Friday, May 11, 2018

အမှန်ကို မသိခြင်း

" အမှန်ကို မသိခြင်း "

__________
မောင်သုခ
_____________

[၁]

" အမှန်မသိ တလွဲ ကြံမိ "

လောကအရေးနဲ့ ပက်သက်လာရင်
အမှန်ကို မသိတဲ့အခါ
အတော်လေး ဆိုးဝါးပါတယ်…

ဗုဒ္ဓဝါဒနဲ့ ပက်သက်လာရင်လည်း
အမှန်ကို မသိတဲ့အခါ အတော်လေး
ဆိုးဝါးပါတယ်…

ဘယ်လို အရေးကိစ္စဖြစ်ဖြစ်
အားလုံးလိုလိုသော အကြောင်းကိစ္စတွေမှာ
အမှန်ကို မသိခြင်းဟာ တလွဲတွေကို
ပြောမိ ကြံမိ လုပ်မိတတ်တယ်…

[၂]

" လက်ကားယား ခြေကားယား "

ကျွန်တော် နောက်ပိုင်း
ဘာသာရေးပိုစ့်တွေ သိပ်မတင်
ဖြစ်တော့တာက ကိုယ်တိုင်
သံသရာကနေ အားကြိုးမာန်တက်
ခပ်မြန်မြန် ထွက်ဖို့ လတ်တလောကတော့
စိတ်ဆန္ဒစိုးစဉ်းမျှ မရှိပါဘဲ
သံသရာရှည်လိုတာကတကြောင်း
သီလလောက်သာ တတ်နိုင်သလောက်
စောင့်ထိန်းနိုင်ပြီး သမာဓိနဲ့ ပညာပိုင်းကို
မကျင့်ကြံနိုင်သေးဘဲ လောဘ မောဟ
ဒေါသတွေနဲ့ ပါးစပ်က ဘုရားဘုရား
လက်က ကားယား ကားယား မလုပ်
ချင်တာက တကြောင်းကြောင့်
သိပ်မရေးဖြစ်တာ… နောင်စိတ်ပါလို့
စိတ်ပြန်လည်လာတဲ့အခါတော့
ရေးပါဦးမယ် …

အပေါ်က စကားကို ဆက်တာပေါ့…
ကနဦးအနေနဲ့ ဗုဒ္ဓဝါဒနဲ့ ပက်သက်လာရင်
အမှန်ကို မသိတဲ့အခါ အတော်လေး
ဆိုးဝါးပါတယ်… တလွဲတွေ လုပ်မိတတ်တယ်…

[၃]

" စံပြ နမူနာ ယူစေလို  "

ဒါက ကျွန်တော်တို့လို ဘာမှမဟုတ်တဲ့
လူသာမာန်တွေမှာ မဆိုထားနဲ့
သိပ်ကို အတွေးအခေါ်ကောင်းပြီး
အသိအမြင်ကြွယ်ဝပါတယ်ဆိုတဲ့
ဆရာကြီး ရွှေဥဒေါင်းလို ပုဂ္ဂိုလ်ကြီးမှာတောင်
မနှံ့စပ်သေးခင် အခါမှာ ဒါမျိုး လုပ်မိတာ
သွားတွေ့ရတယ်… ဒါကို ဘယ်လိုသိသလဲဆိုတော့
ဆရာကြီး ပြန်ပြောပြ ပြန်ရေးသားပြလို့
သိရတာပါပဲ …

စာပေရေးသားသူတွေဟာ
ငါသိ ငါတတ် ငါတော် ငါသာလျှင်
ပြစ်မျိုးမှဲ့မထင် ဂိုက်ဖမ်းဖမ်းပြီး
ရေးသားကြတာ အတော်လေးတွေ့ရတယ်…
ကိုယ့်အလွဲ အမှားတွေ သောက်သုံးမကျတာတွေကို
လိပ်ကလေး ခေါင်းတွေ ခြေတွေ ဖွက်သလို ဖွက်ထားလေ့ရှိကြတယ်…
ဒါက မရိုးသားမှု ပါပဲ …

အခုခေတ် စာပေရေးသား
မျှဝေသူတွေဟာ ဆရာကြီး
ရွှေဥဒေါင်းကို စံနမူနာ အနေနဲ့ အတုယူ
သင့်တယ်… ဆရာကြီးဟာ နှောင်းလူတွေ
ဆောင်နိုင်ဖို့ l ရှောင်နိုင်ဖို့  l ဆင်ခြင်နိုင်ဖို့ 
အဓိက ရည်ရွယ်ပြီး မိမိရဲ့ အလွဲလေးတွေ
အမှားလေးတွေကအစ ဖော်ပြရေးသားသော
အလေ့အထ ရှိတယ်… စာရှုသူတွေအဖို့
ဒါမျိုးတွေ ဖတ်ရတာဟာ သိပ်ကို တန်ဖိုးရှိတယ်…
သိပ်ကို အသိအမြင်တိုးစရာ  ဆင်ခြင်စရာတွေကို
ရစေတယ်…

[၄]

" ဆရာကြီး ရွှေဥဒေါင်း "

ဆရာကြီးရွှေဥဒေါင်းဟာ
အသက်နှစ်ဆယ်ကျော် အရွယ်လောက်မှာ
နာမည်ကျော်သီယိုဆိုဖီ ဆရာတယောက်ရဲ့
စကားကို နားယောင်ဖူးတယ်…
အဲဒီ့ သီယိုဆိုဖီဆရာကြီးပြောတာက
ဗုဒ္ဓဟာ သက်သက်လွတ် ရှောင်တော်မူကြောင်း
မဟာကရုဏာရှင် ဗုဒ္ဓဟာ အသားကို လုံးဝ
မစားကြောင်း  ပြောတာကို ကြားတော့
" ဟုတ်ပေတာပဲ " လို့ သဘောကျပြီး
သက်သက်လွတ်သမား လုံးလုံးလျားလျား
မဖြစ်သွားပေမယ့် အသားစားခါနီး
တိုင်းတော့ စိတ်မသက်မသာနဲ့ ခပ်တွန့်တွန့်
ဖြစ်ခဲ့ဖူးတယ် …

နောင်များအခါကြမှသာ
သံဃာဂိုဏ်းခွဲလိုတဲ့ ဒေဝဒတ်ရဲ့ တောင်းဆိုချက်
ငါးချက်ထဲမှာ နံပါတ် (၅) အချက်မြောက်
တောင်းဆို ချက်ဖြစ်တဲ့  အမဲသားငါးကို မစားစေဘဲ
မြေပေါက်အသီးအနှံ စသည်တို့ကိုသာ
မှီဝဲစေရန် ပညတ်ဖို့ ဆိုတာကို ဗုဒ္ဓဟာ
ငြင်းပယ်တာကို ဆရာကြီး သွားဖတ်ရတယ်…
ဒါနဲ့အတူ အသားစားသုံးခြင်းအပေါ်
ဗုဒ္ဓရဲ့ ဟောဆိုချက်တွေကိုလည်း
နားလည်သဘောပေါက်ခဲ့တယ်…
ဒီအခါကြမှသာ  လောဘ မောဟ  ဒေါသ ရဲ့
အပြစ်ကို  အဓိကအနေနဲ့ နားလည်သဘော
ပေါက်ပြီး ဥာဏ်ကြီးရှင် ဒေဝဒတ်
ဂိုဏ်းသားများ နောက်သို့ ဘယ်တော့မှ
လိုက်မည်မဟုတ် ဆိုပြီး ရေးသားခဲ့တာ
တွေ့ရတယ်…

[၅]

နိုင်ငံရေးကဏ္ဍဘက်က ပြောရရင်လည်း
ကိုယ့်တိုင်းပြည်ရဲ့ လတ်တလောအခြေအနေ
အမှန်ကို မသိတာဟာ အတော်လေး
ဆိုးဝါးလှပါတယ်… ဒီလို အမှန်ကို မသိတဲ့အခါ
မှားယွင်းသော ပြုမူ ပြောဆိုမှုတွေကို
လူငယ်တွေမဆိုထားနဲ့ လူကြီးသူကြီးတွေ
မှာတောင် တွေ့ရတတ်တယ်…

ဒီတခါပြောလိုတာက မြန်မာနိုင်ငံရဲ့
အထင်ကရ နေ့ထူးနေ့မြတ်ဖြစ်တဲ့
အမျိုးသားနေ့ ဆိုတာ ဖြစ်ပေါ်လာခြင်းနဲ့
ပက်သက်နေတဲ့ ကိစ္စလေးပါ …

[၆]

" ဇာတ်မင်းသားကြီး ဦးဘိုးစိန် "

အထက်တန်းပညာသင်ခြင်းကို
ချုပ်ချုပ်ချယ်ချယ်လုပ်ထားတဲ့
ထိုအခါက ပညာမင်းကြီးဖြစ်သူ
မတ်ဟန်းတား(Mark Hunter)ရဲ့
ယူနီဗာစတီ ဥပဒေကြမ်းကို
မြန်မာကျောင်းသားတွေဟာ သဘောမတူ
မကြည်ဖြူတာမို့ သပိတ်မှောက်ကြပါတယ်…
ရန်ကုန်သပိတ်က အနယ်နယ်အရပ်ရပ်ကို
ပျံ့နှံ့သွားပြီး မန္တလေးက သပိတ်မှောက်
ကျောင်းသားတွေဟာ မန္တလေးကို ဇာတ်ကဖို့
ရောက်နေတဲ့ ဇာတ်မင်းသားကြီးဦးဘိုးစိန် ဆီကို
အလှူငွေသွားခံကြတယ်…

ဒီအခါမှာ  အခါတိုင်းဆို
အလှူအတန်းရက်ရောလှတဲ့
ဦးဘိုးစိန်ဟာ ကျောင်းသားတွေကို တွေ့တော့
" မင်းတို့ သူပုန်တွေ " ဆိုပြီး စသဖြင့်
ပြင်းပြင်းထန်ထန် မချေမငံ ပြောလွှတ်ပြီး
မောင်းထုတ်ပါတော့တယ်…
ဒီအကြောင်း မန္တလေးမြို့ထဲ သတင်းပျံ့
သွားပြီး မန္တလေးပြည်သူတွေဟာ ဦးဘိုးစိန်ပွဲကို
သပိတ်မှောက်ကြတော့တယ်…

[၇]

" နိုင်ငံကျော် ဦးဘိုးစိန် အခါခါ ပွဲပျက်ခြင်း "

ဦးဘိုးစိန်လည်း မန္တလေးက ရန်ကုန်ကို
ပြန်ဆင်းတာပေါ့ …ပြန်အဆင်း ပဲခူးကို
ဝင်ပြီး ပွဲကဖို့ ထပ်လုပ်ပါတယ်… ပဲခူးမှာ
သံကြိုးစာကြောင့် မန္တလေးက သတင်းပျံ့နေလို့
ပဲခူးမှာလည်း နိုင်ငံကျော် ဇာတ်မင်းသားကြီး
ဦးဘိုးစိန် ရဲ့ ဇာတ်ပွဲကို သပိတ်မှောက်ကြ
ပါတော့တယ်…ပဲခူးမှာ ပွဲထပ်ပျက်ပြန်ပါတယ်…
ှုဦးဘိုးစိန်ကလည်း လက်မလျှော့ပါဘူး…
ရန်ကုန်ကို ဆင်းတယ်… ရန်ကုန်မှာတော့
သူ့ပရိတ်သတ် အခိုင်အမာရှိတာမို့ ကျောင်းသား
တွေကို စာရင်းထဲ မထည့်ဘဲ ကျားကူးသိမ်အနီးမှာ
ပွဲစီစဉ်ပါတော့တယ်…

ဦးဘိုးစိန်တယောက် ရန်ကုန်မှာ ပိုပြီး
အရှက်ကွဲပါတော့တယ်…ပွဲကြည့်သူ မလာတာ
အသာထားဦး … ပွဲဈေးတန်းတောင် မုန့် ပဲ
သားရေစာ လာစားကြသူ မရှိအောင်ပါပဲ …
ဦးဘိုးစိန် ပွဲထပ်ပျက်ပါတယ်…

[၈]

" ဦးဘိုးစိန် ဝန်ချ တောင်းပန်ခြင်း "

ဒီအကြောင်းအရာကို သေချာစဉ်းစားကြည့်ပါ…
ပြည်သူတွေသာ ညီညွတ်ရင် နိုင်ငံကျော်အနုပညာ
ရှင်ကြီးရဲ့ ပွဲလည်း ပရိတ်သတ် မရှိပါဘူး …
နိုင်ငံရေးဆိုတာလည်း ဒီလိုပါပဲ… လက်နက်ကိုင်ပြီး
အာဏာရှင်တွေ လုပ်ချင်ရာ စွတ်လုပ်… ပြည်သူ မပါရင်
ခင်များတို့ ဘာလုပ်လုပ်  ပွဲမဖြစ်ပါဘူး …

ဒီတော့ကာ ဦးဘိုးစိန်ကြီးလည်း
သူ့အမှား အပေါ် ကျောင်းသားတွေနဲ့
ပရိတ်သတ်ပြည်သူကို ဝန်ချ
တောင်းပန်ရပါတော့တယ်…

ဆိုလိုရင်းကတော့ ဦးဘိုးစိန်တယောက်
မြန်မာနိုင်ငံအတွက် စုတ်ပြတ်နေတဲ့ အင်္ဂလိပ်အလိုကျ
ပညာရေး စနစ်ရဲ့ချို့ယွင်းချက်ကို မသိရှာတာပါ …
ဒီမြန်မာနိုင်ငံအတွက် စုတ်ပြတ်နေတဲ့ အင်္ဂလိပ်အလိုကျ
ပညာရေး စနစ်ကို ကျောင်းသားလူငယ်တွေ
ဆန့်ကျင် သပိတ်မှောက်တာဟာ
မြန်မာနိုင်ငံအတွက် ကြီးစွါသော အထောက်
အပံ့ဖြစ်ကြောင်း အမှန်ကို မသိရှာတာပါ …
ဒီအမှန်ကို မသိရှာတာမို့ ကျောင်းသားတွေကို
သူပုန်တွေ အဖြစ် အမည်တပ်ပြီး ပြင်းပြင်းထန်ထန်
တုံ့ပြန်တယ်လို့ စာရေးသူတော့ မြင်မိတာပါပဲ …
ဒါ့ကြောင့် အမှန်ကို မသိခြင်းဟာ
လူငယ်တွေ အသာထား… လူကြီးတွေ
မှာတောင် အမှန်ကို မသိတဲ့အခါ
ဆိုးဝါးတဲ့ အပြုအမူတွေ ပြုလုပ်မိတတ်တာကို
သတိပြု ဆင်ခြင်စေလိုတာပါပဲ …

[၉]

" စည်းကမ်းရှိပါ မှန်ကန်ရာ "

အမှန်ကို မသိခြင်းဆိုတာဟာ
စည်းကမ်းပိုင်းမှာလည်း အကျိုး
သက်ရောက်ပါတယ်.… မြန်မာလူမျိုးဟာ
အမှိုက်စွန့်တာ အမှိုက်ပုံတာမှာ အတော့်ကို
စည်းကမ်းမရှိတဲ့ ဗရမ်းဗတာ သိပ်ကျတဲ့
လူမျိုးပါ …အမှိုက်ကို သိမ်းဆည်းတဲ့
နေရာမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ
အတော့်ကို တာဝန်မဲ့ပြီး မျက်နှာလွှဲခဲပစ်
လုပ်တတ်ကြသူတွေ …အမှိုက်ကို စည်းကမ်းတကျ
စွန့်ပစ်ခြင်းနဲ့ သိမ်းဆည်းခြင်းရဲ့ အမှန်
တရားဖြစ်ကြောင်းအပေါ်မြန်မာတို့
အသိချို့တဲ့လို့လည်း ကြီးကြီးမားမား
ဆုံးရှုံးဖူးတာ သမိုင်းကြောင်း
ရှိပါတယ်…

ရွှေတိဂုံ အနောက်ဖက်စောင်းတန်းကို
ဖွင့်လှစ်ပြီး တနှစ်အကြာ (၁၉၃၁)  မတ်လ
(၆) ရက်နေ့မှာ ရွှေတိဂုံစေတီတော်ကြီးတဝိုက်
မီးဘေးသင့်ပါတယ်…

[၁၀]

" လေးဆူဓါတ်ပုံ ရွှေတိဂုံ မီးဘေး "

" အမှိုက်ကစ ပြသာဒ်မီးလောင် " ဆိုတာ
ကြားဖူးမှာပေါ့ … အခုဖြစ်စဉ်ကတော့
အမှိုက်က စလိုက်တာ ပြသာဒ်တင်မကဘူး
ဘုရားပါ မီးလောင်ခဲ့တဲ့ အဖြစ်ပါပဲ …

အထက်ဖော်ပြပါ မီးလောင်
မှုရဲ့ အစကနဦးဟာ ရွှေတိဂုံစေတီတော်
အနောက်ဖက်မုခ် အမှိုက်ပုံက စတာပါ…

ဗရမ်းဗတာ စည်းမဲ့ ကမ်းမဲ့ ပုံထားတဲ့
အမှိုက်ပုံမီးကနေ ကိုင်းခြောက်တောကို
မီးကူးပါတယ်…အဲဒီ့ကနေ အနောက်ဖက်
စောင်းတန်းဖွင့်ပွဲပြီးတော့ မဖျက်ဘဲ
စည်းကမ်းမဲ့ ထားခဲ့တဲ့ ဝါးဓနိမဏ္ဍပ်ကို
မီးထပ်ကူးပါတယ်… ဒီကနေ ထန်းပင်တွေကို
ကူးတယ်… ထန်းပင်တွေလောင်တဲ့မီးဟာ
အနောက်ဖက်စောင်းတန်း သိမ်ကြီးဈေး
တန်ဆောင်းကို မီးစွဲပါတော့တယ် …

ဒီကမှတဆင့် စေတီတော် ရွှေသင်္ကန်းကပ်ဖို့
ငြမ်းဆင်ထားတဲ့ ဖျာ- တိုင် - တွေကို မီးစွဲပြီး
ဦးအောင်ကြီး တန်ဆောင်းကို လောင်တယ်…
ဒီတန်ဆောင်းကတဆင့် အနောက်ဖက်က
စလို့ ပတ်လောင်လိုက်တာ တန်ဆောင်း (၂၀)-
ဇရပ်ငါးဆောင် - တံခွန်တိုင် (၅) ခု မီးလောင်လို့
ကုန်ပါလေရော့လား … မီးဘေးကြောင့် ရွှေတိဂုံ
ကုန်းတော်တခုလုံးလိုလို ပြာကျသွားတာပါ…

မီးဘေးကြောင့် ထိုခေတ်အခါက ကာလတန်ဖိုး
သိန်း (၂၀) ဖိုးလောက် ဆုံးရှုံးပျက်စီးပါတယ်…
ရှေးလက်ရာ သစ်သား ပန်းပုတွေ ဆုံးရှုံးတာတော့
တန်ဖိုးဖြတ်မရအောင်ပဲ … စာရေးသူကတော့
ရှေးပန်းပု လက်ရာတွေကို ပိုပြီး နှမြောတသ
ဖြစ်မိတာပါပဲ…ဒီဆုံးရှုံးမှုက တွက်ချက်ပြလို့
မရနိုင်အောင် ကြီးမားတယ်…

[၁၁]

" ကာလတန်ဖိုး "

ပျက်စီးသွားတဲ့ တန်ဖိုးကို
တကျပ်သား ခန့်မှန်း မြန်မာငွေ (၅၀) ကျပ်
ရွှေဈေးနဲ့တွက်ကြည့်ရင် ရွှေကျပ်သားပေါင်း
(၄၀၀၀၀) လေးသောင်းဖိုးလောက် ကာလတန်ဖိုး
ဆုံးရှုံးသွားတာပါ … ဒီနေ့ခေတ်ရွှေဈေးနဲ့
ကာလတန်ဖိုး ပျမ်းမျှတွက်ကြည့်ရင်
သိန်းပေါင်း (၃၈၀၀၀,၀၀၀ ၀၀)
သုံးသောင်းရှစ်ထောင်ဖိုးလောက်
ဆုံးရှုံးသွားခဲ့ရတာပါ …စဉ်းစားကြည့်ပါဗျာ…
အမှိုက်ပစ်တာလေး စည်းကမ်းမရှိတာ l
အမှိုက်သိမ်းတာလေး စည်းကမ်းမရှိတာနဲ့
တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်း လက်မှု
အနုပညာတွေနဲ့ ကိုယ်ကိုးကွယ်ရာ
ဘုရားကြီးပါ မီးတိုက်သလို လုပ်ခဲ့မိတာတွေ
ဒီနေ့လို ခေတ်အခါမှာ မြန်မာများရဲ့
အကျင့်ဆိုးတွေ ပျောက်သင့်
ဖျောက်သင့်ပါပြီ …

ဒါ့ကြောင့် ကျွန်တော်တွေးမိတာက
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်တာ
ဘာဟုတ်သေးလို့တုန်း… ငါတို့မြန်မာတွေ
အမှိုက်ပြဿနာက ရှေးကဆို ဘုရားပါ
မီးဘေးသင့်ခဲ့သေးတာ ဒီ့ထက်ပိုတောင်ဆိုးသေးလို့
တွေးမိရင်း စိတ်မကောင်းဖြစ်မိတာပါ…

ဒါ့ကြောင့်  အမှိုက်ကို စည်းကမ်းတကျ
စွန့်ပစ်ခြင်းရဲ့ အမှန်ကိုလည်း သိကြပါစေ
လောကအရေးကိစ္စတွေနဲ့ ဘာသာရေးကိစ္စ
တွေမှာလည်း အစွန်းရောက်မှုတွေကို
ရှောင်ရှားပြီး အမှန်ကို သိအောင်
အားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း
" အမှန်ကို မသိခြင်း " ဆိုတဲ့ စာစုကို
နိဂုံးချုပ်လိုက်ပါတော့တယ်…

       
                               မောင်သုခ
                              [May - 7-2018]

ကိုးကား …

ရွှေဥဒေါင်း … ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ…

တိုက်စိုး - ဂျူဗလီဟော မြင်ကွင်း …

သုတေသီမြင့်ထွန်း - ရွှေတိဂုံကုန်းတော်ပေါ်မှ
                                 အံ့သြနဘန်း ဖြစ်ရပ်ဆန်းများ…

No comments:

Post a Comment