" အဓိပ္ပါယ်မပေါ်သော အပြုံး … "
__________
မောင်သုခ
____________
[၁]
ဖိုးသာထူး၏ မွေးရပ်မှာ တောင်ငူ (အုတ်တွင်း)မြို့
အနီး ပဲခူးရိုးမ တောင်တန်းကြီး၏ နံဘေး
လက်ပံခါးရှည်ရွာ ကလေးဖြစ်သည်။
ယခုတလော ဖိုးသာထူးတယောက်
မိမိမွေးရပ်မြေကို အလွန်သတိရနေတော့၏။
ရွာတွင် ဘိုးဘွား မိဘတို့ အမွေအနှစ်
အိမ်လေးမှာ ယခုထိရှိဆဲ။ကျန်းမာရေး
မကောင်းသဖြင့် မရောက်တာလည်း ကြာပေါ့။
ယခုလောက်ဆို အိမ်အိုလေး ဖုန်တွေ
အတော်တက်ရှာမည်။ခြံတဝိုက်လည်း
အပင်တွေ တောထ လောက်ရော။
အသက်ခုနှစ်ဆယ်ကျော် အဖိုးအို တယောက်အဖို့
ခရီးဝေးသွားဖို့က အတော်မလွယ်။ မျက်စိကလည်း
မှုန်နေပြီ။ ခြေလက်တွေလည်း ယခင်လို မသန်တော့။
စိတ်သွားတိုင်း ကိုယ်မပါတော့သော အရွယ်။
ရန်ကုန်မှ တောင်ငူ ခရီးသည် နီးနီးလေးတော့
မဟုတ်။
ဘာဖြစ်ဖြစ် မိမိဘဝနောက်ဆုံးအချိန်ကိုတော့
ဘိုးဘွားမိဘတို့ ခေါင်းချရာ လက်ပံခါးရှည်
ရွာလေး၌သာ ဖြစ်လိုသည်။မရောက်ရောက်အောင်
ဒီရက်အတွင်း သွားရမည်။
[၂]
ဖိုးသာထူး တယောက် မျက်စိမှုန်တာလည်း
အတော့်ကိုပင်။ သတင်းစာဖတ် စာဖတ်
ဝါသနာပါသော သူ့အဖို့ နံနက်တိုင်း
သတင်းစာဖတ်ဖြစ်၏။သူစာဖတ်တိုင်း
သတင်းစာနှင့် မျက်နှာကြား လေးလက်မပင်
အကွာ အဝေးမရှိတော့။ ဒီလောက်မှလည်း
ဖိုးသာထူး စာလုံးများကို ကောင်းကောင်း
မြင်ရ၏။
တာမွေ ပုသိမ်ညွန့်ရပ်ကွက်မှ
တချို့သော လူငယ်များသည် လည်းကောင်း
သက်လတ်ပိုင်း လူကြီးများသည်လည်းကောင်း
ပုသိမ်ညွန့် နှစ်လမ်းထိပ် သတင်းစာဆိုင်ရှေ့တွင်
ဖိုးသာထူးတယောက် သတင်းစာဝယ်အပြီး
ခေါင်းကြီးပိုင်းများ ကနဦး ဖတ်သွားလေ့ရှိသည်ကို
တွေ့ကြ မြင်ကြရမြဲ ဖြစ်ပေသည်။
သတင်းစာနှင့် မျက်နှာကို ကပ်ပြီး
သူစာဖတ်တာကို မြင်ကြသူများတွင်
ဇရာ၏ အရွယ်နှင့် အိုတတ် နာတတ်သော
သဘောကို နှလုံးသွင်းမိသွားကြသူများရှိသလို
" ဟိုမှာ ဖိုးသာထူး စာဖတ်နေတာ တွေ့လား "
" သတင်းစာကြီး ဝါးစား တော့မယ် …"
ဟူ ၍ စပ်ဖြဲဖြဲ ပြောင်ချော်ချော်
တီးတိုးပြောသွားကြသူများလည်း
ရှိလေ၏.။
ဒါတွေကိုတော့ ဖိုးသာထူး အဖို့
စိုးစဉ်းမျှ မကြားသလို သိလည်းမသိ။
မြင်လည်း မမြင်။ သတင်းစာခေါင်းကြီးပိုင်းများကို
အာရုံဝင်စားကာ အသည်းအသန် ဖတ်နေသော
သူ့အဖို့ ပတ်ဝန်းကျင်ကို ဂရုမထားမိသည်မှာ
သဘာဝကျပေတော့သည်။
[၃]
ဒီလိုနှင့် သိပ်မကြာလှ။
ဖိုးသားထူးတယောက်
တာမွေ ပုသိမ်ညွန့် ရပ်ကွက်လေးမှ
ပျောက်သွားတော့၏။ ဆွေမရှိ မျိုးမရှိ
လူပျိုကြီးမို့ ပတ်ဝန်းကျင်က သိပ်လည်း
ဂရုမထားမိကြ။ဖိုးသာထူးကလည်း နောက်ကြောင်း
ရှင်း၏။ မိမိ ပိုင်ဆိုင်သမျှကို လှူဒါန်းခဲ့ပြီးသား။
အမွေလုမည့် သူများလည်း မရှိ။
ဖိုးသာထူး ဆိုတာကလည်း ဗီဇတမျိုး။
တယောက်တည်းသာ နေလိုသူ။ စကားလည်း
အထွေအထူး သိပ်မပြောတတ်။ အဲ ပြောစရာ
ရှိလာပါကလည်း မည်သူ့မျက်နှာမျှ မကြည့်။
ချက်ကျလက်ကျ ပြောတတ်၏။
ပုသိမ်ညွန့် ရပ်ကွက်လေးသည် ဖိုးသာထူးကို
ဥက္ကဋ္ဌ အကြိမ်ကြိမ် တင်မြောက်ဖို့ ကြိုးပမ်း၏။
အခါခါ နားချ၏။ ဖိုးသာထူး လုံးဝ မလုပ်။
နားအေးပါးအေး နေလိုသူနှင့် ဒီအလုပ်
မအပ်စပ်ကြောင်း ရပ်ရွာက ရိပ်မိသွားကြ၍
နောင် မတိုက်တွန်းကြတော့။
[၄]
ဖိုးသာထူး လက်ပံခါးရှည်ရွာလေးသို့
ရောက်ချလာရာ တရွာလုံး ထူးဆန်းနေကြ၏။
ရန်ကုန်က တောင်ငူ (အုတ်တွင်း) ခရီးအဝေးကြီးကို
အသက်ခုနှစ်ဆယ်ကျော် အဖိုးကြီး တယောက်တည်း
ရောက်လာသည်ကို အံ့သြမဆုံးကြ။
ဖိုးသာထူး ရွာလေးသို့အရောက်
အသက်အရွယ်နှင့် မလိုက်အောင် လူငယ်လေးအလား
ပေါ့ပါး ဖျတ်လတ်စွါနှင့် ရွာတွင်း အိမ်တကာ
လိုက်နှုတ်ဆက်၏။
တရွာလုံးကလည်း ဖိုးသာထူး ရောက်လာတာကို
လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြရှာသည်။ ရှေးဟောင်း
နှောင်းဖြစ်တွေ ပြောကြဆိုကြ၏။ဖိုးသာထူး
တယောက် ပျော်လို့မဆုံး ။
ပဲခူးရိုးမတောထဲ ရေသဖန်းသီး ခူးစား။
ကျောက်ဂဏန်းတွေ ဖမ်းပြီး ပြုတ်စားကြတာ
အရသာရှိလှပုံ တောထဲ ဟိုးအဝေးကြီးက
ကျားဟိန်းသံကြား၍ ရွာသို့ အထိတ်တလန့်
ပြန်ပြေးကြပုံ ရေကန်များအတွင်း
(C4) ယမ်းပျော့နှင့် ဓါတ်ခဲတွဲကာ မိုင်းခွဲပုံ
မိုင်းဒဏ်ကြောင့် မူးနေသော ငါးရံ့ကြီးများ
ဆင်းစမ်းကြပုံတို့ကိုလည်း ပြန်ပြောင်း
သတိတရ ပြောဖြစ်ကြလေသည်။
[၅]
တကယ်တော့ ဖိုးသာထူး နေထိုင်လိုသော
ဘဝပုံစံမှာ ဟန်ဆောင်ခြင်းကင်းကင်းနှင့်
ဟိတ်ကြီးဟန်ကြီးများ မရှိသော တောဓလေ့
ရိုးရာ အတိုင်းသာ ဖြစ်ရှာ၏။မြို့လူတွေက
မရိုးသားကြ။ ဟန်ဆောင်၏။ လှည့်ပတ်၏။
မရှိကို အရှိ လုပ်တတ်၏။ အမှားကို အမှန်။
အမှန်ကို အမှား လီဆည်ကြ၏။ ဒါ့ကြောင့်
ဖိုးသာထူး သိပ်စကားမပြောဖြစ်တာ။
သိပ်အရော မဝင်တာ။ ခပ်တန်းတန်း
ခပ်မှန်မှန်သာ နေဖြစ်တာ။
ယခုကြည့်ပါလား။ မြို့က ဖိုးသာထူးနှင့်
တောက ဖိုးသာထူးကွာခြားချက်။ ဖိုးသာထူး
တယောက် စကားတွေ ဖောင်ဖွဲ့နေ၏။
စကားသံတော့ မပီ။ ဒါပေမယ့် အားရပါးရ
ပြောနေလိုက်ပုံ။ ရွာတွင်းရှိ ငယ်သူချင်းများ
ခုနှစ်ယောက်ရှိရာ သူတို့သုံးယောက်သာ
ရှိတော့၏။ ကျန်တာတွေ သေရှာကြပြီ။
အသက်တွေလည်း မနည်းတော့။
မသေ ခံနိုင်ရိုးလား။
ဖိုးသာထူး ဖိုးပု ဖိုးစိန် ဒီသုံးယောက်
ဆုံကြပြီး စကားတွေ
ပြောနေကြတာတနေကုန် မပြီး။
ဖိုးပု နှင့် ဖိုးစိန်၏
သားတွေ သမီးတွေ မြေးတွေကလည်း
တအံ့တသြ ဖြစ်ကြရှာ၏။သူတို့ ဖိုးအေတွေ
လူ့ဂွစာ လူ့ကန့်လန့်ကြီးတွေ ဖိုးသာထူးနှင့်ကြတော့
လေပေးဖြောင့် အားပါးတရ စကားပြောနေကြပုံ။
ဒီလိုပုံစံ တသက်လုံး မမြင်ဖူးခဲ့ကြ။ထူးပေစွ။
အံ့ပေစွ။ဆန်းပေစွ။ တတ်လည်း တတ်နိုင်ကြတဲ့
အဖိုးကြီးတွေ…သူတို့ချင်းတော့ ဟုတ်လို့။
[၆]
ဘိုးဘွားမိဘတို့ အိမ်နှင့်ခြံမှာ
အိမ်တွင် ဖုန်များ ချများတက်ကာ ခြံသည်လည်း
အပင်များ ပိတ်ဖုံး၍ တောဖြစ်နေပြီဟု
ဖိုးသာထူး ကနဦး ထင်မိထား၏။
မှားပေစွ။ ခြံတခုလုံး
သန့်ပြန့်နေကာ အိမ်မှာလည်း ဖုန်တစက်မှ
မရှိ။ဘယ်လိုဖြစ်တာလဲ ။ တရွာလုံး လူနေကြသော
အိမ်များ ခြံများပင် ယခုလောက်မသန့်။
ယခုလို မရှင်းလင်း။ဆေးများပင်
သုတ်ထားသေး၏.…။
အတူပါလာသော ဖိုးပုနှင့် ဖိုးစိန်ကတော့
ကျေနပ်ပီတိ ဖြစ်နေသည့် အပြုံးကိုယ်စီ။
ဖိုးသာထူးထံ အိမ်သော့ကို ဖိုးပုက
လှမ်းပေးရင်း " မင်း ရွာပြန်လာမှာကို
ငါနဲ့ ဖိုးစိန် ကျန်ခဲ့တဲ့ သုံးလလောက်ကတည်းက
ကြိုသိတယ်ဟ … ဒါ့ကြောင့် ရွာထဲ ကာလသား
တွေနဲ့ ငါတို့ သမီးတွေတသိုက်ကို ရှင်းခိုင်းထားတာပဲ…
ဘယ်လိုနေလဲ အဆင်ပြေရဲ့လားကွ …"
ဖိုးသားထူးတယောက် အံ့သြမဆုံး…
မျက်လုံးပင် ပြူးရချေပြီ။
" နို့ နေပါဦးဟ … ငါရွာ ပြန်လာမှာ
မင်းတို့နှစ်ယောက်က ဘယ်လိုသိတုံး…
ငါလည်း ကြေးနန်းမရိုက် ပါဘူး…"
ဖိုးပု နှင့် ဖိုးစိန် ပြန်ပြောသည်မှာ…
" တို့နှစ်ယောက် မင်းကို အိပ်မက်မက်တယ်ဟ.…
တညတည်းကို နှစ်ယောက်စလုံး တပုံစံတည်း
အိပ်မက်မက်ကြတာ … မင်းရွာပြန်လာတဲ့အကြောင်း
ငါတို့နဲ့ အတူ ပျော်ပျော်ကြီး စကားတွေ ပြောတဲ့
အကြောင်း … မထူးဆန်းဘူးလားကွ ဖိုးသာထူး…"
" မင်းအိမ်နဲ့ ခြံကို ငါတို့ ရှင်းခိုင်းလို့တောင်
ရွာက လူတွေက တို့နှစ်ယောက်ကို
"ရူးသွားပြီ.…
ဖိုးသာထူးက ရန်ကုန်မှာ သေပြီလား မသိ "
ဆိုပြီး တိုးတိုး တိုးတိုး တရွာလုံး အတင်းတုပ်ကြသေး
ငါ့လူရ … ရှေ့တင်တော့ ဘယ်ပြောရဲလိမ့်မလဲ …
လေးဂွစာတော့ ဒင်းတို့ကြောက်တယ် မဟုတ်လား…
တို့လက်ကလည်း အသက်သာကြီးတာ
အခုထိ တည့်တုန်းပဲ ဟား ဟား ဟား …"
ဖိုးသာထူး ဖိုးပု ဖိုးစိန် တို့
သုံးယောက်သား ရီမောသံသည်
လက်ပံခါးရှည်ရွာလေးသို့ ကြည်နူးစဖွယ်
ပျံ့နှံ့သွားပေတော့သည်။
[၇]
နောက်တနေ့ နံနက် …
ဖိုးသာထူး အိမ်သို့ ဖိုးစိန်နှင့် ဖိုးပုတို့
ရောက်လာရာ ဖိုးသာထူးကို မတွေ့။
ဘယ်များသွားသလဲ။ ရွာတွင်းလည်း နှံ့ပြီ
ရှာမတွေ့။ ဖိုးသာထူး တယောက် မျက်လုံးကလည်း
သိပ်ကောင်းတာ မဟုတ်။ ဝေးဝေးတော့
မသွားနိုင်ရာ ။ တရွာလုံး အနှံ့ မည်သူမျှ
ရှာမတွေ့ကြသေး။
ခုမှ သတိရသည်။ ပဲခူးရိုးမတောထဲရှိ
ရေသဖန်းပင်ကြီးဆီ သွားလေသလော။
ဒီအချိန် သဖန်းသီးသီးတာ သူတို့သုံးယောက်သား
အသိ။ ဒီအချိန်သဖန်းသီးထက် မည်သည့်
အသီးမျှ အရသာမရှိ။တောထဲ မိနစ်နှစ်ဆယ်လောက်
ဝင်မှ သဖန်းပင် ရှိရာ ရောက်မည်။ ဒီလောက်
အဝေးကြီး ဖိုးသာထူး မျက်စိ မှုန်မှုန်ဖြင့် ရောက်အောင်
သွားဖို့ ဘယ်လိုမှ မဖြစ်နိုင် ။ တောထဲ လမ်းပျောက်
နေမလား။ စိုးရမ်တကြီး တောထဲဝင်ကာ
ရှာကြ ဖွေကြတော့၏။
[၈]
ဖိုးသာထူး တယောက် ရေသဖန်းသီး
သုံးလုံးခူးခဲ့၏။ အကောင်းဆုံး အကြီးဆုံး
နီရဲ ဝင်းအိနေသော သဖန်းသီးကြီးများ
ရွေးခူးလာခဲ့သည်။ ထူးထူးခြားခြား ဒီမနက်
အိပ်ရာက နိုးကတည်းက မျက်စိနှစ်ဖက်
အကောင်းပကတိ။ အနီး အဝေး အားလုံး
ပြန်မြင်နေရ၏။ ဖိုးစိန်နှင့် ဖိုးပုသာ ဒီအကြောင်း
သိလေက ဘယ်လောက်ပျော်လိုက်မလဲ။
ဒင်းတို့ကို ပျော်စေချင်သောကြောင့်
တောထဲ ဝင်ကာ သဖန်းသီးခူးတာ။
ပြီးက ရွာပြန်ရပေမည်။
နေလည်း နွေးလာတုန်း မိမိကိုယ်တာ
သဖန်းသီး တလုံးစားကြည့်ဦးမယ်။
ရန်ကုန်တွင် အသီးပေါင်းစုံ စားဖူးသည်။
စုံလို့ ပုံလို့။ ဒီပဲခူးရိုးမက သဖန်းသီးကို
ဘယ်အသီးကမှ မမီ။ရန်ကုန်သူ ရန်ကုန်သားတွေ
ပဲခူးရိုးမထဲက သဖန်းသီးသာ စားမိချေက
ရန်ကုန်တောင် ပြန်ချင်မယ် မထင်။
အလွန် အရသာ ရှိလှ၏။စိမ့်လှ
ချိုလှ မွှေးလှသည်။
ရေသဖန်းသီး၏ အရသာမှာ အရင်အတိုင်းပင်။
နှစ်လေးငါးဆယ်သာ အပင်၏ သက်တမ်း
ကြီးလာ၏။ အရသာမှာ မပြောင်းလဲ။
ချိုဆဲ မွှေးဆဲ အိခနဲ။ စားလို့ အရသာ ရှိလှ၏။
ဘယ်အသီးမှ ယခုလောက်စားမကောင်း။
တကယ်တော့ "အသီးမှာ သရက် " ဆိုသော
စကားသည် စင်စစ်မှားပေစွ။ ဤရေသဖန်းသီး
မစားဖူးသော သူများ ပြောတာဖြစ်မည်။
[၉]
ဖိုးပု နှင့် ဖိုးစိန်ကို အဝေးကတည်းက
ဖိုးသာထူး လှမ်းတွေ့နေရ၏။
သူငယ်ချင်းနှစ်ယောက် သူ့ကို
စိုးရိမ်တကြီး လိုက်ရှာကြတာ နေမည်။
ရွာကလူတွေလည်း မနေနိုင် ကလေးတွေရော
လူကြီးတွေရော အို့ စုံလှချည်လား။လူအုပ်ကြီး
တပြုံတမ နှင့် သူ့အတွက် စိုးရိမ်ကြပုံပင်။
ရိုးအ အပြစ်ကင်းစင်လှသော
ဒီရွာသားတွေ မျက်နှာ မြင်ရတွေ့ရတာ
ဖိုးသာထူး သေပျော်ပေပြီ။
သူ့အနားရောက်လာသော
ဖိုးပုနှင့် ဖိုးစိန်ကို လက်ထဲက
ရေသဖန်းသီး နှစ်လုံး လှမ်းပေးလိုက်ရာ
ဒင်းတို့နှစ်ယောက် မျက်နှာ ပြုံးကျသွားပေတော့၏။
သူ့မျက်လုံးများ ပြန်ကောင်းတာ သိပြန်တော့
ဝမ်းသာ မဆုံးကြ။ ရေသဖန်းသီးများကို ကြည့်ရင်း
သုံးဦးသား ငယ်စဉ်ကလေးဘဝကို
ပြန်အမှတ်ရသွားကြပေတော့သည်။
ဖိုးသားထူး ဖိုးပု ဖိုးစိန် တို့
သုံးယောက်သား မျက်နှာပေါ်တွင်ရှိသော
အပြုံးကို တရွာလုံးကလူများ
အဓိပ္ပါယ်ဖော်ရခက်နေပေသည်။
ဒီအဖိုးကြီး သုံးယောက် တောကြီးမျက်မည်းထဲ
ရေသဖန်းသီးတွေ ကိုင်ပြီး အားရကျေနပ်လို့
ပြုံးနေကြတာ အဘယ့်ကြောင့်နည်း ။
သူတို့အတွက်တော့ ဖိုးသာထူးတို့ သုံးဦး၏
အပြုံးမှာ" အဓိပ္ပါယ်မပေါ်သော အပြုံး "
များသာ ဖြစ်နေပေတော့မည်တကား ………………
…………………………………………………………
…………………………………………………………
မောင်သုခ
[20- Dec_ 2017]
No comments:
Post a Comment