" နတ်ပြဿနာ… "
________
မောင်သုခ
___________
[၁]
မောင်မှန်သည် အသက်ကြီးမှ
အိမ်ထောင်ကျသူ။ မယ်ခင်ကလည်း ဘာထူးလဲ။
မောင်မှန်နှင့် အိမ်ထောင်ကျတော့ အသက်ပဲ
လေးဆယ်ကျော်ပြီ။ လင်မယား နှစ်ယောက်စလုံး
အတူတူ အသက်ကြီးမှ စွံကြတာ။ မောင်မှန်ရော
မယ်ခင်ရော တဦးတည်းသောသားနှင့်
တဦးတည်းသော သမီး။
နှစ်ဖက် မိဘဖြစ်သူများအဖို့လည်း ဒီတသက်တော့
မြေးမချီရတော့ဟု ထင်ထားကြရာကနေ သားသမီးများ
အိမ်ထောင်ရက်သားကြတော့ ဝမ်းသာမဆုံး။
မြန်မြန်ယူကြ ။ မြန်မြန်မွေးကြ။ သူတို့မြေးလေး
တွေ့ချင်လှပေါ့။ ဖြစ်နိုင်ရင် ဒီနေ့ညား။ မနက်ဖြန်
ခလေးမွေးပင် ဖြစ်လိုကြတာ။ မိဘတို့ အသက်တွေက
အိုမင်းလှပြီ မဟုတ်လော။ဒင်းတို့ စောင့်နေရတာ
ကြာလှပြီ။
[၂]
နှစ်ဖက် မိဘများ ဆန္ဒတော် စူး၍လားတော့
မပြောတတ်။ မောင်မှန်နှင့် မယ်ခင်နှစ်ယောက်
အိမ်ထောင်ကျတာပင် တလမကြာလိုက်။
ကိုယ်ဝန်က လေးလ ရှိလာပြီ။ ဘယ်လိုလဲ။
မောင်မှန် နှင့် မယ်ခင်တို့ တပါးသူတွေထက်
မျိုးအောင်တာလား။ သိကြားမတာလား။
တခုခုတော့ တခုခု။
အို့ … ပြဿ နာမရှိ။မိဘများက
ဒါမျိုးတော့ ခေတ်နဲ့အညီ တွေးတတ်
ခေါ်တတ်သည်။ပတ်ဝန်းကျင်ဂရုစိုက်ဖို့မလို။
ဘယ်သူက တိတိကျကျ လိုက်တွက်နေမှာ
မှတ်လို့။မိဘတွေ အားလုံးကျေနပ်၏။
ကလေးမြန်မြန်ထွက်ဖို့သာ နံပါတ်တစ်
အဓိက အရေးအကြီးဆုံး။
အကြာကြီး မစောင့်ရတော့။
ပိုတောင်ကောင်းသွားသည်။
ဒီလိုနှင့် အမိ အဖတွေ၏ မျှော်လင့်ခြင်း
မြေးဦးလေး ထွက်ချလာတော့သည်။
ရိုးရိုးထွက်လာတာတော့ မဟုတ်။
ဆေးရုံတခုလုံး ဆူညံပွက်လောရိုက်ပြီး
ထွက်လာခြင်းပင်။မောင်မှန်၏ မိဘများရော
မယ်ခင်၏ မိဘများရော ပျော်လို့မဆုံးကြ။
ယခုမှ သေပျော်ပြီ။ မြေးဦးလေးကို နှစ်ဖက်
အလုအယက် ချီကြတော့၏။အလုအယက်
ချစ်ကြတော့၏။သဲသဲလှုပ်ကြတော့၏။
သက်ဦး အရူး မြေးဦး အရူး ပြောရမလိုပင်။
အချစ်ရူးရူးကြ ကုန်တော့သည်။
နတ်ပြဿ နာလည်း ဒီမှာ စပြီ။
ဖြစ်ပုံက ဒီလို ။
[၃]
မောင်မှန်နှင့်မယ်ခင်တို့သားလေးကို
အဦးဆုံးကလေးမို့ မောင်သက်ဦး လို့
အမည်ပေးကြ၏။
မောင်သက်ဦးလေးသည်
ကလေးသူငယ်တို့ ထုံးစံအတိုင်း ချောင်းဆိုး
ချွဲကြပ် အငို အရီ ဖြစ်လေသည်။တခါတရံ
ညနက်အထိ မအိပ်။ တဝါးဝါး အသံပြဲနှင့်
အော်သည်။ ငိုသည်။လူးသည်။ လွန့်သည်။
ဒါက သဘာဝ။ ကလေးတိုင်း အနည်းအများ
ဖြစ်နေကြ။
ဒီမှာ ပြဿ နာ။အစိုးရိမ်ဆုံးကတော့
မောင်မှန်၏ အမေ ဒေါ်စိန်နှင့် မယ်ခင်၏အမေ
ဒေါ်ပုတို့ နှစ်ယောက်ပင်။နှစ်ယောက်စလုံး
စိုးရိမ်လွန်ကြပြီ။ ကောင်းကောင်းလည်း
အိပ်မပျော်ကြတော့။
ရန်ကုန် တမြို့လုံး အနှံ့
ဗေဒင်ဆရာတွေလိုက်မေး၏။ဆရာတော်တွေထံ
မေးမြန်း၏။စုံစေ့အောင် ယတြာချေကြသည်။
သူတို့မြေး အငို အရီ ပျောက်ဖို့ဆိုလျှင်
စည်းစိမ်ကုန်လည်း ဂရုစိုက်မည်မထင်။
မြေးဦးကို အချစ်ရူးရူးကြပြီ မဟုတ်လော။
[၄]
ဗေဒင်ဆရာကြီး
တဦးက ဒေါ်စိန်ကို ဟောလိုက်၏။ ဒါနတ်ကိုင်တာ။
ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်ကိုင်တာဖြစ်သည်။
နတ်ပွဲပေးရမည်။ ကိုယ်တော်ကြီး ကိုယ်တော်လေး
စိတ်ဆိုးနေပြီ။ ကလေးနေပြန်ကောင်းချင်လျှင်
တမိသားစုလုံး ဝက်သား မစားကြနှင့် ။
ဒေါ်စိန်တယောက် မောင်မှန်တို့အိမ် ဒရောသောပါး
ပေါက်ချလာရာ လက်တွင် ကိုယ်တော်ကြီး
ကိုယ်တော်လေး နတ်ရုပ်နှစ်ရုပ် ။
ဝက်သားအလွန်ကြိုက်သော မောင်မှန်နှင့်
မယ်ခင် ဝက်သားမစားရတော့။အိမ်တွင်လည်း
ဘုရားစင်နဲ့ တတန်းတည်း နတ်ကုလားလေးနှစ်ကောင်က
နေရာယူထားလိုက်ပြီ။
ဒီကုလားလေးတွေအကြောင်း
မောင်မှန် ကောင်းကောင်းသိသည်။ကုလားဗျတ္တနှင့်
မယ်ဝဏ္ဏတို့သားတွေ။လူဖြစ်စဉ်အခါတုန်း
အနော်ရထာမင်း မြှောက်စားသဖြင့် သူများမယား
မရှောင် မူးရူးရမ်းကား ယုတ်မာသောကြောင့်
အနော်ရထာမင်း ကိုယ်တိုင်ကပင်
မင်းအမိန့်သေဒဏ်ချ၍ လွန်သော်
နတ်ဖြစ်လာကြတာ။သမိုင်းကြောင်း
ကောင်းသည့် နတ်များမဟုတ်။သူများမယားလည်း
ရှောင်မယ့်ကောင်တွေမဟုတ်။
[၅]
မကြာပါ။မောင်မှန်တို့ အိမ်သို့
မယ်ခင်၏ အမေ ဒေါ်ပုထပ်မံ
ရောက်ချလာပြန်သည်။ ဒေါ်ပုကိုးကွယ်နေကြ
ဆရာတော် ဟောကြားလိုက်သည်မှာ
ကလေးနေမကောင်းသည်မှာ
အနောက်တောင်မှ စုန်းငြိုးသောကြောင့်
ဖြစ်သည်။ဒါ့ကြောင့် ခေါစာပစ်ရမည်။
တပါတည်း ကလေးသူငယ်ဖျားနာ နေမကောင်းက
မနှဲလေး(မနှဲမိ) ကို ကိုး၍ ကြက်ဥ သကြားလုံး
လှူရမည်ဟု လမ်းညွှန်ပြန်၏။
ဒေါ်ပုတယောက် မနှဲလေးနတ်ရုပ်က တဖက်
ခေါပန်းတောင်းဝါးခြင်းက တဖက်ဖြင့် မောင်မှန်တို့
အိမ်ပေါ် အလောသုံးဆယ်တက်ရာ
ကိုယ့်ထမီစ ကိုယ်ပြန်နင်းမိပြီး လှေကားထစ်တွင်
ထမီကျွတ်ကျလေတော့၏။ထမီကို အရင်မဝတ်နိုင်။
နတ်ရုပ်နှင့် ခေါပန်းတောင်းကို တရိုတသေ
အသာချ ။ပြီးမှ ထမီကို ကဗျာကယာ
ပြန်ဝတ်ရင်း ဒေါ်ပု ပြောသည်မှာ " အို့ ဒါ မနှဲလေး
ကျီစားတာ တော်ရေ့ … မြေးလေး နေပြန်ကောင်းပြီ
ဘာမှ မပူနဲ့ " ဟူသတည်း။
ကြားလို့မှ မတော်။
ကိုယ့်ဟာကိုယ် ထမီနင်းမိပြီး ကျွတ်ကျတာတောင်
မနှဲလေးနတ် ကျီစားလို့ ဆိုပဲ။
မောင်မှန်၏ အိမ်တွင် ဘုရားစင်နှင့်တတန်းတည်း
ကလေး မသာက ဘယ်လိုနတ်ဖြစ်သည် မသိသော
နတ်ရုပ်တရုပ် ထပ်တိုးလာပေပြီ။
မနှဲလေးအကြောင်း မောင်မှန်ကောင်းကောင်းသိ၏။
မောင်တင့်တယ်၏နှမ(သုံးပန်လှနတ်)
ရှင်ထွေးမယ်သေသည့်အခါ နှစ်နှစ်အရွယ်
် သမီးလေးကျန်ခဲ့သည်။ထိုကလေးမှာ မိခင်ကို
လွမ်း၍ သေရှာ၏။ အမေနှင့် ဘကြီးမှာ နတ်စာရင်း
အသွင်းခံရသူများဖြစ်သလို မနှဲလေး(ရှင်နှဲမိ)လည်း
အော်တို ရာထူးတက်၍ နတ်ဖြစ်လေသည်။
ဒါမျိုးကို မိုးကျရွှေကိုယ်နတ်ဟု
ခေါ်ရမည်။ ရာထူးရတာ တယ်မြန်သကိုး။
ဒီနိုင်ငံမှာတော့ အဘတွေနှင့် ပက်သက်ရင်
ဒါမျိုးရိုးနေပါပြီ။အထူးအထွေတော့ မဟုတ်။
[၆]
ဒီလိုနှင့် မောင်သက်ဦးလေးတခါဖျားတိုင်း
တခါချွဲ ကြပ်တိုင်း တခါအီလေတိုင်း
မောင်မှန်တို့အိမ်တွင် နတ်ရုပ်တရုပ်ကျစီ
ရောက်ရောက်လာလေရာ မြန်မာပြည်မှ
ရှိသမျှနတ်တို့ ကုန်သွားလေပြီ။ဒေါ်စိန်နှင့်
ဒေါ်ပုတို့ မြေးဦး မောင်သက်ဦးလေးကို
ချစ်တာတော့ အသာထား။
မဆီမဆိုင် နတ်များပင့်ပင့်လာသည်ကို
မောင်မှန်ကြာလာတော့ စိတ်ပျက်လာချေပြီ။
သူ့အိမ်ဦးခန်းတွင် ဘုရားစင်က သေးသေးလေး။
နတ်စင်ကြီးကတော့ အုပ်လိုက်သင်းလိုက်နှင့်။
ယခုနေသာ ဒီမိုကရေစီနည်းအရ နေအိမ်တွင်
ရှိသမျှသူအပေါင်း မဲများခွဲကြလေက မောင်မှန်တို့
လင်မယားနှင့် ဘုရားပါ မကျန် မဲအပြတ်အသတ်ရှုံး၍
အိမ်က ဆင်းပြေးရမည့်အပေါက် ထွက်ပြေး
ရမည့်သဘော ဖြစ်နေချေပြီတကား။
ဒါတင်ပဲလား ။ မဟုတ်သေး။
ဒေါ်ပုနှင့် ဒေါ်စိန်လုပ်ပုံကြည့်။မြန်မာနိုင်ငံရှိ
နတ်တွေနှင့် အားမရနိုင်။ မတင်းတိမ်နိုင်။
ကုလားနတ် (ဟိန္ဒူနတ်) l တရုတ်နတ်များပါမချန်တော့။
တရုပ်ပြီး တရုပ်ထပ်တင်လာချေပြီ။ဒီအတိုင်းဆို
ပြဿ နာ မောင်မှန်အကြံထုတ်ရတော့၏။
အကြံမထုတ် ခံနိုင်ရိုးလား။ ယောက်ခမနှင့်
အမေဖြစ်သူက နတ်ရုပ် တရုပ်တင်တိုင်း အလုပ်က
ရှုပ်ရှုပ် လာပြီ။အိမ်လည်း ကြပ်ကြပ်လာပြီ။
သူက နတ်ဆို ကြည့်ရသူမဟုတ်။
ကလေးက ငယ်ငယ်ရှိသေး။ဇနီး မယ်ခင်ခမျာလည်း
ဒီအဖွားကြီးတွေ စိတ်ချမ်းသာရင် ပြီးရော
သဘောဖြင့် ဘာမှမပြော။ လသားအရွယ်
ကလေးကိုသာ ဂရုစိုက်နေရှာ၏။
မောင်မှန်၏ အကြံအား
ကူဖော်လောင်ဖက် တတပ်တအား
အားဖြည့်ပေးမည့်သူနှစ်ယောက်မှာ ယောက်ခထီး
ဖြစ်သူ ဦးသာဓုနှင့် ဖခင်ဖြစ်သူ ဦးတိုး တို့ဖြစ်သည်။
သုံးယောက်သား တိုင်ပင်ကြပြီး
အကြံထုတ်ကြတော့၏။နတ်ပြဿ နာကို
နတ်နှင့်ပဲ ဖြေရှင်းကြမည်။ဦးသာဓုနှင့် ဦးတိုးကလည်း
နတ်ဆို ကြည့်ရတာမဟုတ်။ အစိမ်းလိုက်ကို
ဝါးစားချင်နေကြသူများ။ဂွင်မကြုံသေးလို့
စောင့်နေကြတာ။
[၇]
တရက် မောင်မှန်တို့အိမ်တွင် နှစ်ဖက်သော မိဘများ
အစုံအလင်ရှိနေကြသည်။ ထိုသို့သော အချိန်ကောင်းတွင်
မယ်ခင်၏ အဖေဖြစ်သူ ဦးတိုးက နတ်ဝင်လေတော့သည်။
(အမှန်တော့ ကြိုတင်ဇာတ်တိုက်သည့်အတိုင်း
အယောင်ဆောင်ခြင်းပင် ဖြစ်တော့သည်။)
ဦးတိုးဝင်ပြီး ချက်ချင်းဆိုသလို မောင်မှန်၏
အဖေဖြစ်သူ ဦးသာဓုကပါ နတ်ဝင်လာတော့၏။
ဦးတိုးက ပြောသည်မှာ " ငါကိုယ်တော်ကြီးပဲကွ
ဘယ်ကောင် မိုက်လဲကွဟေ " ဟုဆိုကာ
သောင်းကျန်းလေပြီ။ ဦးသာဓုကလည်း ကြိမ်းချေပြီ။
" ငါ ကိုကြီးကျော်ပဲကွ ဘယ်သူအသာလဲ
ပြိုင်စတမ်းပေါ့ကွ" ဆိုကာ နတ်များ အသီးသီး
ဝင်လာကြပေပြီ။ကကြ ခုန်ကြ၏။
မျက်စိကို နောက်လို့။
နှစ်ယောက်စလုံးက မောင်မှန်ကို
သူတို့ကိုယ်စားပြုသော နတ်ရုပ်များကို
နတ်စင်မှ အသီးသီး ယူခိုင်းလေ၏။
နတ်အချင်းချင်း တန်ခိုးပြိုင်ကြမည်။
ဦးသာဓုနှင့် ဦးတိုး နတ်ဝင်သည်နှစ်ယောက်
နတ်များ တန်ခိုးပြိုင်သည်ဟု ဆိုကာ
နတ်ရုပ်ချင်း ရိုက်ကြပြီး တန်ခိုးပြိုင်ကြလေပြီ။
ဒေါ်စိန်နှင့် ဒေါ်ပုလည်း လက်အုပ်လေးတွေချီကာ
နတ်တွေတန်ခိုးပြိုင်ပုံ အထူးအဆန်းအား
ပါးစပ်လေးအဟောင်းသားနှင့် တအံ့တသြ
ကြည့်နေကြရှာ၏။တသက်နှင့်တကိုယ်
နတ်တွေ တန်ခိုးပြိုင်တာ မတွေ့ဖူးကြ။
သူတို့လောက် လူဖြစ်ရကျိုး နပ်သူတွေ
ဒီလောကမှာ ရှိပါဦးမလား တွေးကြ၏။
ကြည့်လို့တော့ အတော်ကောင်း၏။
နတ်ရုပ် သစ်သားအပိုင်းအစတွေ ဖွားခနဲ
ဖွားခနဲ။ ခေါင်းပြုတ်ကျလာလိုက်။
လက်ပြုတ်ကျလာလိုက်။ နားရွက်လေး
ကျလာလိုက်။ ခြေပြုတ်ကျလာလိုက်နှင့်။
ကဗျာပင် ဆန်နေတော့သည်။
ဦးတိုးနှင့် ဦးသာဓုကလည်း
နတ်တွေသိပ်ကြည့်ရတာ မဟုတ်။
အငြိုးနှင့် ဂွင်ကြုံတုန်း အမုန်း ဆော်ကြပြီ။
ခံနိုင်တဲ့ အရုပ် ခံကြပေရော့။
ဘယ်မလဲ တန်ခိုး ပြကြလေ။
[၈]
ဒီလိုနှင့် ဦးသာဓုနှင့် ဦးတိုးတို့နှစ်ယောက်
နတ်တပါးပြီး တပါး ဝင်လာလိုက်။
နတ်စင်မှ နတ်တွေတရုပ်ပြီးတရုပ်ယူလိုက်။
တန်ခိုးပြိုင်ပြီး ရိုက်လိုက်နှင့် အရုပ်ချင်း
တန်ခိုးပြကြပေရာ နာရီဝက်ပင်မကြာလိုက်
နတ်စင်မှ နတ်များ ကုန်သွားလေပြီ။
နတ်ရုပ်တွေလည်း တန်ခိုးတော် အသာထား
သစ်သားရုပ်တို့ဖြစ်သည့် နည်းတူ
တစစီ ဖြစ်ကုန်ကြပြီ။ မြန်မာပြည်မှနတ်များ
ကုန်တော့ တရုတ် ကုလား ဟိန္ဒူနတ်များဘက်
လှည့်ပြန်၏။မကြာပါ မောင်မှန်နေအိမ်ရှိ
နတ်ရုပ်တွေ တစစီဖြစ်သွားပေတော့သည်။
သစ်သားပုံကြီး ဖြစ်သွားပြီ။ ကနဦးက
ဒေါ်ပုနှင့် ဒေါ်စိန် ကျေးဇူးတော်ကြောင့်
မောင်မှန်၏ အိမ်တွင် အခန့်သား
စတိုင်ကျကျ နေရာယူထားကြသော
နတ်များ ယခုတော့ ခြေပြတ် ခေါင်းပြတ်
ပိုးလို့ ပက်လက်ဖြစ်ကုန်ကြပြီ။
နောက်ဆုံးနတ်စင်က နတ်တွေကုန်တော့
ဦးတိုး ခမျာလည်း မောသွားချေပြီ။
နတ်လည်း မဝင်နိုင်တော့။
ဒီတော့ ဦးသာဓု အနေနှင့် နောက်ဆုံးဇာတ်ကရချေပြီ။
ကြိုတင် ဇာတ်တိုက်ထားသည့်အတိုင်း ဦးသာဓု
ထပ်မံ၍ နတ်ဝင်လာပေပြီ။ သူ့နတ်က ထူးဆန်း၏။
ဘိုးတော်သိကြားမင်း နတ်။
[၉]
ဘိုးတော်သိကြားမင်းဟု
အသံကြားလိုက်သည်နှင့် ဒေါ်ပု ဒေါ်စိန်တို့နှစ်ယောက်
ကုန်းကန်တော့ကြကုန်၏။ အမလေး ဘိုးတော်
သိကြားမင်း တွေ့ရခဲပေခြင်း။လူ့ပြည်ကြွတုန်း
ဖူးထားဦးမှ။
ဘိုးတော်သိကြားမင်းပူးနေသော ဦးသာဓု
ပြောသည်မှာ ဒီနေ့ကစ၍ ဘယ်နတ်မှ
ဘယ်အိမ်ပေါ်တင်တာကို လက်မခံ။ အိမ်ပေါ်နတ်တင်
လာသူ၏ ဖင်အား သိကြားလက်နက် ဝရစိန်နှင့်
ပစ်ခါဆုံးမမည်ဟု ကြိမ်းလိုက်လေရာ
ဒေါ်ပုရော ဒေါ်စိန်ရော တွန့်သွားကြလေ၏။
" တင်ပါ့ ဘုရား " ဟု ကိုယ်စီ ပြောကြပြီ။
မပြောလို့လည်း မဖြစ်တော့
မိန်းမများ တန်ဖိုးအထားဆုံးက ဒီဖင်လေးသာ
ရှိကြတာ။ယခုတလော ဖေ့စ်ဘုတ်ပေါ်
ဖော်လိုဝါများချင်ရင် ဖင်လေးဓါတ်ပုံရိုက်တင်ရုံနှင့်
အလုပ်ဖြစ်ကြောင်း သူတို့လည်း ကြားဖူးနားဝ
ရှိထား၏။ဒါ့ကြောင့် ဖင်တော့ အထိမခံနိုင်ပေါင်။
သိကြားဝရစိန် လက်နက်ဆိုတာကလည်း
ဘာကြီးမှန်းမသိ။ မတော်ပစ်ချလိုက်လို့
ဖင်ပိန် ဖင်လိန် ဖင်နူ သွားမလား
ဒေါ်စိန် နှင့် ဒေါ်ပု တွေးကြောက်နေပြီ။
နှစ်ယောက်သားလည်း တီးတိုးပြောကြပြီ။
ဖင်တွေတော့ အထိခံလို့ မဖြစ်။
နတ်ဝင်သည် ဦးသာဓုပြောသည်မှာ
မောင်သက်ဦးလေးအား ဒီနေ့မှစ၍
ဘယ်နတ်မှ မနှောင့်ယှက်နိုင်အောင်
ဘိုးတော်သိကြားမင်း စောင့်ရှောက်မည်။
ဘိုးတော်သိကြားကိုလည်း အထူးအထွေ
ရုပ်တုနှင့် မကိုးကွယ်ရန် အသေအချာ
မှာကြားပြီး နတ်ပြန်ထွက်သွားလေပြီ။
ဦးသာဓုလည်း မောလှပြီ မဟုတ်လော။
နတ်တွေလည်း အပြန်အလှန် အရိုက်ကောင်း၍
ကုန်ပြီ။နတ်စင်ဖြိုရန်သာ ကျန်တော့သည်။
[၁၀]
ကလေး ဆေးခန်းပြဖို့ ဒီနေ့ချိန်းဆိုထားရာ
မယ်ခင် ဒေါ်စိန် နှင့် ဒေါ်ပုတို့
ဒရိုင်ဘာနှင့် ထွက်သွားကြလေပြီ။
မောင်မှန်၏အိမ်တွင် ဦးသာဓု ဦးတိုး
မောင်မှန်တို့ သုံးဦးသား ကျန်ခဲ့၏။
တမင်နေခဲ့တာ ။
ဒါမျိုးတော့ မောင်မှန်က လျင်၏။
ချက်ချင်းပင် နတ်စင်တွေဖြိုချလိုက်သည်။
အမြန်အဆန်ပင် နတ်ရုပ်အကျိုးများနှင့် နတ်စင်
အပိုင်းအစများအား လမ်းထိပ်ရှိ အမှိုက်ပုံးထဲ
သွားထည့်ပစ်လိုက်လေပြီ။အေးလေရော။
ခွေးသူခိုးလေးတွေ အိမ်မှာ အခန့်သား
လာနေတာ ကြာရောပေါ့။
သွားပေတော့။နတ်ပြဿ နာလည်း
ပြီးချေပြီ။
မောင်မှန် အိမ်ပြန်ရောက်သည့်အခါ
ဦးသာဓု ဦးတိုး နှင့် စကားလက်ဆုံကြ၍
ဟန်ဆောင် နတ်ဝင်သည့် အဖြစ်အား ပြန်ပြောကြပြီး
သုံးယောက်သား တဟား ဟား တဝါး ဝါး
ရီမောသံသည် ပုသိမ်ညွန့် ရပ်ကွက်လေးအတွင်း
ကျယ်လောင်စွါ ထွက်ပေါ်
လာပေတော့သည်တကား ………………
………………………………………………………
…………………………………………………………
မောင်သုခ
[21_ Dec_ 2017]
No comments:
Post a Comment