" အကောင့်ဟက်ခံရတာပါ "
__________
မောင်သုခ
____________
[၁]
မောင်မှန်တယောက် လူမှုကွန်ယက်
ဖေ့စ်ဘုတ်သုံးရာတွင် မှတ်မှတ်ရရ
အကောင့်သုံးခါ အဟက်ခံရဖူးလေ၏။
အကောင့်ဟက်ခံရသည် ဆို၍
သူတပါးက မောင်မှန်၏ အကောင့်အား
နည်းပညာအကူအညီဖြင့် ဟက်ကင်း
လုပ် ရယူသွားခြင်း မဟုတ်ပေ။
မောင်မှန်ခမျာ အရက်လေးတမြမြနှင့်
ရီဝေဝေ ဝါးတားတား ဖေ့စ်ဘုတ်သုံးနေရင်း
ပြဿနာအချို့အား မရှင်းနိုင်သောကြောင့်
အကောင့်ဟက်ခံရတာပါ ဟူ၍
ဖြေရှင်းရသောကြောင့် ဖြစ်၏။
ထိုသို့ မရှင်းလို့လည်း မဖြစ်။
ထိုသို့ မဖြေရှင်းကလည်း
မောင်မှန်တယောက် အသက်နှင့်ကိုယ်
အိုးစားကွဲနိုင်သော အကြောင်းတို့
ရှိနေပေ၏။
အကြာင်းကား ဤသို့တည်း …
[၂]
" မောင်မှန်နှင့် သူ့ဦးလေး ဦးသာဓု "
အချိန်ကား တနင်္ဂနွေနေ့ ညကိုးနာရီ
ခန့်လောက်။ အများသူငါ ရုံးပိတ်ရက်
နားနားနေနေဖြစ်သောကြောင့် ဖေ့စ်ဘုတ်တွင်
လူစုံတက်စုံ ဖြစ်နေသောအချိန်။
မောင်မှန်သည် ဂရန်းရိုင်ရယ်
ဝီစကီ လက်နှစ်လုံးခန့် ထည့်ထားသော
ဖန်ခွက်ကို နံဘေးနား ရေခွက်ထဲမှ
ရေအနည်းငယ် ရောဖြည့်လိုက်ပြီး
စွေ့ခနဲ့ မော့လိုက်သည်။
ဒီည ထွန်းထွန်းမင်း ဖန်တွေကို
အမုန်းဆဲရမည်။ ဒီကောင်တွေ အတော်လူပါးဝ၏။
တိုင်းတပါးမှ လာ၍ တမျက်နှာ တကောင်ကြွက်
ဒေ့ဗ်ကို ဆောက်တင်းတုပ်နေကြသည်မှာ
ထမီဝတ်မိန်းမကြီးများနှယ်။ ထွန်းထွန်းမင်းနှင့်
ဒေ့ဗ် လက်ဝှေ့ထိုးကြရာ ဒေ့ဗ်ထိုးသဖြင့်
ထွန်းထွန်းမင်း ကွဲရှုံး _ ဒူးလည်ရှုံး ရှုံးလေ၏။
ဒါကို မကျေနပ်ကြသော ထွန်းထွန်းမင်း ဖန်များက
နောက်ကွယ်တွင် ဒေ့ဗ်ကို အပုပ်ချ
အောက်လုံးထိုး၍ အတင်းတုပ်ကြလေ
တော့သည်။
ဒါမျိုး မောင်မှန် လုံးဝ လက်မခံ။
မြန်မာတွေက မိန်းမများလို သောက်တင်းမတုပ်တတ်။
ကြိုးဝိုင်းထဲတွင် အပြတ်ဆော်တတ်၏။
ဒင်းတို့ကြောင့် မြန်မာပြည် သိက္ခာကျသည်။
မြန်မာ့လက်ဝှေ့ဂုဏ်သိက္ခာတော့
အကျမခံနိုင်။ ထွန်းထွန်းမင်း ဖန်များကို
အမုန်းဆဲရမည်။
[၃]
မောင်မှန် ထိုသို့တွေးနေစဉ်
ဂြိုလ်သားပုံ ပရိုဖိုင်းနှင့် Thardu အမည်ရှိသော
အကောင့်တခုသည် " ကလန်ကလား လန်ဘား
ဒေ့ဗ်ကို အပြတ်ဆော်မယ့် ထွန်းထွန်းမင်း "
ဟုရေးထားသာ ပိုစ့်တခုအား မြန်မာ့လက်ဝှေ့ဂရုထဲ
တင်ချလာလေ၏။
မောင်မှန် စိတ်မထိန်းနိုင်တော့
ဒါသက်သက် စော်ကားတာ ။
ငါ့ ဦးလေး သာဓု အမည်သုံးပြီး
ဂြိုလ်သား ပရိုဖိုင်းနဲ့ ဘယ်ကကောင်လဲ။
အမုန်း ဆဲပြီ။
မောင်မှန် မဆဲခင် လက်စသတ်ထည့်ထားသော
ဝီစကီလေးကို ရေခပ်သွက်သွက်ရောထည့်။
စွေ့ကနဲ မော့ကာ ဖုန်းကို စာရိုက်ရန်
အသင့်ပြင်၏။မောင်မှန်က ရှင်းသည်။
နာမည်အမှန် ပရိုဖိုင်းအမှန် ဖြင့်
ဖေ့စ်ဘုတ်သုံးပြီး ဖော်လိုဝါလည်း
အတော်များများရှိသောကြောင့်
သူ့အကောင့်သည် ဘီလူးမပင်
ရထားလေပြီ။ အဲအဲ ဘလူးမာ့ခ်
(Blue Mark) ပင် ရထားပြီ။
[၄]
ဒေ့ဗ်အား စော်ကားမော်ကား
ပိုစ့်တင်လာသော Thardu အကောင့်အား
မောင်မှန်က ဆဲနည်းစုံပလုံ ကောမန့်များဖြင့်
အမုန်းဆဲလေတော့၏။
ထိုသို့ဆဲနေစဉ် Thardu အကောင့်မှ
ကောမန့်ပြန်ရေး၏။
" ဟေ့ကောင် မောင်မှန်
ငါ မင်းဦးလေး သာဓုကွ …
မိုက်ရိုင်းလှချည်လား မင်းအဖေနဲ့
တိုင်မယ် … သူတောင်းစားလေး
ရိုင်းလှချည်လားကွ ဟေ "
" မောင်မှန် ငါပါကွ ဟေ …"
ဟား …ဟား … ဟား …
မောင်မှန်ကို ဒါမျိုးလာလုပ်လို့မရ။
ဖေ့စ်ဘုတ်သုံးတာ အန်တိုနေပြီ။
အဲ အဲ စာရိုက်တာ များလွန်းလို့
လက်မ နှစ်ဖက်ပင် တိုနေပြီ။
သူ့ဦးလေး အကောင့်က ဦးလေးသာဓုပုံ
ပရိုဖိုင်းနှင့်ဖြစ်၏။ အခုအကောင့်က
ဂြိုလ်သားပုံ ပရိုဖိုင်း ဘာမှမဆိုင်။
မောင်မှန် ထပ်ဆဲလေ၏။
ဟိုဘက်အကောင့် မလှန်နိုင်အောင်
အမုန်းဆဲ၏။
" ဦးလေးလည်း ရီးပဲဟ။
ဒေ့ဗ်ကို အတင်းတုပ်ရင် ဆဲမှာပဲ "
" အေရိုးကြီး အသက်ကြီးပြီး
အချိန်မစီးဘူး။သူများဆောက်တင်း
ကွယ်ရာမှာ တုပ်နေတယ် "
" ရီးပုလား ထိုးမလား …
မောင်မှန်ကွ တမှန်ထဲရှိတယ် "
မူးမူးရူးရူး အရှိန်ကောင်းကောင်းနှင့်
အစရှိသဖြင့် စုံစီနဖာ
မောင်မှန်ဆဲလေတော့၏။
အမှန်တော့ မောင်မှန် အားရပါးရ
ဆဲနေသည့် အကောင့်မှာ အမှန်တကယ်ပင်
သူ့ဦးလေး ဦးသာဓု၏ အကောင့်ဖြစ်လေသည်။
ဦးသာဓုမှာ ဖုန်းအသုံးမကျွမ်းကျင်သဖြင့်
နှိပ်မိ နှိပ်ရာ လျှောက်နှိပ်ရင်းက
ပရိုဖိုင်းနေရာတွင် ဂြိုလ်သားပုံ ကန့်လန့်
ရောက်နေခြင်းပင်။
[၅]
တဖက်တွင်ကား ဦးသာဓုတယောက်
ဒေါသထွက်မဆုံး ။လက်သီးနှစ်ဖက်
ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
ညကြီးမိုးချုပ် ဟိုဘက်လျှောက်
ဒီဘက်လျှောက်ဖြင့်
နေအိမ်တွင် ဂနာမငြိမ်။မောင်မှန်ကို
စိတ်ဆိုးလွန်း၍ သူ့ဖုန်းအသစ်ကြီး
ဖြစ်သော apple ဖုန်းကြီးကို
ဒေါကြီး မောကြီးဖြင့်
ကိုင်ပေါက်လိုက်ရာ ဖုန်းလည်း
တစစီကွဲလေပြီ။
တောက် … မောင်မှန် …
ငါ့လက်နဲ့ မိရင် ဒင်းအသက်ထွက်ဖို့သာပြင်။
ဦးသာဓု ဆိုတာလည်း ပေါ့သေးသေးမဟုတ်။
လက်ဝှေ့သမားဟောင်းကြီးဖြစ်သည်ပင်။
[၆]
မောင်မှန်ကို ဟိုနေ့က ကတည်းက
ဦးသာဓု ကြည့်မရ။ ဒေ့ဗ်နှင့် ပြင်သစ်လက်ဝှေ့သမား
ကော်တန်ယာလွန်တို့ ထိုးကြရာ ပြင်သစ်က
ဖင်လှည့်လှည့်ပေးသည်ကို ဒေ့ဗ်က ကြိုးဝိုင်းပေါ်တွင်
ဖျင်ကိုချသော အမူအယာလုပ်လေ၏။
ဒါမျိုး ရိုင်းစိုင်းသော အမူအယာမျိုး
မြန်မာ့လက်ဝှေ့တွင် ဦးသာဓုက လုံးဝလက်မခံ။
ဒါကို မောင်မှန်ပြောတာကြည့်။
" ဦးလေး ဦးသာဓု တကယ်တော့
ဒေ့ဗ်က သတ်ဆယ်သတ်မြောက် အကွက်ကို
တီထွင်သွားတာဗျ။မြန်မာ့လက်ဝှေ့မှာ
သတ်ကိုးသတ် မောင်းကိုးမောင်းပဲ
ရှိတာ ဒေ့ဗ်ကြောင့် သတ်ဆယ်သတ်
ဖြစ်သွားပြီ။ တိုးတက်လာပြီဗျဟူ၍
ပေါက်ပန်းစေး ပြောလေ၏။
ဒီကတည်းက ဦးသာဓု မောင်မှန်ကို
မကြည်။ ညီဖြစ်သူ သာထူး မျက်နှာ
မထောက်လေက ဝါးပိုးဝါးကွဲသည့်
လက်သီးစာ မောင်မှန် မိမှာ အမှန်ပင်။
[၇]
ဟေ့ သာထူး … သာထူး…
တံခါးလာဖွင့်စမ်းကွ မြန်မြန် …
ဦးသာထူးခမျာ
မနက်စောစော အကိုဖြစ်သူ သာဓု၏
အသံကြောင့် ကမန်းကတန်း
ခြံတံခါးကို ဆင်းကာဖွင့်လေ၏။
ဦးသာဓုနှင့် ဦးသာထူးတို့ ညီအကို
နှစ်ယောက်မှာ တရပ်ကွက်တည်းနေ
လမ်းသုံးလမ်းသာ ခြားလေ၏။
စောစောစီးစီး
ငါ့အကို တယောက် ဘာများ
အရေးတကြီး ဖြစ်သည်မသိ။
ဖုန်းလည်း တင်ကြို မဆက်။
ဦးသာထူး၏ နေအိမ်အတွင်း
လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း ဒေါကြီးမောကြီးနှင့် ဝင်ချလာသူမှာ
ဦးသာဓု ။ ကိစ္စကား ညတုန်းက
မောင်မှန်း မူးမူးနှင့် ဦးလေးရော ဘာရော
မသိ ဆဲခြင်းကြောင့်ပင်။
[၈]
ဦးသာဓု …
" ခေါ်စမ်းကွ မင်းသား မောင်မှန်ကို…
မိမဆုံးမ ဖမဆုံးမကောင် …
ငါ့လက်နဲ့ ဒင်းတွေ့စေရမယ် "
ဦးသာထူး …
ဟုတ် အကို …
ခေါ်ပေးပါ့မယ်။ ဘာဖြစ်ကြတာလဲ
ကျွန်တော့်ကိုတော့ ပြောပြပါဦးအကို။
မထိတ်သာ မလန့်သာပါလား အကိုရယ် ။
ဦးသာဓု ညက အကြောင်းကို
ပြန်ပြောပြလေ၏။ သူ့ကို မောင်မှန် မိုက်မိုက်
ရိုင်းရိုင်းဆဲပုံ ဒေါသထွက်၍ ဖုန်းပါရိုက်ခွဲလိုက်ပုံ
အစရှိသဖြင့် ပြောလေတော့၏။
ဦးသာထူးမှလည်း မောင်မှန်ကို
အင်တာနက်ပေးမသုံးတာ သုံးရက်ရှိပြီ
ဖြစ်ကြောင်း စောစောစီးစီး အိပ်ရာဝင်သော
မောင်မှန် အင်တာနက်သုံးသည်မှာ
လူမှားတာဖြစ်မှာပါဟု ပြောဆိုလေ၏။
အကိုဖြစ်သူ ဦးသာဓုကို တမျိုးလုံးက
ကြောက်ရ၏။ ပြန်ဆဲဖို့ မဆိုထားနှင့်
ပြန်ပင် မပြောရဲကြ။ မောင်မှန်လည်း
ဆဲရဲမည်ဟု ဦးသာထူး မထင်ပေ။
ဝါးပိုးဝါး ထက်ခြမ်းကွဲသော
ဦးသာဓုလက်သီးကို မကြောက်ဘယ်သူ
ရှိမည်နည်း။
တကယ်တော့ မောင်မှန်
သူ့အခန်းထဲတွင် ဖုန်းအပို နှစ်လုံးကို
ဖွက်ထားပြီး အရက်သောက်လိုက်
ဖေ့စ်ဘုတ်သုံးလိုက်လုပ်နေသည်ကို
ဦးသာထူးတယောက် စိုးစဉ်းမျှ မသိရှာတာ
တော့ အမှန်ပင် ။ဘယ်သိမလဲ။
အခန်းတံခါးပိတ်ထားပြီး အထဲတွင်
လုပ်ချင်ရာလုပ်နေတာကိုး။
[၉]
ဦးသာဓု ရှေ့သို့အရောက် မောင်မှန်ခမျာ
ကြောင်ရှေ့ရောက်သော ကြွက်နှယ်
တုန်တုန်ရီရီဖြစ်နေ၏။ မောင်မှန်သည် လူဖလံလေး။
လူသေးသေးလေး။ ဦးသာဓု၏ လက်သီးတလုံး
တလုံးမှာ မောင်မှန်၏ တမျက်နှာစာလောက်ကြီး၏။
အထိုးသာ တချက်လောက် ခံရပေက
အသက်ပါ ထွက်ဖို့ရှိလေ၏။မောင်မှန်
ကြောက်ဒူး တုန်လေပြီတကား။
ဦးသာဓု နှင့် ဦးသာထူးက
မောင်မှန်ကို ဖြေရှင်းချက်တောင်းလေပြီ။
မောင်မှန် ပြန်လည် ဖြေရှင်းသည်မှာ
တူရကီဟက်ကာများနှင့် မြန်မာနိုင်ငံဟက်ကာများ
တိုက်ပွဲတွင် မြန်မာဟက်ကာများမှ တူရကီတို့၏
18+ ဂရုများကို လက်စွမ်းပြ ဟက်ယူလိုက်ကြောင်း။
မောင်မှန်မှ ကြားဝင်ဖြေရှင်းပေးရာ
မြန်မာဟက်ကာများ မကျေနပ်သောကြောင့်
သူ့အကောင့် အဟက်ခံလိုက်ရကြောင်း
မဆီမဆိုင် အကြောင်းပြလေတော့၏။
ဦးသာထူးနှင့် ဦးသာဓုလည်း ရိုးအသော
တောင်သူများဖြစ်သောကြောင့်
တူရီးနှစ်ဦးပြဿနာတွင် ကမ္ဘာ့နိုင်ငံများပါ ပါလာမှာ
စိုးရိမ်သွားကြလေ၏။မောင်မှန်က ဦးသာဓုကို
ယခုလို ဆဲရဲလိမ့်မည်ဟုလည်း နှစ်ယောက်စလုံး
မထင်ထား။
မောင်မှန်ကလည်း
သူဆဲတာ မဟုတ် အကောင့်ဟက်ခံထားရ၍
မည်သူ သူ့အကောင့်ယူသုံးမှန်း မသိကြောင်း
ဖြောင့်ချက်ပေးလေရာ ဦးသာထူးမှနေ၍
အကိုဖြစ်သူအား apple ဖုန်းအသစ်တလုံး
လိုက်ဝယ် ပေးခြင်းဖြင့် အနှီပြဿနာကြီး
ငြိမ်းအေးသွားလေတော့၏။
[၁၀]
ဤသည်မှာ မောင်မှန်၏
ပထမဦးဆုံးသော အကောင့်အဟက်ခံရခြင်းဖြစ်၏။
ဒုတိယ အဟက်ခံရခြင်းမှာ မိမိချစ်သူ၏
အဒေါ်ဖြစ်သူအပျိုကြီး အကောင့်အား
မူးကလည်းမူး ချစ်ရသူလည်း အထင်နှင့်
အူတူတူ ညုတုတု ချစ်ရည်လူးစကား
သွားပြောမိခြင်းပင် ။
(အပျိုကြီးအကောင့် ပရိုဖိုင်းမှာ
မောင်မှန်ချစ်သူနှင့် နှစ်ဦးတွဲရိုက်ထားသော
ပုံဖြစ်၏။ အပျိုကြီး ဂွင်ဆင်ထားခြင်းပင်)
အညှာလွယ်သော အပျိုကြီး ကလည်း
ညတွင်းချင်းပင် မောင်မှန်ကို
အတည်ထင်သောကြောင့် အဖြေပြန်ပေးလေရာ
မောင်မှန် ပြဿနာ တက်ပေတော့သည်။
အပျိုကြီးကလည်း မောင်မှန်၏ချစ်သူ
ကောင်မလေးကို တူမလေးတယောက်တည်းမို့
မိမိအချစ်ဇာတ်လမ်းအား
ရင်ဖွင့်လေရာ မောင်မှန်၏ အကောင့်ကြီးနှင့်
မောင်မှန့် မျက်နှာ ပရိုဖိုင်းကြီးအား
ကလေးမ တွေ့သွားသောအခါ လှေနံနှစ်ဖက်နင်းသည်
အထင်ပေါက်၍ ပြဿနာ အကြီးအကျယ်
တက်လေတော့သည် ။
ဒုတိယ မြောက် မောင်မှန်အကောင့်
ဟက်ခံရခြင်း အကြောင်းကား
ဤသို့တည်း …
ဆက်ရန် ……………
…………………………
………………………………
မောင်သုခ
[15- Dec_ 2017]
No comments:
Post a Comment