" ဓလေ့ ရိုးရာ နဲ့ ပွဲ "
________
မောင်သုခ
__________
[၁]
ဓလေ့ ရိုးရာ ဆိုတာက ထုံးစံ အလေ့အထ
တွေကို ပြောတာပါ ။ ရပ်တိုင်းရွာတိုင်းမှာ
သူတို့ရဲ့ ရပ်ဓလေ့ ရွာဓလေ့ လေးတွေ
ရှိကြတယ်။ရပ်ရိုးရာ ရွာရိုးရာလေးတွေ
ရှိကြတယ်။ လူမျိုး တမျိုးမှာဖြစ်ဖြစ် လူ့အဖွဲ့အစည်း
တခုမှာ ဖြစ်ဖြစ် သူတို့နဲ့ ပက်သက် သက်ဆိုင်တဲ့
အစဉ်အလာ ဓလေ့ရိုးရာ လေးတွေရှိတတ်တာ
အတော်လေးကို ထင်ထင်ရှားရှားပါပဲ။
တချို့သော ဓလေ့ရိုးရာလေးတွေဟာ
အလွန် ချစ်ဖို့ကောင်းသလို တချို့တွေကတော့
အံသြစရာ ကောင်းလှတယ်။တချို့သော
ဓလေ့ရိုးရာတွေကတော့ အရိုးစွဲလွန်းနေကြတဲ့အခါ
ဘုရားဟော လိုလိုတောင် ထင်မှားယူဆ
နေကြတာမျိုးလည်း ရှိတယ်။
[၂]
ဓလေ့ရိုးရာ အများစုဟာ ခေတ်ကာလနဲ့တော့
အံဝင်ဂွင်ကျ ရှိမနေတတ်ဘဲ အတော်လေး
ကိုးလို့ကန့်လန့် နိုင်တာတွေကိုလည်း
သွားတွေ့ရတယ်။ဥပမာအနေနဲ့ ပြောရရင်
မြန်မာနိုင်ငံ စေတီပုထိုး အများစုမှာ
" အမျိုးသမီး မတက်ရ " ဆိုတဲ့ စာတွေ ရေးထိုး
ထားတာ တွေ့ကြမှာပေါ့။ ဒါဟာ ခေတ်ကာလနဲ့
ဘယ်လိုမှ အံဝင်ဂွင်ကျ မရှိဘဲ ဘုရားဟောလည်း
မဟုတ်တဲ့ အပြင် မြန်မာတွေအဖို့ အရိုးစွဲပြီးလွဲမှားနေတဲ့
ရိုးရာဓလေ့ တခုပေါ့။
ခေတ်ကာလနဲ့ မလျော်ညီဘဲ လူတွေကို
ဒုက္ခဖြစ်စေတဲ့ ဓလေ့ရိုးရာတွေကို လူငယ်တွေကမှ
ဆန့်ကျင်ကြတာ မဟုတ်ပါဘူး။တချို့သော
လူကြီးသူမတွေလည်း အချို့သော ဓလေ့ရိုးရာတွေကို
သူတို့ခမျာ စိတ်ပျက် စိတ်ဆင်းရဲစရာတွေ အနေနဲ့
ကြုံတွေ့ကြရတဲ့အခါ ဆန့်ကျင် ပစ်ပယ်
လိုက်ကြတာမျိုး ရှိပါတယ်။
[၃]
ဦးချမ်းသာ ဆိုတာက ညောင်ဝိုင်းရွာသားပါ။
ညောင်ဝိုင်းရွာဆိုတာက ပုပ္ပါးတောင်အနီးကပါပဲ။
ဦးချမ်းသာ ဆိုတဲ့အတိုင်း ချမ်းသာတဲ့
သူဋ္ဌေးကြီးလို့ မထင်ပါနဲ့ဦး။ သူက ဆင်းဆင်းရဲရဲပါပဲ။
တဲလေးသေးသေးလေးနဲ့ (၁၀) ပေသာသာ
မြေနေရာကျဉ်းကျဉ်း လေးမှာ ကုပ်ကုပ်ကပ်ကပ်
နေထိုင်ရရှာတယ်။
ရွာထဲ ပန်းစိုက်ခင်းတွေဆီက ပန်းတွေယူပြီး
ပန်းရောင်းလို့ဖြစ်ဖြစ် ရာသီပေါ် သစ်သီးဝလံတွေ
ရောင်းချလို့ဖြစ်ဖြစ် အသက်မွေးရရှာသူပါ။
သူ့မှာ သားတယောက်ရှိတယ်။ သားက
အရွယ်ရောက်နေပါပြီ။ အမိမဲ့သားဆိုတော့ကာ
ဦးချမ်းသာက အလိုလိုက်ရှာလို့လား ကလေး
ဗီဇကြောင့်လားတော့ မပြောတတ်ဘူး။
ဒီကောင် အရွယ်ရောက်လာတဲ့ အခါ အတော့်ကို
ဆိုးတယ်။ အလုပ်လည်း မယ်မယ်ရရ မရှိ။
သောက်စား မူးယစ် ကြက်တိုက် ဖဲရိုက်နေတာသာ
များတယ်။ ဖအေအိုကြီး ရှာကျွေးတာ အခန့်သား
ထိုင်စားနေတဲ့ သူ။
[၄]
တရက်တော့ ဦးချမ်းသာရဲ့ သားဖြစ်သူက
တဖက်ရွာကနေ မိန်းမတောင်းခိုင်းတော့တာပါပဲ။
မတောင်းလို့ မရတော့ဘူးလည်း ဆိုလေရဲ့။
ဦးချမ်းသာက ဆင်းရဲလွန်းတာ တင်တောင်းစရာ
မယ်မယ်ရရ ဘာများရှိမှာလဲ။
လူကြီးချင်းစကားသွားပြောတော့
ပိုပြီး အခက်တွေ့မယ့် ပြဿနာကြီး စတွေ့တာပါပဲ။
ကလးမမိဘတွေရဲ့ ဓလေ့ရိုးရာက သူတို့သမီးမိန်းကလေးကို
တောင်းရမ်းတဲ့အခါ ပွဲပေးရတယ်ဆိုပဲ။ ပွဲက ပြဿနာတော့
မဟုတ်သေးဘူး။ အုန်းသီးတလုံး ငှက်ပျောသုံးဖီး
ကွမ်း ဘာညာနဲ့ ပွဲတပွဲကို ငါးထောင်လောက်ပဲကျမှာ
ဒါက မပြောပလောက်ဘူး။ ဦးချမ်းသာလည်း
ဒီလောက်တော့ တတ်နိုင်ပါတယ်။
[၅]
အဲ ခက်တာက ပွဲပေး တင်တောင်းရမှာက
တပွဲတည်း မဟုတ်ဘူးရယ်။ သူတို့ ဓလေ့ရိုးရာအရ
(၃၇) မင်းအတွက် (၃၇) ပွဲ နဲ့ ဆိုတော့ကာ
ဦးချမ်းသာ ချွေးပျံပြီပေါ့။ (၃၇) ပွဲဆိုရင်
ပွဲတပွဲကို ငါးထောင်လောက်နှုန်းနဲ့တွက်ရင်
ငွေ (185000) တသိန်းရှစ်သောင်းငါးထောင်
လောက်ကုန်မှာ ။ မရှိဆင်းရဲသူအတွက်
နည်းနည်းနောနော ငွေမှ မဟုတ်တာလား။
ဦးချမ်းသာမှာလည်း ဒီလောက်ငွေ မရှိပါဘူး။
ဒါ့ကြောင့် ပြဿနာ တက်ပြီပေါ့။
(၃၇) မင်းအတွက် (၃၇) ပွဲစာကို
ပွဲတပွဲတည်းနဲ့ ပြီးပြတ်ဖို့ ဦးချမ်းသာက
တောင်းပန်ပါသေးတယ်။ ဘယ်လိုမှ မရပါဘူး ။
" ရိုးရာဖျောက်ရင် အိုးပါပျောက်မယ် "
" ရိုးရာဖျက်ရင် ဘဝပါပျက်မယ် " ဆိုလေရဲ့။
အိုးပျောက်မှာ ဘဝပျက်မှာတော့ ဦးချမ်းသာလည်း
မရှိဆင်းရဲသားဆိုပေမယ့် ကြောက်မိတာပေါ့။
[၆]
ဒီတော့ အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့အတိုင်း
တခုတည်းသော ပိုင်ဆိုင်ရာ (၁၀)ပေ ခြံနဲ့
တဲလေးကို ရွာဦးက တရုတ်ကြီး အတီးဆီ
အပေါင်သွား ထားရပါတော့တယ်။
အိမ်ပေါင် ခြံပေါင်လို့ ရတဲ့ငွေလေးနဲ့
တဦးတည်းသောသားကို ဦးချမ်းသာ မင်္ဂလာ
ဆောင်ပေးလိုက်တယ်။ ရတဲ့ငွေလေးလည်း
ကုန်သလောက်ပါပဲ။
ကံထမ်းလာတာ မမြင်ရဘူး။ လှံထမ်းလာတာသာ
မြင်ရတယ်လို့ ဆိုစမှတ်ရှိကြတယ် မဟုတ်လား။
အဲ ကံဆိုးချင်တာပြောပါတယ်။မင်္ဂလာပွဲပြီးလို့
တနှစ်တောင် မပြည့်လိုက်ဘူး။ပုပ္ပါး(ကိုယ်တော်ကြီး
ကိုယ်တော်လေး) ဆီကို ဘုရားဖူး လာတဲ့ကားတစီးက
ဘရိတ်ပေါက်ပြီး ဦးချမ်းသာရဲ့ သားဖြစ်သူကို ဝင်တိုက်
ထည့်လိုက်တာ။သေတာပါပဲ။
[၇]
မင်္ဂလာဆောင်တုန်းကလည်း မရှိ ရှိတာလေး
ပေါင်နှံပြီး (၃၇) မင်း နတ်တွေအကုန်
ပွဲပေးခဲ့တာပါပဲ။ ဒါပေမယ့် တကယ့်သေဘေး
ကြုံလာတဲ့အခါ နတ်တွေလည်း မကယ်နိုင်သလို
ဘယ်များရောက်နေသလဲ မသိတော့ပါဘူး။
သားဖြစ်သူရဲ့ အသုဘကို သူ့အိမ်ကျဉ်းကျဉ်း
လေးထဲမှာ ဦးချမ်းသာ စီစဉ်ရပါတော့တယ်။
ဒီမှာလည်း ပွဲပြဿနာက စလာပါပြီ။
ရွာပြင်မှာ သေတာပြီး အလောင်းကို
ရွာထဲ သယ်လာတာမို့ ရွာတော်ရှင်ပွဲ ပေးရမယ်
ဆိုပြီး ရွာက နတ်ဆရာမကြီးတွေ ဝိုင်းပြောလို့
ပွဲပေးရပါတော့တယ်။ သားဖြစ်သူအတွက်
သက်ပျောက်ပွဲ အမည်နဲ့ ပွဲတပွဲထပ်ပေးပြီး
အိမ်ထဲထားပေးရတာမို့ ပွဲထပ်ပေးရတယ်။
အဲ နွေခေါင်ခေါင်ကြီး ရှင်ဥပဂုတ္တအတွက်
ပွဲတပွဲ ပေးရတယ် ဆိုလို့ တပွဲ ပေးရပြန်ပါတယ်။
ဒါပဲလား ဆိုတော့ မဟုတ်သေးပါဘူး။
[၈]
ရက်လည်ပြီးခါနီး သားဖြစ်သူရဲ့
အလောင်းကို သယ်ပေးခဲ့တဲ့ ကားပိုင်ရှင်က
သူ့ကားအတွက် ပွဲပေးရမယ် ဆိုလို့
ပွဲ တပွဲ ထပ်ပေးရပြန်ပါတယ်။ ရက်လည်
ပြီးပြန်တော့လည်း ရွာတော်ရှင်ကို တပွဲ
ထပ်ပေးရမယ်ဆိုပြီး ရွာထဲ နတ်ဆရာမကြီးတွေက
ထပ်တောင်းလာတဲ့အတွက် ပွဲတပွဲ ပေးရပြန်ပါတယ်။
ရွာထိပ် ဘုန်းကြီးကျောင်းကိုလည်း
အသုဘအိမ်က သာသနာပွဲ ပို့ပေးရတယ်ဆိုလို့
သာသနာပွဲအတွက် ပွဲတပွဲ ပို့ရပြန်ပါတယ်။
အိမ်မှာ ဆွဲထားတဲ့ အိမ်တွင်းအုန်းကလည်း
အသုဘဖြစ်တော့ အိမ်ပြင်ထုတ်လိုက်တာမို့
အိမ်တွင်းအုန်း အသစ်လဲရပါတော့တယ်။
ပွဲတွေတောင်းလာကြသူတွေကို
ဦးချမ်းသာ တောင်းပန်ပါသေးတယ်။
ဘယ်လိုမှ မရပါဘူး ။
" ရိုးရာဖျောက်ရင် အိုးပါပျောက်မယ် "
" ရိုးရာဖျက်ရင် ဘဝပါပျက်မယ် " ဆိုလေရဲ့။
အိုးပျောက်မှာ ဘဝပျက်မှာတော့ ဦးချမ်းသာလည်း
မရှိဆင်းရဲသားဆိုပေမယ့် ကြောက်မိတာပေါ့။
[၉]
ဒီလို ဒီလို နဲ့ ဓလေ့ရိုးရာ နဲ့ ပွဲ ကြား
ဦးချမ်းသာ နှစ်ပါးသွားလိုက်တာ အသုဘ
ရက်လည်လည်း ပြီးရော ပေါင်ထားတဲ့
အိမ်ကလေးလည်း ငွေယူတာတွေများပြီး
အတိုးတွေ ပိလာလို့ ဆုံးပါလေရော့လား။
" ရိုးရာဖျောက်ရင် အိုးပါပျောက်မယ် "
" ရိုးရာဖျက်ရင် ဘဝပါပျက်မယ် " ဆိုတာ
ဟုတ်/မဟုတ်တော့ ဦးချမ်းသာ မသိပါဘူး။
သူကိုယ်တွေ့ကတော့ ရိုးရာလုပ်ရင်း
မရှိမဲ့ ရှိမဲ့ အိမ်သေးသေးလေး အပေါင်ဆုံးပြီး
အိုးပါပျောက်သွားသလို ဘဝပါပျက်ရတာတော့
လက်တွေ့ပါပဲ။ အဲဒီ့ကတည်းကစပြီး
ဦးချမ်းသာတယောက် နတ်တွေ ပွဲတွေ
ရိုးရာ ဓလေ့တွေနဲ့ သေခန်းဖြတ်လိုက်တာ
ဒီနေ့အထိ ဆိုပါတော့ ။
မောင်သုခ
(27-May-2018) Edited
No comments:
Post a Comment