Saturday, January 13, 2018

#သင်နှစ်သက်သလိုအမည်ပေးနိုင်သော_တိုင်းပြည် " (၇)

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော
   တိုင်းပြည် " (၇)

" စာမတတ်သော တိုင်းပြည် "

___________
မောင်သုခ
____________

[၁]

ကျွနုပ်သည် ညအိပ်ရမှာပင် အလွန်တရာ
စိုးရွံ့ထိတ်လန့်နေမိ၏။ အကြောင်းမှာ
ညစဉ် ညတိုင်း အိပ်ပျော်လေသည်နှင့်
အလွန်စိတ်ပျက်ဖွယ်ကောင်းသည့်
တိုင်းပြည် တို့အား အကြောင်းအရာများနှင့်တကွ
အိမ်မက်မြင်မက်လေသောကြောင့်
ဖြစ်ပေတော့သည်။

တည နှင့် တည အိမ်မက်တို့သည်
မတူညီသလို တိုင်းပြည်များ၏ ဖြစ်စဉ်တို့လည်း
မတူညီကြ။

တထပ်တည်း တူညီကြလေသည်မှာတော့
ထိုထိုသော တိုင်းပြည်တို့သည် လွန်စွါ စိတ်ပျက်စရာ
ကောင်းသည့် အချက်ပင်။

အိမ်မက်သမျှ တိုင်းပြည်တို့သည်
တိုင်းပြည် နာမည် တိကျစွါမသိရ။၎င်းတိုင်းပြည်တို့သည်
တိုင်းပြည်တခုတည်းအား မြင်မက်လေလော..???
သို့တည်းမဟုတ် မတူညီသည့် တိုင်းပြည်များ
ပင်လေလော..???

ကမ္ဘာလောက၌ အမှန်တကယ်
တည်ရှိသော တိုင်းပြည်များလော..???

သို့လော သို့လော မေးခွန်းများကို ဖြေဆိုရန်မှာ
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ
ထိုးအပ်လိုက်ရသည်ချည်း ဖြစ်လေတော့၏။

ယခုအိမ်မက်သည် ကျွနုပ်၏
ခုနှစ်ခုမြောက် အိမ်မက်ဖြစ်ပြီး
ဒီတခါ မြင်မက်သည်မှာတော့
စာမတတ်သောသူများ အဆဲအဆိုသန်သူများ
နေထိုင်သည့် တိုင်းပြည်တခု
အကြောင်းဖြစ်လေသည်။

©©©©©©©©©©©©©©©©©©©

[၂]

ထိုတိုင်းပြည်ရှိလူများသည်
စာမတတ်ကြ။ စာမတတ်ကြဆိုရုံနှင့်
မေးစရာ ရှိလာမည်မှာ
စာကို မဖတ်တတ်ကြတာလား…???
စာ မရေးတတ်ကြတာလား …???
ဟူ၍ ဖြစ်သည်။

ဆိုလိုရင်းမှာ ထိုတိုင်းပြည်ရှိလူများသည်
စာမတတ်ကြ။ စာလည်း မဖတ်တတ်ကြ။
စာလည်း မရေးတတ်ကြ။

သို့သော်
စာမှန်သမျှ မဖတ်တတ်ကြခြင်း မဟုတ်သလို
စာမှန်သမျှကို မရေးတတ်ကြခြင်းလည်း
မဟုတ်ပေ။

အချို့သော စာများကို ဖတ်တတ်
ကြပြီး အချို့သော စာများကို ရေးတတ်ကြသည့်
ထူးခြားဆန်းပြား စာမတတ် ပေမတတ်များ
ဖြစ်ကြလေသည်။အကြောင်းအား ရှင်းပေအံ့ ။

[၃]

ထိုတိုင်းပြည်ရှိ  " အမှိုက်မပစ်ရ  "
ဟု ရေးထားသော နေရာများတွင်
အလွန်တရာကြီးမားလှသော အမှိုက်ပုံကြီးများကို
နှစ်ဆွေးနေသည့်အတွက် နံစော်ညစ်ပတ်မှုနှင့်အတူ
တွေ့ကြရမည်ဖြစ်ပြီး " ကွမ်းတွံတွေး မထွေးရ "
ဟူသော နေရာများတွင် ချောင်းလိုစီးနေသည့်
ကွမ်းတွံတွေး အရည်များကို သွေးအိုင်ကြီးအလား
ရဲရဲနီနေအောင် မြင်ကြရပေမည်။

" လူကူးမျဉ်းကြားရှိသည်
အရှိန်လျော့မောင်းပါ " ဟူသည့်
ဆိုင်းဘုတ်အနီး လူကူးမျဉ်းကြားနေရာသည်
အရှိန်မြှင့် ကားများ အလုအယက်
ပြိုင်ဆိုင်မောင်းနှင်ကြသော
နေရာဖြစ်လေ၏။လူကူးမျဉ်းကြားမှ
ကားလမ်းကူးသူတို့သည် အမြဲလိုလို
အသက်ကို ဖက်နဲ့ထုပ်၍ လမ်းကူးနေကြရ၏။
ဒါတင်ပဲလား …???
မဟုတ်သေး ။ ဆက်အံ့ ။

[၄]

တိုင်းပြည်၏ နေ့စဉ်ထုတ် သတင်းစာများ
ကလည်း  ကပေါက်တိကပေါက်ချာ။
သတင်းစာပါ စာများရေးသားထားသည်မှာ
ပေါက်ကရ အဓိပ္ပါယ်ထူးများဖြင့်
ပြည့်နှက်နေတတ်ပေတော့၏။
နမူနာ မြည်းစမ်းကြည့်ပါဦး ။ ယနေ့ထုတ်
သတင်းစာ မျက်နှာဖုံးတွင် စာလုံးမည်းကြီးဖြင့်
ရေးသားထားသည်မှာ…

"  နိုင်ငံတော် သမ္မတကြီး  ကလေးမွေးသော
ပြည်သူ့ဆေးရုံတွင် လူနာများကို 
အားပေးစကားပြောကြား "

" ကျောင်းသူကျောင်းသား ကလေးသူငယ်များက
ဆရာမများအား မရိုက်ရန် ပြင်းထန်စွါ သတိပေး "

" လှေမှောက် သေဆုံးသူများအတွက်
အသက်ကယ်အင်္ကျီ များပေးအပ် "

" မြို့တော်ဝန်စီမံမှုကြောင့် ဈေးကြီးမီးလောင်
သွားရာ ယခင်ထက်ကောင်းမွန်လာတော့မည် "

" ဖြတ်သန်းသွားလာသော ယဉ်များ
စာမေးပွဲဖြေနေပါ၍ လမ်းခေတ္တပိတ်ထား "

" အိမ်သာများကို စားသုံးသူများမှ အပ
အခြားသူ အသုံးမပြုတော့ "

အစရှိသဖြင့် မျက်လုံးပြူးဖွယ် ထူးဆန်းဖွယ်
ထိတ်လန့်ဖွယ် အရေးအသားများကို
မြင်တွေ့ရလေသည်။

[၅]

" တရားစီရင်ရေး ဋ္ဌာန " ဟုရေးထားသော
နေရာတွင် ဘုန်းကြီးများ ပြည့်နှက်နေပြီး
" ဓမ္မဝိဟာရီ " ကျောင်းတိုက်ဟု
ရေးထားသော ဘုန်းကြီးကျောင်းတွင်မတော့
တုတ် သေနတ် ကိုင်ဆောင်ထားသော
လက်နက်ကိုင်များ အများအပြားကို တွေ့ရ၏။

ဤသို့ ဤနှယ် စာမတတ်သော
တိုင်းပြည်ကြီးသည် နေရာမှား လူမှား
ဖြစ်နေကြတာ မြင်တွေ့ရလေသည်။

" လာဘ်ပေးလာဘ်ယူ တို့ရန်သူ "ဟု
ရေးထားသော နေရာတိုင်းတွင်
ပုဒ်မလေး ပေးမှလုပ် ဆိုရမည်လို
ငွေလက်ထဲထည့်မှ အလုပ်လုပ်ကြသော
သူများလည်း ပြည့်နှက်နေ၏။

" ဘုရားပေါ် အတွဲများ မဖွယ်မရာ
မလုပ်ရ " ဟူသော စာတန်းရှိသည့်
ဘုရားပေါ်တွင် တည်းခိုခန်း ဟု
စာရေးသားထားသလား ထင်မှတ်နေသော
စုံတွဲ လူငယ်များအပြည့်  ချစ်ရည်
ပလူးနေကြသည်။

" စာသင်ကျောင်း " ဟု
ရေးသားထားသော နေရာတွင်
သော့ခတ်ထားသော အခန်းများသာ
ရှိနေပြီး  စာသင်ကြားနေသော ကလေးများကို
မတွေ့ရဘဲ  ကလေးသူငယ်များသည်
လဘက်ရည်ဆိုင် စားပွဲထိုးအနေဖြင့်လည်းကောင်း
ကြုံရာ ကျဘန်း အလုပ်လုပ်နေကြခြင်းဖြင့်
လည်းကောင်း ထင်ရှားစွါ တွေ့ရသည်။

လမ်းမတကာ ဆိုင်းဘုတ်
များတွင်တော့ " အဓမ္မစေခိုင်းမှု  ဆန့်ကျင်ကြ
ဟူသော " ဆိုင်းဘုတ်များ ထိုးထိုးထောင်ထောင်
ရှိနေပေ၏။

တကယ်တော့ ဤတိုင်းပြည်ရှိ
လူများသည် စာမတတ်သောကြောင့်သာ
ယခုကဲ့သို့ အလွဲလွဲအချော်ချော်
ဖြစ်နေကြရှာသည်ဟု ကျွနုပ်
တွေးမိလေသည်။

[၆]

ကျွန်ုပ်သည် ဤတိုင်းပြည်၌
တွေ့မြင်ရသည်မှာ အလွန်တရာ
အံ့အားသင့်ဖွယ်များ ဖြစ်နေသောကြောင့်
တွေးမရဖြစ်နေခိုက်
" ကူညီပါရစေ " ဟု
ဆိုင်းဘုတ်ထောင်ထားသော
ဈေးဆိုင်တခုကို တွေ့လေတော့၏။

ထိုဈေးဆိုင်သို့ ဝင်လိုက်သည်နှင့်
ဆိုင်အတွင်းမှ အမျိုးမျိုးသော
အကူအညီလိုအပ်သဖြင့်
အကူအညီတောင်းခံကြသူများ
ကျွန်တော့်ထံဝိုင်းလာကြသည်။

ထူးဆန်းသည်မှာ ထိုသူတို့အားလုံး
အဓိက အကူအညီလိုနေသည်မှာ
ငွေကြေးကိစ္စပင်ဖြစ်လေတော့၏။

ကျုပ်လည်း " ကူညီပါရစေ "
ဆိုင်မှ ဘာအကူညီမှ မရသည့်အဆုံး
ပြန်လည်ထွက်လာရာ …

[၇]

" ရပ်ကွက်အေးချမ်းသာယာရေး ရုံးခန်း "
ဟု အမည်တပ်ထားသော တဲလေးတလုံးကို
တွေ့ရ၏။

တဲလေးအတွင်း လေ့လာကြည့်ရန်
ဝင်လိုက်ရာ တကိုယ်လုံး ဆေးမင်ကြောင်များနှင့်
ထောင်ထွက်လူမိုက်များသည် တဲလေးအတွင်း
အရက်ဝိုင်းဖွဲ့ သောင်းကျန်းနေပေသည်။

တချို့သော လူများမှ " စာရွက်စာတန်း"
လိုအပ်နေသည့်အတွက် တန်းစီစောင့်ဆိုင်း
နေသည်ကို မြင်ရပြီး ထောင်ထွက်လူမိုက်များမှလည်း
ထိုလူများကို  လက်ထဲကိုင်ထားသော ဓါးများ
တုတ်များ ဟန်ရေးတပြပြဖြင့်  ကြိမ်းမောင်း
ခြိမ်းခြောက်  နေလေတော့၏။

" ရပ်ကွက်အေးချမ်းသာယာရေး ရုံးခန်း "လည်း
မငြိမ်းချမ်းပါတကား …

[၈]

စာမတတ်သော
တိုင်းပြည်ကြီးအတွင်း နေရာမှား လူမှား
မြင်တွေ့ရသည့် အမှားများသည်
အရင်းစစ် အမြစ်မြေက ဆိုသလို
ထိုတိုင်းပြည်ရှိလူများ စာမတတ် ပေမတတ်
ခြင်းကြောင့်သာ ဖြစ်ရာ၏။

" ယဉ်မရပ်ရ " ဟူသော နေရာတလျှောက်
တန်းစီရပ်နားထားသော ယဉ်တန်းကြီးသည်
အထင်းသား။ " ဈေးမရောင်း ရ " ဆိုသော
လမ်းဘေးတဝိုက် ဈေးသည်များလည်း
အပြည့်အနှက် ။ " မဆူညံပါနှင့် တရားအားထုတ်
သူများရှိသည် "  ဟု ရေးသားထားသည့်
စေတီများပေါ်၌  လော်စပီကာ လေးငါးခြောက်လုံး
အရပ်လေးမျက်နှာ လှည့်လျက် ဆူညံပွက်လော
ရိုက်နေလေသည်။ကျွနုပ်၏ နားနှစ်ဖက်သည်
မည်သည့်အသံကိုမျှ ထပ်မံမကြားနိုင်တော့အောင်
ပင်းများသွားပြီလား စိုးရိမ်မိတော့သည်။

[၉]

ထိုတိုင်းပြည်ရှိ လူအများစုသည်
လူမှုကွန်ယက် ဖေ့စ်ဘုတ်ကို အသုံးများကြ၏။
စာမတတ် ပေမတတ်သူများ နေထိုင်သော
တိုင်းပြည်ဖြစ်သော်လည်း ဖေ့စ်ဘုတ်တွင်
စာရေး(ကောမန့်)  သား ကြရာ၌တော့
ဖြောင့်နေပေ၏။

သို့သော် သူတို့အများဆုံးရေးသားထားသည့်
ကောမန့်များ ပိုစ့်များသည် မကြားဝံ့မနာသာ
ဆဲဆို မိုက်ရိုင်း ထားသော အရေးအသားများ
ဖြစ်နေသည်ကို ထူးခြားစွါ တွေ့ရသည်။
စာသာမတတ်သည် အဆဲအဆို တွင်တော့
ထိပ်တန်း ပါရဂူမြောက် ဆိုရမလိုပင် ။

ယခုမှ သတိထားမိသည်မှာ
တိုင်းပြည်အတွင်း လူများ အချင်းချင်း
စကားပြောဆိုကြရာ၌ အဆဲမပါရင်
မပြီးကြ။ အချင်းချင်း " လမ်း၌တွေ့ပါက "
" ရီးလား "  " အေရိုး "  "  ငါရိုးမသား စားပြီးပြီလား "
" ဟဲ့ မသာမ "  "ဖျာသည်မ ဘယ်လဲ "
အစရှိသည်ဖြင့် နှုတ်ခွန်းဆက်ကြလေသည်။
အတော်လေးကို ယဉ်ကျေးမှုထွန်းကားသော
တိုင်းပြည်ကြီးပါတကား ။

[၁၀]

ကျွနုပ်ရောက်ရှိနေသော
ထိုတိုင်းပြည်၏ အမည်နာမကို
တွေ့သမျှလူ မေးမြန်း၏။မည်သူမျှ မပြောကြပေ။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။
တိုင်းတပါးအွန်လိုင်းမှ  မိတ်ဆွေများကို
မေးကြည့်သည်။ သူတို့လည်း စိုးစဉ်းမျှ မသိချေ။
(အဆဲခံရမှာ ကြောက်၍ မပြောကြတာ
လားတော့ မသိ)

GPS ဖွင့်ပြီးမိမိရောက်ရှိနေသည့်နေရာအား
Google Map တွင် ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို တွေ့ရလေ၏။
ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် အိန္ဒိယ သမုဒ္ဒရာမှ
တိုင်းပြည်တခုဟုသာ ပြောရပေမည်။

ဒါမှမဟုတ်လည်း စာမတတ်ပေတတ်သော
လူများ နေထိုင်သောကြောင့်
" စာမတတ် ပေမတတ် တိုင်းပြည်" ဟု
ခေါ်ဆိုရမလား …??? အဆဲသန်သော သူများ
နေထိုင်သောကြောင့် " အဆဲသန်သော တိုင်းပြည်"
ဟု ဆိုရလေအလား…??? စဉ်းစားတွေးတောနေခိုက်
ကျွနုပ်၏ တဦးတည်းသော သားတော်မောင်ဖြစ်သည့်
" သုခမောင် " မှာ ဆောင်းည မနက်စောစောစီးစီး
ဇောက်ထိုးကားယား အိပ်စက်နေရာမှာ
သူ၏  ခြေထောက်ကို ဆန့်ထုတ်လိုက်လေရာ
ကျွနုပ်၏ မျက်နှာကို  လက်သီးနှင့်
အထိုးခံလိုက်ရသည့်အလား အလန့်တကြား
လန့်နိုးလေတော့၏။

[၁၁]

ဆောင်းညသည် အိပ်မက်ဆိုးတို့ကို
သယ်ဆောင်လာတတ်သည်မှာ
ယုံမှားဖွယ် မရှိပေ။ထူးခြား အံသြဖွယ် အထက်ပါ
အိပ်မက်ဆိုးကြီး မက်ပြီးနောက်
အိပ်မက်ထဲက  တိုင်းပြည်အကြောင်း
ပြန်လည်စဉ်းစားနေမိတော့သည်။

ကျွနုပ်သည် အိမ်မက်ထဲက ထိုတိုင်းပြည်
အကြောင်းကို စဉ်းစားပြီး ကမ္ဘာလောကရှိ
မည်သည့်တိုင်းပြည်နှင့် တူညီသလဲ ဆိုသည်ကို
အတော်ပင် စဉ်းစားရကြပ်နေ၏။

အဆုံးသတ် အနေဖြင့်
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံ
" သင်နှစ်သက်သလို အမည်ပေးနိုင်သော
တိုင်းပြည် " (၇)   ဟူ၍သာ
ထိုးအပ်လိုက်ရလေတော့သည် တကား ……………
…………………………………………
……………………

                                          မောင်သုခ
                                        [13- Dec - 2017]

No comments:

Post a Comment