဘုတ်ကြီးမြည် _
ပူစီတဲ့ ဘုန်း l သာသနာ ဝါယမာ တဖန်ထုတ်ရန်ဖို့l
ရွှေဘုတ်ကယ် မယ့်ဆံထုံးမှာ နားလှည့်ပါအုံး "
ဒီလို တဘောင်ကြောင့် ဆရာတော်ကို ပင့်တာမို့
ဦးဘုတ်လို့ ခေါ်ပြန်လေရဲ့။ဦးဘုတ်
ဖြစ်ပြန်ပြီ။

ဒီလိုမျိုးတွေ ဦးပုတ်တို့ ဦးဘုတ် တို့ ခေါ်တာ
အတော်လေး နားကြားရ အဆင်မပြေတာပါဗျာ။
တကယ်တော့ ကျွန်တော်က ဦးဗုဒ် လို့သာ
ရေးကြ ခေါ်ကြတာသာ သင့်တော်တယ်လို့
ုမြင်နေတာ မဟုတ်လား။ ဒါမှလည်း ဗုဒ် အစ
ဗုဒ် အလယ် ဗုဒ်အဆုံး ဆိုတဲ့ မြန်မာစကားနဲ့
ညီပေမပေါ့။ ဒါပဲဗျ။ လူ့အလို နတ်မလိုက်နိုင်
ဆိုတဲ့ စကားလိုပေါ့။

ဒီလိုသာ တယောက်တမျိုး
မပြီးရင်ဖြင့် ဆရာတော်ဘွဲ့နာမည်လည်း
ဗုဒ် ရာက  ဘုတ်  ။ ဘုတ် ရာက ပုတ် ။
ပုတ် ရာက တုတ်တော့မယ် မဟုတ်လား။
ကဲပါလေ လူ့အလို နတ်မလိုက်နိုင်ဆိုတာ
ပြောပြန်ရင်လည်း မပြီးပါဘူး။ ကိုယ့်ဟာနဲ့ကိုယ်
ကိုယ့်အဖြစ်အပျက်လေးတွေသာ ထည့်တွေးပြီး
လူ့အလို နတ်မလိုက်နိုင်ကြောင်း သက်သေ
ပြလိုက်ပါဦးလို့ မေတ္တာရပ်ခံရင်း ဒီစာစုလေးကို
နိဂုံးချုပ်လိုက်ပါတယ်။

                                 မောင်သုခ
                                 [27-Dec-2017]

No comments:

Post a Comment