Friday, May 11, 2018

သူ့စာဆိုနဲ့သူ

" သူ့စာဆိုနှင့်သူ "
(သားအဖသုံးယောက် မနာလို၍ စာဆိုနှင့်
စကားပြောသကဲ့သို့ )

©©©©©©©©©©©©©©

[၁]

အခါတပါး၌ သင်္ဂဇာဆရာတော်ဘုရားသည်
အောက်မြို့ဒေသ ရာမညတိုင်း တလိုင်းသုံးရပ်၌
လှည့်ပတ်ကြွသွား တရားရေအေး တိုက်ကျွေးဆုံးမ
တော်မူရာ ဟင်္သာတမြို့တို့ရောက်သည်ကာလ
ဟင်္သာတ မြို့သူ မြို့သား ဒါယကာ ဒါယကာမ
အများတို့သည် တရားနာခြင်းအကျိုးငှာ
ရောက်လာဝင်ထွက် ဖူးမြင်ကြ၏။

[၂]

ဒါယကာ ဒါယကာမ အများတို့က
လျှောက်ထားတောင်းပန်သည်မှာ
တပည့်တော်တို့ ဟင်္သာတ၌
ကံ ဒွါရနှစ်ပါး ကွဲပြားငြင်းခုံ သူတဖုံ ငါတနဲ
သူကလွဲ ငါကမှန် အမျိုးမျိုးကွဲဟန်ကြောင့်
ငရဲသို့သာ ရောက်ရန်ရှိပါတော့သည်။

မသိ၍ မိုက်မှားကြသည်ကို ထုံးပြ၍
ဆုံးမတော်မူပါမည့်အကြောင်းနှင့် ခွင့်တောင်း
လျှောက်ထားကြကုန်၏။

[၃]

ထိုအခါ ဆရာတော်ဘုရားက
အင်း- ဒကာတို့ လျှောက်ထားကြခြင်းလည်း
တရားနှင့်စပ်လျဉ်းသဖြင့် အချက်အကွင်း
ဟုတ်မှန်လှပေသည်။သို့ရာတွင် ငါဝင်၍
ဟောသော်လည်း မောရုံသာရှိမည်ထင်သည်။
အဘယ်ကြောင့်နည်းဟူမူ အယူနှစ်တန်
ရှိသည်ဟန်တွင် ကံကြိုက် ဒွါရကြိုက် မျက်နှာလိုက်၍
မဟောထိုက် မဟောကောင်း အကြောင်းနည်းလမ်းနှင့်
ပြောပြန်လျှင် ကံကလည်း စာပြ , ဒွါရကလည်း ပါဠိနှင့်
စိတ်ရှိတိုင်းသောက်ကရောက် ကရွတ်တွင်
ကင်းရှောက်သလို ငြင်းထောက်ဆိုပြော
ဤသို့ သော  သဘောတွေကြောင့်
မောရုံသာရှိမည်ပင်ဟု ငါထင်သည်။
သို့အတွက် ဥပမာပုံကြားလျှင် သားအဘသုံးယောက်
မနာလို၍ စာဆိုနှင့် စကားပြောသကဲ့သို့
နေလိမ့်မည်ဟု မိန့်တော်မူ၏။

ထိုအခါ ဒါယကာ ဒါယကာမ အများတို့ကလည်း
သားအဘသုံးယောက်တို့၏ ရှေးအကြောင်း
ထိုစကားကို မိန့်ကြားတော်မူပါဟု အကြောင်းနှင့်
ခွင့်တောင်းလျှောက်ထားကြပြန်သောအခါ
ဆရာတော်ဘုရားက မိန့်ကြားတော်မူသည်မှာ

[၃]

" ရှေးသရောအခါက ရွာတရွာတွင်
သားအဘသုံးဦးသားတို့သည် လယ်များကို
လုပ်ကိုင်စားသောက်ကြလေ၏

အခါတပါး သားငယ်ကို အိမ်၌ ထမင်းချက်ရန်
ထားခဲ့ပြီးလျှင် သားကြီးနှင့် ဘခင် အလင်းတွင်
ထွန်နွားနှင့် ထွက်လေသည်။

လယ်တောသို့ ရောက်ကာလ အဘကဆိုသည်မှာ
သားမောင်ရယ် တောင်ပေါ်သို့ တက်၍
လယ်ထွန်ရလျှင် အလွန်စပါးကောင်းလိမ့်မည်ဟု
ငါထင်သည်ဟု ဆိုကာလ l အို အဘပြောတာ
အလွဲချည့်ဖြစ်သည် l ချိုင့်ဝှမ်းရာဒေသတွင်လုပ်မှ
စပါးရမည် l တောင်ပေါ်တက်ထွန်လို့ စပါးရနိုင်
ပါမည်လားဟု ပြောလျှင် ဘခင်အဘိုးကြီးက
အို - ငါပြောတာ အပိုမဟုတ် l စာဆိုနှင့် လုပ်မယ်ဟု
ဆိုလျှင် l သားက အဘရဲ့ စာဆိုကို ရွတ်စမ်းပါဦးဟု
ပြောရာ l နားထောင်ငါ့သား …

(  " တောင်ညွန့်ကုန်းထက် l ကမ်းရိုးသက်ဝယ် l
အနှက်ပြည့်ပြိုး l ရေပြည့်အိုးသို့ l ကြိုးကြိုးပမ်းပမ်း l
မဘိတ်ထမ်းသည် l လူစွမ်းသဖွယ် l ငယ်နုနယ်က )

အဲသည် စာဆိုက ဟုတ်လွန်းလို့ ငါလုပ်မည်
ပြောသည်ဟု အဘက ပြောကြားလျှင်
သားကြီးသည် စိတ်ဆိုး၍  နွား ထမ်းပိုး  ထွန်တို့ကို
ပစ်ခါထား၍ တောဖျားက အိမ်သို့ ပြန်လျှင် အရန်သင့်
ညီငယ်ချက်၍ ထားသော ထမင်းအိုး၌ ချိုးကိုမျှ
မကျန်စေဘဲ မှောက်ကြဲဖြန့်သွန်ပြီးလျှင်
အိမ်တွင် အိပ်နေလေ၏။

[၄]

ထို့နောက် ထမင်းစားချိန်ကျသောကြောင့်
အဘ အိမ်သို့ပြန်လာရာ ထမင်းစားမည်
ကြည့်သည်တွင် ထမင်းအိုး၌ ချိုးကပ်မျှ
မရှိသဖြင့် ပျင်းရိချိကပ်ကြောင်းနှင့် ခြိမ်းမောင်း
မြည်တွန်သောအခါ သားငယ်ကပြောဆိုသည်မှာ
အဘ ကျေးဇူးရှင် အိမ်တွင် ကျွန်တော် အပျော်လိုက်
စား၍ အလကားနေသည်မဟုတ် l ထမင်းကို
ချက်ပြုတ်ပါ၏ အကိုလာ၍ သွန်ပစ်ကြောင်း
ပြောလေရာ  အဘဖြစ်သူက …

" တော်ပေစွ ငါ့သားကြီး ဘယ်နည်းကြောင့်
သွန်မှောက်ရသနည်းဟု မေးရာ " သားကြီးက
ကျွန်တော် ထမင်းအိုးကို သွန်မှောက်သော်လည်း
အထောက်အကိုးမရှိဘဲ အလွတ်သွန်သည်
မဟုတ်ပါ။စာဆိုနှင့် သွန်ပါသည်ဟု ပြော၏။
အဘက တဘန် ကောင်းပြီငါ့သား
မင်းစာဆိုကို ရွတ်စမ်းပါဟု ဆိုရာ ရွတ်သည်မှာကား…

(  " အိုးပါမကျန် l ပြောင်းပြန်ဦးဆောက် l
   သွန်ဘိမှောက်သို့ l တပေါက်မကြွင်း l
     အောက်ဟင်းလင်းတည့် " ) လို့
စာဆိုရှိ၍ သွန်ပစ်ပါသည်ဟု ပြောသတဲ့ ။

[၅]

ထို့နောက် သားငယ်သည် အကို သွန်ပစ်သည့်
ထမင်းများကို အဘစားဘို့ရည်၍ တလုံးစီလိုက်၍
မြေကြီးပေါ် ကောက်ပြန်ရာ အဘက…

" မိုက်ပါဘိ ငါ့သား l တလုံး တခြားစီ နေသည့်
ထမင်းကို ဆပ်၍ မကောက်ပါနှင့်တော့
နောက်ထပ်၍ ချက်ပါတော့ဟု  " တိုက်တွန်း၏။

ထိုအခါ သားငယ်က အဘရဲ့ ကျွန်တော်ယခု
လိုက်၍ ကောက်သည်မှာ အလွတ်မဟုတ်ပါ
စာဆိုကို ထောက်၍  ကောက်ပါသည်ဟု
ဆိုပြန်လျှင် အဘဖြစ်သူမှလည်း မျက်လုံးပြူးလျက်
" မင်းစာဆိုကို  နားထောင်စမ်းပါရစေ
  ရွတ်စမ်းပါဦး ငါ့သား ရယ် " ဟု ခိုင်းလျှင်
မဆိုင်းမတွ ရွတ်ပြသည်မှာ…

"  အိုး၌ ချောင်ချောင်  l  ထမင်းပြောင်သည်
    အမောင်ဆည်းပူး l  နိုင်စေသတည်း " ဟု
ဆိုခြင်းကြောင့် ဆည်းဆည်းပူးပူး ကျွန်တော်
ကောက်ပါသည်ဟု ပြောဆိုသော အခါ
အဘဖြစ်သူက အင်း မင်းတို့ဟာလည်း
ကိုယ့်စာဆိုနဲ့  ကိုယ်ပေဘဲကိုးကွဲ့  ဟု
ဤသို့ ဝန်ခံရလေတော့သတည်း …………
…………………………………………
……………………………………………

                                       မောင်သုခ_မျှဝေသည်။
                                          [27- Nov-2017]
Credit …

ကျမ်းပြုစုသူ …
စာပြန်တော်ဆရာသိန်း

တည်းဖြတ် ပြင်ဆင်
ပါဠိဆရာကြီး ဦးစိုးမြင့်(ဓမ္မာစရိယ)

ဥပမာသမူဟဂီရက္ကမကျမ်းမှ
ကူးယူဖော်ပြ  မျှဝေပါသည်။

No comments:

Post a Comment