Saturday, January 13, 2018

သူတော်ကောင်း ဓါးပြကြီး

" သူတော်ကောင်း ဓါးပြကြီး … "

_______
မောင်သုခ
__________

[၁]

" သူတော်ကောင်း ဓါးပြကြီး … " ဆိုသော
ခေါင်းစဉ်သည် စာရှုသူများ
နားထဲကန့်လန့်ဝင်ပြီး မျက်စိထဲဖုန်မှုန့်
ဝင်လေသကဲ့သို့  ရှုပ်ထွေးစရာပင်။

သူတော်ကောင်းက သူတော်ကောင်း
ဓါးပြ သူခိုးက လူဆိုးလူမိုက် မတူညီ
ဆန့်ကျင်သော ဒီနှစ်ခု တပေါင်းတည်းဖြစ်၍
ထူးခြားဆန်းပြား အဘယ်သို့များ
" သူတော်ကောင်း ဓါးပြကြီး … "
ဖြစ်လေသနည်း ။

အကြောင်းကား
ဤသို့တည်း ………

[၂]

မြိုင်သာယာ ရွာတကြောနှင့် ပဲခူးရိုးမတဝိုက်တွင်
ဓါးပြဗိုလ်ကြီးဖိုးညီ ကို မသိတဲ့သူ  မရှိ။
အကုန်ကြောက်ကြ၏။ထိတ်ကြ၏။
အသံကြားလိုက်ရုံနှင့်  ရင်တုန်ပန်းတုန်
ဖြစ်ကြသည်။ ဤသို့ သြဇာအာဏာ
ကြီးသော ဗိုလ်ကြီးဖိုးညီပေတကား။

လူကောင်က ထွားထွား။
လက်သံကလည်းပြောင်ပါဘိ။
တုတ် ဓါးကိုင်ထားသော
သုံးလေးငါးယောက်ကို တယောက်တည်း
လက်ချည်းသက်သက် အသာလေး
အနိုင်ယူ ထိုးသတ်နိုင်သူ။မြန်မာ့လက်ဝှေ့
ဗန်တို ဗန်ရှည် ကို အရေကြိုသောက်ထား
သလား ပြောရမလိုပင်။

အစိုးရအာဏာပိုင်တို့နှင့် ပေါင်းသင်းကာ
ရွာသူရွာသား နယ်သူနယ်သားများအပေါ်
ကုတ်သွေးစုပ် မတရားလုပ် ကြွယ်ဝချမ်းသာ
နေကြသူများအဖို့ သာမာန်ရွာသူရွာသား
တို့ထက် ဗိုလ်ကြီးဖိုးညီကို
ဆယ်ဆပိုကြောက်ကြ၏။

အကြောင်းကတော့ ဓါးပြဗိုလ်ကြီး
ဖိုးညီ၏ ပစ်မှတ်သည် သာမာန်ရွာသူ
ရွာသားတို့ ဘယ်တော့မှ မဟုတ်။
ဒင်းတို့ ဖြစ်နေသောကြောင့်ပင်။

[၃]

မောင်မှန်သည် မြိုင်သာယာ
ရွာသား။ ဆင်းရဲလွန်း၍ ရေထမ်းရောင်းသည်။
ရေထမ်းတာကလည်း ရွာတွင်းရှိ ဖိုးသံလုံး
အိမ်က ရေတွင်း အတော်သန့်၏။ထိုမှ
ထမ်းသည်။ဒီရေတွင်းက ဖိုးသံလုံးနှင့်
ဖွားမြင့်စန်းနှစ်ယောက် နေပူထဲ
ပင်ပင်ပန်းပန်း စပါးရိတ်၍ ရသော
အဖိုးအခကို  တလုံးတခဲတည်း တပြားမကျန်
အကုန်ထုတ်၍ တူးကာ တရွာလုံးသို့
လှူထားသော ရေတွင်း။ရွာတွင်းရှိ တပါးသော
ရေတွင်းတို့ထက် ကြည်တာ သန့်တာ
မထူးဆန်းလှ။ အလှူရှင်တို့ စေတနာသန့်သည်
မဟုတ်လေလော။

တနေကုန်ရေထမ်း၍ ရသောငွေကို
မောင်မှန်စနစ်တကျ သုံးစွဲတတ်၏။
နေရာ တခုတည်းတွင်သာသုံးသည်။
တနေကုန် တတွတ်တွတ် သောက်တာ
အားမရသေး။ နေဝင်လျှင် ပင်ပင်ပန်းပန်း
ရေထမ်း၍  ရသမျှအကုန် ချက်ကြီးတို့
အရက်ဆိုင်ဝင်ကာသောက်လေတော့၏။
မူးရူးပြီး အိမ်ပြန်က မယားဖြစ်သူ မယ်မျှင်နှင့်
သတ်ကြလေတော့မြဲ။

[၄]

ယနေ့တော့ မောင်မှန်အရက်
အများကြီး မသောက်ဖြစ်။ နည်းနည်းပါးပါး
သောက်ပြီး အိမ်ပြန်လာသည်။ ထိုသို့သော
နေ့မျိုး မယ်မျှင်နှင့် ပလဲနံပသင့်၏။

တိတ်ဆိတ်သော ညအလယ်တွင်
ယိုင်နဲ့နဲ့ တဲအိမ်လေးအတွင်း
မောင်မှန်နှင့် မယ်မျှင်တို့ ညအိပ်ခါနီး
စကားပြောနေကြသည်။

တဲအနားကပ်၍ သူတို့ပြောတာကို
နားစွင့်နေသူ တဦးရှိနေသည်ကိုတော့
လင်မယား နှစ်ယောက်စလုံး
စိုးစဉ်းမျှ မသိကြ။တိတ်တဆိတ်
နားထောင်နေသူ ထိုသူကား
ရွာတွင်းရှိ ငမူးလှဆွေ။

[၅]

ရွာတွင် " လှဆွေ " အမည်နှင့်
လေးယောက်ရှိပေရာ။
သူ့ဂုဏ်ပုဒ်နှင့်သူ တွဲမှတ်ထားကြ၍
လှဆွေ ဆိုတိုင်း လုံးထွေးစရာ မရှိတော့။
ရှင်း၏။ လင်း၏။ငြင်းစရာမလို။
ရှင်းစရာမလို ။

ထိုလေးယောက်မှာ  ငမူးလှဆွေ l
အရူးလှဆွေ l  နှာဘူး လှဆွေ l
ဘူးသူခိုး လှဆွေ  တို့ဖြစ်၏။

ငမူးလှဆွေသည် အမြဲမူးနေသူ။
အရူးလှဆွေက ကျပ်မပြည့် ရူးနေသူ။
နှာဘူးလှဆွေမှာ  သူများမယားပင်မရှောင်
ဘူးထတတ်သူ။ ဘူးသူခိုး လှဆွေမှာ
အိမ်တကာ ခိုးလည်းခိုးသည်။ နှာဘူးလည်း
ထသည်။ ဒါ့ကြောင့် ဘူးသူခိုး ဘွဲ့ရထားသူ။
ရွာတွင်းရှိ လှဆွေ ဘယ်လှဆွေမှမကောင်း။

[၆]

ငမူးလှဆွေမှာ ဓါးပြဗိုလ်ကြီးဖိုးညီ၏
တပည့်။ ဒါကို နယ်တဝိုက်မည်သူမျှမသိ။
ငမူးလှဆွေက မူးသော်လည်း နှုတ်လှုံတာကိုး။
မောင်မှန်နှင့် မယ်မျှင် ပြောစကားကို
ငမူးလှဆွေ သေချာ နားစိုက်ကြည့်ရာ …

" မိန်းမ ချိန်ကြည့်စမ်း ဘယ်လောက်သား
    လောက် ရှိပြီလဲဟ " …

" ယောကျာ်းရေ ငါးဆယ်သားလောက်
တီးတိုး နှစ်ကိုယ်ကြားအလား
စကားသံ သဲ့သဲ့ကြားရ၏။

အော် ငါးဆယ်သားတောင်ဆိုတော့
ဒီလင်မယား အတော်စုမိနေပြီ။
ဟိုးအရင် တပါတ်က သုံးဆယ်သား။
ကျန်ခဲ့တဲ့ တပါတ်က လေးဆယ်သား
ဒီလောက်ပဲ ရှိနေသေးလို့
ဗိုလ်ကြီးဖိုးညီက ဓါးပြမတိုက်သေးဘူးပြောတယ်။
ဒီတခါ " ငါးဆယ်သား" တောင်ဆိုတော့
သေချာပေါက် တိုက်တော့မလားပဲ။

ဒီကောင် မောင်မှန် ရေထမ်းနေရင်း
ဒီလောက်ရွှေတွေ အများကြီး ဘယ်က
ခိုးသနည်း။ ဒါကို ဗိုလ်ကြီး ဖိုးညီက
သိချင်တာဖြစ်သည်။ ရွာသူ ရွာသားတို့အား
ကုပ်သွေးစုပ် ချမ်းသာနေသောသူ
ဒီရွာတွင်ရှိနေပြီလော ။ ဒါကို သိချင်တာ။

[၇]

ငမူးလှဆွေ သတင်းပေးချက်ကြောင့်
ညတွင်းချင်းပင် ဓါးပြဗိုလ်ကြီး ဖိုးညီက
မောင်မှန်တို့အိမ်ကို ဓါးပြဝင်တိုက်တော့သည်။

စိတ်ပျက်စရာ ။ ဓါးပြ သိက္ခာကျပေပြီ။
တသက်လုံးဓါပြတိုက်လာတာ ဒီလောက်
စုတ်ပြတ်သတ်နေသည့် တဲလေးကို
ဓါးပြတိုက်ရမယ်လို့ ဗိုလ်ကြီးဖိုးညီတယောက်
ဘယ်တော့မှ စိတ်ပင်မကူးဖူး။
ရွှေငါးဆယ်သား၏ ရင်းမြစ်ကို သိလို၍သာ
တိုက်ရပေသည်။

ဗိုလ်ကြီး ဖိုးညီ အသံကြားသည်နှင့်
မောင်မှန်နှင့် မယ်မျှင် ကြောက်ကာလန့်ကာ
သေးများပင် ထွက်ကျလေပြီ။ အော့ …
အေ့… နံလှသည်… စော်လှသည်…
ရွံစရာ  …တဲလေးက ကျဉ်းကျဉ်းထဲ
သေးနံ့ကတထောင်းထောင်း။ တခါတခါ
ပြို့ပါတက်၏။  ထားတော့ ရွှေငါးဆယ်သား
မျက်နှာကြောင့် နှာခေါင်းခဏ သည်းခံရပေမည်။

[၈]

မောင်မှန် နှင့် မယ်မျှင်အား မျိုးစုံ
ခြိမ်းခြောက် စစ်မေးရာ ရွှေငါးဆယ်သား
အစအနပင်မရ။ ဒါဆို ငါးဆယ်သားက
ဘာကို ပြောတာနည်း ။ ရွှေငါးဆယ်သားဆိုတာ
ဘယ်မှာလဲ။ငမူး လှဆွေအား
ဓါးပြဗိုလ်ကြီးဖိုးညီ ဒေါသထွက်လေပြီ။
နာမည်ကြီး ထမင်းငတ်ကိန်းကြုံပြီ
မဟုတ်လော။

မောင်မှန်တို့လင်မယား
ရွှေငါးဆယ်သား စုမိနေပြီဟု ငမူးလှဆွေ
သတင်းကြောင့် ဓါးပြတိုက်တာဖြစ်၏။
ယခုတော့ မယ်မျှင်တွင် နားကပ်တောင်မရှိ။
တဲအတွင်းလည်း ရွှေနှင့်တူတာ ကြေးတောင်
တဆယ်သားပြည့်အောင်မျှမရှိ။

[၉]

နောက်ဆုံး ရွှေငါးဆယ်သားကိစ္စ
တိတိကျကျ အံ့သြနဘန်း
အဖြေထွက်လာ၏။
ထူးပေစွ။ ဆန်းပေစွ။

တကယ်တော့ မောင်မှန်သည်
ရေကြာရှည်စွါထမ်းရင်း အရက်နင်းကန်
သောက်ရင်း ငယ်ပါတဖြည်းဖြည်း
ကြီးကြီးလာသော မုတ်ရောဂါဖြစ်နေတာ။

သူ့ငယ်ပါဥများမှာ
ရောဂါကြောင့် တဖြည်းဖြည်း နှစ်ဆယ်သား
သုံးဆယ်သား ငါးဆယ်သား ဖြစ်ဖြစ်လာတာကို
မယားမယ်မျှင်အား တူနှစ်ကိုယ်
ညအိပ်ရာ ဝင်ချိန်၌ တိုးတိုးတိတ်တိတ်
ချိန်တွယ် ကြည့်ရှုခိုင်းတာဖြစ်၏။

ဒါကို ငမူးလှဆွေ က အရက်မူးမူးနှင့်
သူလိုချင်သော သူဖြစ်ချင်သော ရွှေငါးဆယ်
သားအမှတ် စိတ်ဆွဲကာ ဓါးပြဗိုလ်ကြီး
ဖိုးညီကို သတင်းပေး ပြောဆိုခြင်းပင်
ဖြစ်တော့သည်။

[၁၀]

ဗိုလ်ကြီးဖိုးညီ ပေါက်ကွဲလေပြီ။
ငမူးလှဆွေအား အသုံးမကျတဲ့ကောင်ဟု
ဆိုကာ ပါးရိုက်ထဲ့လိုက်ရာ " ဖြောင်း "
ခနဲ အသံအောက် လှဆွေတယောက်
မေ့မျောသွားလေတော့၏။

နောက်တယောက် ဘောကြီးနေသော
ငါးဆယ်သား မောင်မှန်အလှည့်။
မောင်မှန်ခမျာလည်း
ဒူးတွေ တဆတ်ဆတ် တုန်ရှာပြီ။

ဗိုလ် ___

" မောင်မှန် မင်း အိမ်ထောင်သက်
   ဘယ်လောက်ရှိပြီလဲ "

မှန် ___
 
  " သုံး  သုံး  သုံးနှစ်ပါ ခင်မျ ဘိုကြီး "

ဗိုလ်____

" အေး … အိမ်ထောင်သက် သုံးနှစ်ရှိတာတောင်
မယားကို နားကပ်တရံ မဆင်နိုင်တဲ့ကောင် …
အလကားကောင် … ခွေးကောင် …
အမြဲမူးနေတာ …လာစမ်း…  "

ပြောပြောဆိုဆို  ဒူးထောက် ထိုင်နေသော
မောင်မှန်ကို ရင်ဘတ်အင်္ကျီစ ဆွဲကာ
လက်သီးနှင့် ထိုးထည့်လိုက်လေရာ
မောင်မှန် သွားတချောင်းကျွတ်လေတော့၏။
တဆက်တည်း ပြောသည်မှာ…

" မောင်မှန် မယ်မျှင် သေချာမှတ်ထား…
  နောက်တခါ ငါပြန်လာရင် မယ်မျှင်မှာ
ရွှေနားကပ်ရှိပါစေ။ မင်းအခု ကျိုးသွားတဲ့
သွားနေရာမှာ ရွှေသွားစိုက်နိုင်ပါစေ။
ကောင်းရောင်း ကောင်းဝယ်နဲ့ ချမ်းသာနေတာ
ငါမြင်ချင်တယ် …

ငါနောက်တခါလာလို့ အခုလို
ခွေးဘဝက မတက်ရင် လင်မယား
နှစ်ယောက်စလုံး သတ်ပစ်မယ် …ဒါပဲ …
သေချာ မှတ်ထား…"

ဗိုလ်ကြီးဖိုးညီ၏ စကားအဆုံး
မောင်မှန်နှင့် မယ်မျှင်ခမျာလည်း
ယခုပင် အသတ်ခံရတော့မည့်အလား
ငိုယို တောင်းပန်ကြပြီး ကတိအခါခါ
ပေးရှာလေတော့သတည်း …

[၁၁]

သေမှာကြောက်သော
လင်မယားနှစ်ယောက်
အပြောင်းလဲကြီး ပြောင်းလဲသွား၏။

မောင်မှန် အရက်ပြတ်သွားပြီ။
မယ်မျှင်လည်း အိမ်မှာတနေကုန်
အငြိမ်မနေ။ ကန်စွန်းရွက်ခူး တွေ့ကရာခူး
ရွာလှည့် ရောင်းချ၏။လင်မယား နှစ်ယောက်စလုံး
ညနက်ထိလည်း မနားကြ။ နေ့မနား ညမနား
အလုပ်ကြိုးစားကြသည်။

နည်းနည်းကြာလာတော့
မယ်မျှင် စက်ချုပ်တတ်လာပြီ။
စက်ချုပ်သောအိမ်တွင် ဝိုင်းကူလုပ်ရင်း
တစတစ သင်ယူတတ်မြောက်လေ၏။
မောင်မှန်မှာ ဆိုင်ကယ်ကယ်ရီဆွဲနေပြီ။
ရေမထမ်းတော့ ။ ငွေစုရင်း ဆိုင်ကယ်ဝယ်လိုက်
အုံနာခယူ အငှားချလိုက်လုပ်ရင်း ဆိုင်ကယ်တွေ
လေးငါးစီး ပိုင်လာ၏။ မယ်မျှင်လည်း စက်ဝယ်
နိုင်ပြီ။ အပ်ချုပ်စက်များ တလုံးပြီး တလုံး
ဝယ်ယူရင်း အိမ်တွင် အထည်ချုပ် အသေးစား
လေးပင် လုပ်နိုင်လာသည်။ တစတစ လယ်များပါ
ပိုင်လာ၏။စုရင်းဆောင်းရင်း လုပ်ရင်းကိုင်ရင်း
ကံ ဥာဏ် ဝီရိယ စုံ၍ ချမ်းသာသထက်
ချမ်းသာလာကြပေပြီ။

သိပ်မကြာလိုက် သုံးလေး နှစ်အတွင်း
မောင်မှန်သည် မြိုင်သာယာရွာ၏
ဂုဏ်သရေရှိ  ရပ်ရွာကချစ်သော
သူဋ္ဌေးကြီးတဦးဖြစ်လာသလို မယ်မျှင်ကလည်း
စေတနာကောင်း အလှူအတန်း ရက်ရောသော
လူတကာချစ်သည့် သူဋ္ဌေးကတော်ကြီး
ဖြစ်နေကြပြီ။

[၁၂]

မောင်မှန်လည်းဆေးဆရာကြီး ဦးမှတ်
အကုကောင်း၍  မုတ်ရောဂါ ပျောက်သွား
သလို  ကျိုးသွားသော သွားနေရာတွင်
ရွှေသွားကြီး တဝင်းဝင်း ။ မယ်မျင်မှာလည်း
စိန်နားကပ်ကြီး တကားကား။

မောင်မှန်နှင့်မယ်မျှင်တို့
ညမအိပ်ခင် တီးတိုး စကားပြောနေကြသည်။

ဘယ်လိုကဘယ်လို ယခုလို ချမ်းသာလာ
ကြသနည်း။ ကိုယ့်ဟာကိုယ်ပင် မယုံနိုင်။
အရင်းစစ်အမြစ်မြေကဆိုသလို
ဓါးပြဗိုလ်ကြီး ဖိုးညီ ၏ ကျေးဇူးကြောင့်ပင်။
သူ့အသတ်ခံရမှာ ကြောက်ရင်း
ကြိုးစားကြရာက ယခုလို ချမ်းသာလာတာ
ဖြစ်၏။ ယခုချိန် ဗိုလ်ကြီး ဖိုးညီရောက်လာလေက
ဘာလုပ်ကြမည်နည်း။ အို့ ပြဿနာမရှိ
သူ့ကြောင့် ချမ်းသာလာကြတာ လိုချင်တာ
အကုန်သာ ယူသွားပါစေ။

တခဏအတွင်း လင်မယားနှစ်ယောက်
ပြန်ကြိုးစားကြမည်။ ပြန်ချမ်းသာကြမှာ
မြေကြီးလက်ခတ်မလွဲ။ကျေးဇူးရှင်
သူတော်ကောင်း ဓါးပြကြီး
လိုချင်၍ တောင်းပါက စည်းစိမ်အကုန်
ပေးလိုက်ကြမည်ဟု လင်မယားနှစ်ယောက်
တိုင်ပင်ပြီး သကာလ စိတ်ချမ်းသာစွါ
အိပ်စက်သွားကြလေတော့၏။
ရိုးအ အပြစ်ကင်းသော ကျေးဇူးသိတတ်သည့်
တောသူ တောင်သား များပါတကား။

[၁၃]

ညနက်သန်းခေါင် အိမ်ဦးခန်းမှ …

" မောင်မှန်  မယ်မျှင် ထစမ်းဟေ့ …
   ငါဖိုးညီ နင်တို့ အိမ် ရောက်နေတယ်"

တိတ်ဆိတ်နေသော ညအလယ်
ဟိန်းထွက်လာသော …
ထိုအသံကြီး ကြားလိုက်သည်နှင့်
မောင်မှန်နှင့် မယ်မျှင်တို့ လင်မယား
နှစ်ယောက်သား တခူးခူး တခေါခေါ
အိပ်စက်နေကြရာမှ ဖင်ကို
လှံနှင့် အတို့ခံလိုက်သည်အလား
အိမ်ရှေ့ခန်းသို့ ပြေးထွက်လာကြလေသည်။

ဗိုလ်ကြီး ဖိုးညီ ရောက်နေလေပြီ။ ရှိသမျှ
ရွှေငွေ လက်ဝတ်လက်စား လယ်ဂရန်
အိမ်ဂရန်ပါ မချန် ဓါးပြဗိုလ်ကြီး ဖိုးညီအရှေ့
တရိုတသေ တုန်တုန်ရီရီ ချပေးလေ၏။

ဗိုလ်ကြီး ဖိုးညီမှ လင်မယားနှစ်ယောက်
အပြုအမူကို စေ့စေ့ကြည့်ရင်း …
" ဒါက ဘာလုပ်တာလဲ မောင်မှန်နဲ့ မယ်မျှင်"

လင်မယားနှစ်ယောက် တထစ်ထစ်
တငေါ့ငေါ့ တုန်တုန်ရီရီ  ပြန်ပြောသည်မှာ

မောင်မှန် ___

" ဗိုလ် … ဗိုလ်ကြီး ကျေးဇူးကြောင့်
ကျွန်တော်တို့ လင်မယား ချမ်းသာလာ
ကြတာပါ။ လိုတာ အကုန် ယူပါခင်မျ။
အသက်တော့ ချမ်းသာပေးပါ …"

ဗိုလ် ___

" ဟေ့ မောင်မှန်နဲ့ မယ်မျှင် …
   ငါက ရိုးရိုးသားသား ကြိုးစားပြီး
   ချမ်းသာလာကြတဲ့ တောသူ တောင်သားတွေကို
   ဓါးပြတိုက်တယ်လို့ မင်းတို့ ကြားဖူးလားကွ …
   ဟေ … ဒါ ငါ့သက်သက်  သိက္ခာချတာပဲကွ…
   မင်းတို့လင်မယား  ရိုင်းလှချည်လား …
    ချမ်းသာတာ မကြာသေးဘူး…
     ဒါ ငါ့ကို စော်ကားတာလား …
     ပြောစမ်း ဒီလင်မယား … "

မောင်မှန် ___

" မဟုတ် မဟုတ်ပါဘူး ခင်မျ…
   ဗိုလ်ကြီး သတ်မှာ ကြောက်ပြီး
   လုပ်မိလုပ်ရာ လုပ်ကြတာပါ။

ဗိုလ်ကြီး___

" အေး ငါပြောခဲ့တာ မင်းတို့လင်မယား
   အရင်အတိုင်း ခွေးဖြစ်နေမယ်…
    မယ်မျှင်လည်း နားကပ် တရံမှမဝတ်နိုင်…
    မင်းလည်း ငါထိုးလို့ ကျိုးသွားတဲ့သွားနေရာ
     ရွှေသွား မတပ်နိုင်ရင် သတ်ပစ်မယ်
    ပြောတာကွ… နားလည်လား …
     အခုတော့ မောင်ရင်လည်း ရွှေသွားကြီးပြူးလို့…

     မယ်မျှင်လည်း ဟောဟို ချွတ်ပုံထားတဲ့
     စိန်နားကပ်ကြီး ပြဲလို့ … ဒါကို
     သတ်စရာလားကွ ဟေ …

      ကဲ…  ကဲ … အကုန်ပြန်သိမ်းလိုက် …
      အခုပြောတာ သေချာ နားထောင်…

     ရွာထဲက ဖိုးထောင်  မိဝိုင်း စိန်လုံး
     မယ်ခ ကျောင်းအပ်ဖို့ စရိတ်မရှိဘူးကြားတယ်။
      ကျောင်းထားပြီး စရိတ်ထောက်ပေးလိုက်…

      ရွာဦးဘုန်းကြီးကျောင်း ချတက်ပြီး ဘေးပျဉ်တွေလည်း
      ကွာကျနေပြီ။ ပြိုတော့မယ်။
       ဖြိုချ အသစ်ဆောက်ပေး…
       မကြာခင် ဆောင်းလာမယ် ။ကိုရင်လေးတွေ
      ချမ်းရှာကြမယ် ကွယ့် ။ ဒါပဲ ဟေ့ …

      ငွေရှိ ဂုဏ်ရှိ ချမ်းသာတယ် ဆိုပြီး
       မဟုတ်တာတော့ ယောင်လို့တောင်
      လုပ်ဖို့ စိတ်မကူးလေနဲ့။ ဖိုးညီ သေနတ်
       လူမရွေးဘူးနော် … ကိုင်း ငါသွားတော့မယ်။"

ပြောပြောဆိုဆို ဓါးပြဗိုလ်သူတော်ကောင်းကြီး
ဖိုးညီတယောက် မောင်မှန်နှင့် မယ်မျှင်တို့
နေထိုင်ရာ ကြီးမားခန့်ငြားလှသော အိမ်ကြီးမှ
တရွေ့ရွေ့  တအိအိ  တစ တစ  တဖြည်းဖြည်း
ထွက်ခွါသွားလေတော့ရာ လင်မယားနှစ်ယောက်သား
အကြိမ်ကြိမ် ထိုင်ကန့်တော့  မေတ္တာပို့ကြရင်း
ကျန်ရစ်ခဲ့လေတော့သည်တကား ………………
………………………………………
……………………………………

                                         မောင်သုခ
                                         [17-Dec_2017]

No comments:

Post a Comment