" ကျီစားသန်က ရန်များ၏ … "
_________
မောင်သုခ
____________
[၁]
မှတ်မှတ်ရရ ကျွန်တော်
ကလေးငယ်ဘဝက အတော်အစသန်တယ်…
အခုထက် အဆတရာလောက် အစသန်တယ်
ဆိုရမယ် … ကျွန်တော်ပဲ ဥာဏ်အတော်အတန်
ကောင်းသလားတော့ မသိဘူး …
ငယ်စဉ်ကလေးဘဝက
အဖြစ်အပျက်အချို့ကို
ပြောခဲ့တဲ့ စကားတွေကအစ
မှတ်မိနေတတ်တယ်…
[၂]
တာမွေ ပုသိမ်ညွန့်ရပ်ကွက် (၂)လမ်းမှာ
တအိမ်ထဲအတူနေ ညီတဝမ်းကွဲ ဖြစ်တဲ့
ဇာနည် ဆိုတဲ့ ဝတုတ်ဖက်တီးက အမျိုးထဲ
ရှိတယ်… ဒီကောင့်ကို ကျွန်တော်က
အတော်လေးစ တယ်… သူက
လူချင်းလုံးမိရင် ကိုက်တတ်တယ်ဗျ…
ဒီတော့ကာ အဝေးက စတာပေါ့ဗျာ…
သူလိုက်တော့ ထွက်ပြေးတယ်…
အဲဒီ့အခါက ရှိလှ ကျွန်တော်တို့
အသက် သုံးနှစ်ကျော်ကျော်ပေါ့ …
ကြီးတော့ အိမ်ခွဲနေပြန်တော့လည်း
ပုသိမ်ညွန့်ရောက်လို့ သူ့တွေ့ရင်
ကျွန်တော်က စပြီး ထွက်ပြေးတာပေါ့…
ဒီကောင် အရွယ်ရောက်လာတော့
မကိုက်တော့ဘူးဗျ … လက်သီးနဲ့
လိုက်ထိုးလေရဲ့ … ငယ်ငယ်က
အကြောင်းတွေ ဒီကောင့်ပြန်ပြောရင်
" ဟျောင့် ချီးခြောက် ရေမနှူးနဲ့လို့
အမြဲ ပြောတတ်လေရဲ့ " …
[၃]
အဲ တာမွေ ပုသိမ်ညွန့်ကနေ
လေးတန်းပြီးတော့ ငါးတန်းအကူး
တောင်ဒဂုံကို ပြောင်းတယ်… ဒီတော့
သူငယ်ချင်း အသစ်တွေ ရတာပေါ့ဗျာ…
ဒီထဲမှာ ဖိုးညီ ဆိုတဲ့ သူငယ်ချင်း တယောက်
ရတယ် … ဒီကောင်နဲ့ ကံမကောင်းလိုက်ပုံက
တော့ ပြောကို မပြောချင်ပါဘူးဗျာ…
ငါးတန်းကျောင်းတက်လို့ စခင်တဲ့နေ့ပဲ
သူ့ ပိုက်ဆံ ကျောင်းမှာ ပေးဖို့ရှိတာ အိမ်မှာ
ကျန်ခဲ့လို့ အတန်းတက်ခါနီး လွယ်အိတ်တွေ
ထားပြီး သူ့နောက် လိုက်သွားလိုက်တာ ပြန်လာတော့
ကျောင်းတက်ချိန်ကျော်ပြီး အတန်းပိုင်ဆရာမ
အဆော်ခံရပါလေ ရော့လား …
ဖိုးညီက ငယ်ငယ်လေးထဲက
သူ့လက်ထဲ တခုခု အမြဲဆောင်ထားတဲ့ကောင်…
တခုခုဆိုတာက သူများကို အနာရစေမယ့်
လက်နက်တမျိုးမျိုး …
ကျွန်တော်က အစသန်တယ်… ဖိုးညီကို
စတော့မယ်ဆို သူ့လက်ထဲ ဘာရှိလဲ
အရင်ကြည့်ပြီးမှ စတာပေါ့ဗျာ …
[၄]
ကျွန်တော် အစသန်တဲ့ အကျင့်ဟာ
ကလေးဘဝကနေ အရိုးစွဲလာလိုက်တာ
ဆယ်တန်းဘဝအထိ ရောက်လာတယ်…
စလို့ ရန်ဖြစ်တာ ပြဿနာ
တက်ရတာလည်း မနည်းဘူး…
စာသင်ခန်း အပေါ်ထပ်မှာ တုန်းက
သူငယ်ချင်းတယောက်ရဲ့ ထမင်းစားချိုင့်ကို
ပုပ်စော်နံတယ်ဆိုပြီး စလိုက်တာ
အစလွန်သွားလေတော့ ကျေးဇူးရှင်က
စိတ်ဆိုးပြီး သူ့ထမင်းချိုင့်ကြီး
ဝှီးခနဲဆို လွှင့်ပစ်ထည့်လိုက်တာ
အပေါ်ထပ်ကနေ အောက်ကို
ထမင်းတွေ ဟင်းတွေ တခြားစီနဲ့
ချိုင့်ပါ ပိန်လိမ်ပြီး ကျသွားရောလား …
ဒါပေမယ့် အဲဒီ့အခါက ကိုယ့်ကိုယ်ကို
အတော်ကျေနပ်နေခဲ့တာ … ငါစလို့
ဘယ်ကောင် ဘယ်လို ဒေါသ ထွက်သွားတာ
ဆိုပြီး အမြဲဂုဏ်ယူတတ်ခဲ့ဖူးတယ်…
ဒီလိုနဲ့ ကျွန်တော် အရိုးစွဲခဲ့လို့
မကောင်းတဲ့ အကျင့်ပျောက်သွားတဲ့
အကြောင်း ပြောချင်တယ်…
ကျွန်တော်ဆယ်တန်းကျောင်းတက်တော့
တောင်ဒဂုံ အထက (၃) မှာ …
ကျွန်တော့် ကောင်မလေးက အထက (၂) မှာ…
ဒီတော့ သူ့ဆီသွားတာပေါ့ …
[၅]
အဲဒီလို သွားတဲ့အချိန် အရှေ့ခပ်လှမ်းလှမ်းမှာ
ကလေးတအုပ်ကို သွားတွေ့တယ်…
မှတ်မှတ်ရရ အချိန်က နေ့လည် (12:00)
ထိုးခါနီးရှိပြီ… ကလေးတွေထဲမှာ တယောက်က
အခြားတယောက်ကို စတာကနေ စကားများ
ရန်ဖြစ်တွန်းထိုးနေတာ တွေ့ရတယ်…
ကလေးတွေ ရှိလှ လေးတန်း ငါးတန်းအရွယ်
လောက်လေးတွေပါပဲ … သူတို့ ဘာသိမှာလဲ …
ဒီအထဲမှာ အသေးဆုံး အညှပ်ဆုံးဖြစ်နေတဲ့
ကလေးလေး တယောက်က စကားတခွန်း
ထပြောတာကို ပီပီသသကြီး
ကြားလိုက်ရလေရဲ့ …
" ကျီစားသန်က ရန်များ၏ " တဲ့
ငါပြောသားပဲ မင်းတို့ကို သိပ်မစကြပါနဲ့လို့ …
[၆]
ဒီကလေးတသိုက် တယောက်နဲ့ တယောက်
တွန်းထိုးပြီး စာသင်ကျောင်းဘက်ကို တဖြေးဖြေး
လျှောက်သွားလို့ တစ တစနဲ့ ဝေးဝေး
သွားတော့လေရဲ့ …
ကျွန်တော်ဟာ အဲဒီ့ကလေးတွေနဲ့
ဆုံပြီးတဲ့ နောက်ကစပြီး အစမသန်တော့ပါဘူး…
ကျွန်တော်လူတယောက်ယောက်ကို
စဖို့ ကြိုးစားမိလိုက်တိုင်း အထက်က
ပြောခဲ့တဲ့ ကလေးငယ်လေး စကားကို
အမြဲ ကြားယောင်မိပြီး မစဖြစ်တော့တာ
များပါတယ်… ကျွန်တော်ဟာ အခုဆို
အစသန်သူ တယောက် မဟုတ်တော့ဘူး…
ကလေးအုပ်စုထဲက အသေးဆုံး
အညှပ်ဆုံး ကလေးလေးပြောခဲ့တဲ့
စကားကတော့
" ကျီစားသန်က ရန်များ၏ "
ဆိုတဲ့ စကားလေးပါပဲ …
မောင်သုခ
(10-May-2018)
photo _ cd
No comments:
Post a Comment