" မောင်ပိန်ဟောသော တရားဆန်း "
________
မောင်သုခ
__________
[၁]
မောင်ပိန်ဆိုသည်မှာ သူခိုး ဓါးပြတဦးဖြစ်၏။
မောင်ပိန်တယောက် ရာဇဝတ်မှုများ
ကျူးလွန်ရင်းမှ နာမည်ကျော်လူဆိုးတဦး
ဖြစ်လာလေရာ အစိုးရမှ အရေးပေါ်
ဖမ်းဝရမ်းထုတ်လေတော့သည်။
မောင်ပိန်တယောက်
ဆင်းရဲသူ ဆင်းရဲသားများ၏
ရွှေတို ငွေစများအား အမြဲတစေခိုးယူနေစဉ်
သူဆင်းရဲများက မောင်ပိန်ကို အခါခါ ပုလိပ်တိုင်
ဂါတ်တိုင်သော်လည်း အရေးပိုင်များ
စိုးစဉ်းမျှ အရေးမလုပ်ခဲ့။
ယခုသော်ကား မောင်ပိန် လုပ်ပုံကြည့်။
အမှု တော် အတော်ကြီးလှ၏။
ဗိုလ်ကတော် တယောက်၏
ရွှေရောင်ဘရာစီယာကို
ရွှေအစစ်ထင်ပြီး သွားခိုးစဉ်
ဗိုလ်ကတော်က ရေချိုးနေရာမှ ထွက်လာသည်နှင့်
ကြုံပြီး ပိန်ပိန်လိန်လိန် မောင်ပိန်အား သူရဲ
တစ္ဆေထင်ကာ မူးမေ့ လဲလေတော့သည်။
ဗိုလ်ကတော် သတိတော်လည်ဖို့အရေး
အတော်နှာနှပ်ယူရ၏။လင်တော်မောင်
ဗိုလ်ကြီးမှာလည်း မောင်ပိန်ကို ဒေါသထွက်မဆုံး။
ညားကာစ ကလေးယူနေသည့် အခါကောင်း
ဖြစ်လေရာ ဒင်းကို စိတ်စွဲ၍ မတော်လို့
ကလေးမွေးလျှင် မောင်ပိန်ကဲ့သို့
အသွင်တူတည့် သူရဲ တစ္ဆေရုပ်ထွက်လာလေက
မခက်ပေလော…
လင်ဖြစ်သူ ဗိုလ်ကြီးမှ
မကြေမချမ်းနှင့် မောင်ပိန်အား
မြေလှန်ရှာလေတော့ရာ
မောင်ပိန်တယောက် ကြောက်အား
လန့်အားဖြင့် ထွက်ပြေးရင်း ပြေးရင်း
မြန်မာပြည် အထက်ပိုင်း နယ်စပ်ရွာလေး
တခုသို့ ရောက်၏။
ရွာသူရွာသားများမှာ ချစ်စဖွယ်
တိုင်းရင်းသား ဘာသာစကားသာ ပြောတတ်လေရာ
မောင်ပိန်တယောက် အခက်တွေ့လေပြီ။
[၂]
တိုက်တိုက်ဆိုင်ဆိုင် မောင်ပိန်ရောက်သည့်နေ့တွင်
ရွာတွင်ရှိသည့် တပါးတည်းသော ဆရာတော်သည်
မာလကီးယားကာ နတ်ရွာစံလေတော့၏။
ဆရာတော်အား မြေမြှုပ်ပစ်
နေကြစဉ် မောင်ပိန်တယောက် အကြံပေါက်ပြီး
ဆရာတော်နေထိုင်ရာ ကျဉ်းလှ သေးလှသည့်
ဓနိကာ ဓနိမိုး ဝါးကြမ်းခင်းထားသော
ကျောင်းသင်္ကန်းလေးမှ သင်္ကန်းကို ခိုးကာ
ကတုံးတုံးချပြီးသကာလ
ဘုန်းကြီးယောင်ဆောင်နေလေတော့သည်။
သူခိုးသင်္ကန်းပတ်အသွင်ဖြင့်
မောင်ပိန်လည်း ခပ်တည်တည်
ဆရာတော်ကျောင်းတွင် စံနေလေရာ
ရွာသူ ရွာသားများ ဘုန်းကြီးကျောင်း
အိုလေးသို့ ပြန်ရောက်လေလျှင်
ဆရာတော်၏ တပည့်သာဝကဟု
အထင်ရှိလေတော့၏။
[၃]
မောင်ပိန်ကလည်း မြန်မာစကားပြော
ရွာသူ ရွာသားများမှလည်း တိုင်းရင်းသား
စကားပြောဖြင့် အမြီးအမောက်မတည့်
အတော်လေးဂွကျနေပြီး
သူပြောတာ ကိုယ်နားမလည်
ကိုယ်ပြောတာ သူနားမလည် ဖြစ်နေစဉ်
ရိုးသားလှသော ရွာသူ ရွာသားတို့မှ
ရှိခိုးဦးချပြီး ပြန်သွားကြလေတော့သည်။
ရွာသူ ရွာသားတို့မှာတော့
ဘာသာစကား နားမလည်တာ အရေးမဟုတ်။
သူတို့အတွက် တဦးတည်းသော ဆရာတော်
ပျံလွန်တော်မူသဖြင့် ကိုးကွယ်ရာ မဲ့နေစဉ်
ယခု ဆရာတော်တပါးလက်ငင်း ချက်ချင်း
သိကြားမသကဲ့သို့ ရောက်လာပေရာ
အဆင်သင့်ပင် ကုသိုလ်ပြုဖွယ်ရာ
ရလေသောကြောင့် အတိုင်းမသိ
ဝမ်းသာ၍ မဆုံးကြ။
[၄]
ယခုလည်း ဆရာတော်နှင့် ခြေဟန်လက်ဟန်ဖြင့်
စကားပြောကြရာ အတော်အဆင်ပြေလှ၏။
နောက်တော့လည်း ဆရာတော်
သူတို့ စကားတတ်သွားပေမည်။
ဆရာတော်မှာ ဘုရား တရား အလွန်ကြည်ညိုဖွယ်
ရှိ၏။ဘုရားစင်ကို ကြည့်လိုက် လက်အုပ်လေး
တချီချီလုပ်လိုက်ဖြင့် စကားပြောလေပေရာ
ရွာသူ ရွာသားတို့အဖို့
စိတ်နှလုံးခွေ့နေတော့ပေသည်။
မောင်ပိန်ခမျာလည်း လူဆိုး သူခိုးဘဝက
ဘုရားဘာမှန်းမသိ တရားဘာမှန်းမသိသလောက်
ယခုတော့ လက်အုပ်အတော် ချီတတ်လာပေပြီ။
ဘုရားရိုသေတာ မရိုသေတာ အသာထား
လူမြင်ကောင်းအောင်တော့ ဖော်ရှိုးပြရသည်
မဟုတ်ပါလား ။
မောင်ပိန်တယောက်
လူဆိုး ဓါးပြ အသွင်ပျောက်
ဘုန်းကြီးအသွင်ရောက်နေပေပြီ။
လူဆိုးနှင့် ဘုန်းကြီးကြား သင်္ကန်းတခုသာ
ခြားလေသည်ကို မောင်ပိန်၏
အဖြစ်က ထင်ရှားစွါ သက်သေခံနေပေသည်။
ရွာသည် ဆင်းရဲနွမ်းပါးလှသော သူများ
နေထိုင်ရာ ရွာလေးဖြစ်ပြီး သစ်သီးဝလံများနှင့်
ဆန်စပါးစိုက်ပျိုးကြသူများ၏။
တချို့တလေကတော့ တိရစ္ဆာန်မွေးမြူကြသည်။
ရွာ၏ နံနက်ခင်းသည် နွားအော်သံ ဘဲအော်သံ
ကြက်အော်သံများဖြင့် သာယာကြည်နူးဖွယ်
ကောင်းနေပေတော့သတည်း။
[၅]
ရဟန်းမဟုတ်ပါဘဲ သင်္ကန်းခြုံထားသော
မောင်ပိန်တယောက် ရွာသို့ရောက်ပြီး
တလပင်မကြာ ဝဝဖြိုးဖြိုး အသားရေစိုပြေပြီး
လူပုံ သူပုံပေါက်လာလေပြီ။
ရွာသူ ရွာသားတို့ကလည်း
သူတို့အိမ်တွင် စားစရာမရှိသာနေမည်။
ရဟန်းလိမ် မောင်ပိန် အတွက်တော့
စားချင် သောက်ချင်စဖွယ်
ဆွမ်း ဆပ်ကပ်လှူဒါန်းကြ၏။မောင်ပိန်
မြန်မာလို ဟောသော တရားကိုလည်း
သူတို့နားမလည်။ မောင်ပိန်ဟောသော
တရားဆန်းကား တိုတို တုတ်တုတ်ပင်ဖြစ်၏။
တရားဆုံးက ရွာသူရွာသားတို့ခမျာ
" သာဓု သာဓု သာဓု " ဟူ၍ ခေါ်ကာ
ပြန်သွားကြမြဲဖြစ်လေတော့သည်။
တရားလည်း သူတို့နားမလည်။
နားပင်မလည်ငြားသော်လည်း
ဆရာတော်ဟောသော တရားသံကြားရသည်မှာ
နားဝင်ချိုလှပေတော့၏ဟု ကိုယ်စီတွေး၏။
ဤသို့ ရိုးလှ အလှသော
ရွာသူ ရွာသားများပင်။
[၆]
မောင်ပိန် သည်လို တရားဟောနိုင်ဖို့
တရွာလုံး အနှံ့ ပိုက်စိပ်တိုက်လိုက်ကြည့်ပြီးမှ
တရားရခြင်းဖြစ်သည်။ နှယ်နှယ်ရရ တရားတော့
မဟုတ်။ တရားထူး တရားဆန်းဖြစ်ချေတော့၏။
မနက်ဖြန် လပြည့်နေ့နံနက် ထိုတရားကိုပင်
ဟောရဦးမည်။ တရားက တိုတို တုတ်တုတ်ပင်။
ဟောပြီးက ရွာသူ ရွာသားတို့မှာ လှူစရာ
တန်းစရာများ လှူဒါန်း၍ ရှိခိုးဦးချကြပြီး
ပြန်ကြပေမည်။
ရွာသားတို့ ပြန်လေက
လှူထားခဲ့သမျှကို နေ့ရော ညရော
မောင်ပိန် အကြိုက်စားရမည်။
မောင်ပိန်တယောက် အစားကောင်း
အသောက်ကောင်း အအိပ်ကောင်းလိုက်ပုံ
လူပင် ဝဖြိုး ဖြူဖွေး စိုပြေလာလေပြီ။
[၇]
လပြည့်နေ့ နံနက် မောင်ပိန်
တရားဟောလေပြီ။ ဟောသော တရားမှာ
တရွာလုံး အနှံ့ ရွာပတ် တရားရှာထားသော
တရားဆန်းဖြစ်၏။
တရွာလုံးအနှံ့ တရားရှာပုံမှာ ဤသို့တည်း။
ရွာသို့ စရောက်ခါစက ရွာကို မောင်ပိန်
ပတ်ကြည့်လေရာ အစဦးဆုံး ဘူးပင် ဖရုံပင်
ငရုတ်ပင် သခွါးပင်လေးများ
တွေ့၏။ နောက် ဖရုံခင်းများတွေ့၏။ ဖရုံသီးများမြင်၏။
ဖရုံနွယ်များ ဖရုံပင်များ ဖရုံစင်များ တွေ့ပြန်၏။
ရွာအစွန်တွင်
ရေစီးနေသော ချောင်းလေးတခုတွေ့ပြီး
ချောင်းအတွင်း ငါးတကောင်ကို
ပုစွန်လေးတကောင် လိုက်ထိုးနေသည်။
ထိုစဉ် " မမြရေ နွားရေချိုးပြီးပြီလား "
ဟု တဲတခုမှ အော်မေးသံကြားရ၏။
ထို့နောက် လင်မယားနှစ်ယောက်
ထိုးကြကြိတ်ကြနှင့် ရန်ဖြစ်ကြလေတော့သည်။
ဒါက ရွာပတ်၍ မောင်ပိန်ရှာခဲ့သော တရားဆန်းပင်
ဖြစ်တော့၏။ထိုတရားဆန်းအား ကျက်သရေ
ရှိလှသော လပြည့်နေ့ နံနက်ခင်းတွင်
အောက်ပါအတိုင်း မောင်ပိန်ဟောကြားလေ
တော့သတည်း ။
[၈]
" ဘူး ဖရုံ
ငရုတ် သခွါး
ဖရုံသီး ဖရုံနွယ် ဖရုံပင် ဖရုံစင် …
ချောင်းတွင်ရေစီး
ငါးကို ပုစွန်ကိုက်သည်…
မမြရေ ………
နွားရေချိုး ပြီးပြီလား ………
ထိုးကြလေကုန်သတည်း …… "
အထက်ပါအတိုင်း မောင်ပိန်၏
ရွာပတ်ရှာထားသော တရားဆန်း ကို
အသံကျယ်ကျယ် ဋ္ဌာန်ကရိုဏ်းကျကျ
ဟောကြားလိုက်လေရာ…
ညကမှ မောင်ပိန်ကဲ့သို့
အလားတူ ရာဇဝတ်မှု ရှောင်ရင်း ရောက်လာသော
မြန်မာတယောက်သည် ရွာ့ပရိတ်သတ်အတွင်း၌
ရှိနေလေ၏။
ထိုသူသည် မောင်ပိန်ဟောသော
တရားထူး တရားဆန်းတဖြစ်လည်း
မြန်မာစကားကို ကြားပြီးသကာလ
မြန်မာလို နားလည်သဖြင့်
မောင်ပိန် အား သင်္ကန်းဝတ်ထားသော
လူလိမ်မှန်း အတတ်သိတော့သည်။
[၉]
ထို့ကြောင့် ပရိတ်သတ်အတွင်းမှ
ကုန်းထလိုက်ပြီး မောင်ပိန်ကို " ဟေ့ လူလိမ် ကတုံး
ကတုံး လူလိမ် "ဟု အော်ကာ
လက်ညှိုးထထိုးလေ၏။
မောင်ပိန်လည်း ထိုငနဲကို မြင်လိုက်ကတည်းက
မြွေ မြွေချင်းခြေမြင်ဆိုသလို လူဆိုး သူခိုးမှန်း
အတပ် သိပေတော့ရာ သူ၏ ရင်တွင်းဖြစ်
တရားဆန်း နောက်တပုဒ်အား
ယခုကဲ့သို့ ချက်ခြင်းလက်ငင်းပင်
ကောက်ဟောထည့်လိုက်
လေတော့သည်။
" လူကြားထဲက
ဗမောက်တရာ …
ဗမာ တယောက်…
တေတေ နိပ်
တိတ်တိတ်နေ …
ပြီးရင် မင်းနဲ့ငါ
ဝါးစေ ဝေစား
ကြလေကုန်သတည်း "….
ဟု ဟောကြားလိုက်လေရာ
မြန်မာလို နားမလည်သော
ရွာသူရွာသား တို့ကလည်း တရား
ယခုမှ အမှန်ဆုံးပြီ အထင်နှင့်
" သာဓု သာဓု သာဓု " ဟူ၍
တရွာလုံးညံအောင်
သံပြိုင် ခေါ်လိုက်ကြတော့၏။
လူလိမ်ဟု
ထကန့်ကွက်သော လူဆိုး သူခိုးမှလည်း
လှူ ဒါန်းထားသော သစ်သီးဝလံများ
စားသောက်ဖွယ်ရာ အပုံအပင်များအား
ကြည့်ပြီး သားရေယိုကာ မောင်ပိန်ကို ယောင်၍
လက်အုပ်ချီပြီး ပြန်ထိုင်လိုက်လေတော့သည်။
[၁၀]
မြန်မာပြည် အထက်ပိုင်းမှ
နယ်စပ်ကျေးရွာလေးသည် နံနက်ခင်းဆိုသည်နှင့်
နွားအော်သံ ဘဲအော်သံ ခွေးဟောင်သံ
ကြက်အော်သံများတွင် ကျေးငှက်သံများ
ပေါင်းဖက်ကာ သာယာကြည်နူးဖွယ်
ကောင်းနေပေတော့၏။
ယခင်အခါက ထိုရွာလေးတွင်
ရဟန်းအသွင်ဖြင့် မောင်ပိန်တယောက်တည်းသာ
ကိုးကွယ်စရာ ရှိနေသော်လည်း ယခုအခါ ရဟန်းတပါး
ထပ်တိုးလာပြီး သကာလ ကိုးကွယ်စရာ
ရဟန်းနှစ်ပါးဖြစ်သွားလေပြီ။ရိုးအ လှသော
ရွာသူ ရွာသားများသည် ပျော်မဆုံး
မော်မဆုံးနိုင်ကြသဖြင့် ဘုန်းကြီးကြိုပွဲပင်
ရွာ၌ ကျင်းပလိုက်သေး၏။
ထိုအချိန်မှ စ၍ လူဆိုး သူခိုး
ဝရမ်းပြေး ဘဝမှ သင်္ကန်းခြုံထားသော
မောင်ပိန်နှင့် အပေါင်းအပါ ရဟန်းတု
ရဟန်းယောင် သူခိုးဓါးပြနှစ်ပါးတို့သည်
နယ်စပ်ကျေးရွာလေးတွင် နေထိုင်သူများအား
မြန်မာစကားဖြင့် မြန်မာတရားဟောပြီး
ရွာသူ ရွာသားများ၏ လှူ ဒါန်း ကုသိုလ်ပြု
ပူဇော်အထူးကို အပူဇော်ခံယူတော်
မူနေကြတော့သည်တကား…
မောင်သုခ
[5- DEC-2017]
မှတ်ချက် ။
အထက်ပါ ဇာတ်လမ်းအကျဉ်းအား
လွန်ခဲ့သော ခုနှစ်နှစ်ခန့်တွင်
ပြည်မြို့သို့ရောက်စဉ်အခါ
သူငယ်ချင်းတယောက်က ပြောပြသဖြင့်
ကြားခဲ့ဖူးလေ၏။ သူ့အား ရေးသားသူကိုမေးရာ
တိကျစွါ မသိဘဲ စာအုပ်တအုပ်၌
အဆိုပါ ဇာတ်လမ်းကျောရိုး
စာစုအတိုလေး ဖတ်ရှုရကြောင်း
ဆိုလေ၏။ဆရာကြီးမင်းသိင်္ခ ဝတ္ထုတွင်
ပါသည်ထင်၏ဟု ဆိုသည်။
နှစ်ကာလလည်း ကြာရှည်ပြီ
ဖြစ်သောကြောင့် သူငယ်ချင်းဖြစ်သူ
မူလပြောခဲ့သော ဇာတ်လမ်းမူရင်းကို
မှတ်မိခြင်းမရှိတော့သဖြင့် သင့်တော်သလို
စိတ်ကူး ဇာတ်ဆင် ထည့်သွင်း
ရေးသားလိုက်၏။
မူရင်း ဇာတ်လမ်းကျောရိုး
ရေးသားသူအား လေးစားစွါ
(credit) ပေးပါသည်။
မူလရေးသားသူကို
သိရှိသော မိတ်ဆွေများမှ
ညွှန်ပြကြပါလေကုန် ။
ဖတ်ဖူးချင်လှပေ၏။