Sunday, May 27, 2018

မနူဟာဘုရင် နှင့် မနူဟာဘုရား

" မနူဟာဘုရင် နှင့် မနူဟာဘုရား "

________
မောင်သုခ
_________

[၁]

ပုဂံ မနူဟာဘုရားကို အေဒီ (1067-68) တွင်
မနူဟာမင်းကြီး တည်ခဲ့လေသည်။
မနူဟာမင်းကြီးမှာ သထုံပြည်မှ ဘုန်းတန်ခိုးကြီးသော
ဘုရင်တပါးဖြစ်၏။ဘွဲ့တော် မှာ "သီရိ တြိဘဝနာ
ဒိတျာပဝရ ဓမ္မရာဇာ" ဖြစ်ပြီး သထုံပြည်တွင် မင်းပြုသော
သီဟရာဇာမင်းမှ စ၍ ( ၄၈ ) ဆက်မြောက် ဘုရင်တပါး
ဖြစ်ပေသည်။

ပုဂံပြည်မှ အနော်ရထာမင်းသည်
သက္ကရဇ် ( 1057 ) ၌ သထုံနှင့် စစ်မက်ဖြစ်ပွါးရာတွင်
အောင်နိုင်သောကြောင့် ပုဂံသို့ မနူဟာမင်းကြီးနှင့်တကွ
ထေရဝါဒ ပိဋကတ်တော်များကိုပါ ပင့်ဆောင်လာခဲ့သဖြင့်
ပုဂံပြည် မြင်းကပါအရပ်၌ မနူဟာမင်းကြီး စိုးစံစဉ်
အထက်ပါ  မနူဟာဘုရားကြီးကို တည်ထားခဲ့ခြင်း
ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက
ဆိုကြ၏။

[၂]

မြင်းကပါ အရပ်ဆိုသည်မှာ အနော်ရထာနှင့်
စုက္ကတေးမင်း စီးချင်းထိုးသော နေရာဖြစ်ပြီး
အနော်ရထာမင်း၏ လှံချက်ကြောင့် စုက္ကတေးခမျာ
မြင်းရောလူရော မြစ်နားအထိပါသွားသောထုံးရှိ၍
ုမြင်းကပါအရပ်ဟု အမည်တွင်သော အရပ်ဖြစ်သည်။

မနူဟာမင်းကြီးသည် မြင်းကပါအရပ်၌စိုးစံစဉ်
ကြောင်မျက်ရွဲလက်စွပ်တကွင်းကို မြင်းကပါသူဋ္ဌေးထံ၌
ရောင်းချရာ ငွေလှည်းခြောက်စီးတိုက်ရ၏။ဤငွေဖြင့်
ဘုရားတည်ကြောင်း ပြောစမှတ်ရှိသည်။

[၃]

မနူဟာ ဂူဘုရားအတွင်း ဗုဒ္ဓရုပ်ပွါးဆင်းတုတော်
သုံးဆူရှိပြီး အလယ်မှ ဥာဏ်တော်အမြင့်ဆုံးရုပ်ပွါးတော်
ကြီးသည် (33.5)' ပေ မြင့်ပြီး ဘေးနှစ်ဖက်မှ
ဆင်းတုတော်နှစ်ဆူသည် (20.5)' ပေ မြင့်၏။
မနူဟာ ဘုရား၏ အရှေ့ဘက်တွင် ကြီးမားလှသော
သပိတ်ကြီးရှိပြီး တုရင်တောင်မှ ကျောက်ဖြင့်
ထုလုပ်ထားသည်။

မနူဟာဘုရားကြီးသည်  မြန်မာရာဇဝင်၌
ထင်ရှားကျော်ကြားလှသော မွန် မြန်မာ
ရှင်ဘုရင် နှစ်ပါး၏ ထေရဝါဒ ဗုဒ္ဓသာသနာအပေါ်
ကြီးမားသော လုံ့လတို့ဖြင့် ပံ့ပိုးထောက်ပံ့ခဲ့သော
အရိပ်လက္ခဏာကို တိကျသေချာစွါ ပြဆိုထားသော
သမိုင်းသက်သေတခုပင်ဖြစ်၏။

[၄]

မနူဟာ ဘုရားကြီး သုံးဆူကို
ကိုယ်တိုင် ကိုယ်ကျ မျက်မြင်ထင်ရှား ဖူးတွေ့
ရသူတိုင်း ထင်ထင်ရှားရှား  သိမြင်နိုင်မည့်အချက်မှာ
ဘုရားကြီး သုံးဆူ၏ အပြုံးပင် ဖြစ်သည် ။
ဤအပြုံးများတွင် အမုန်းကို ရှာမတွေ့။
အငြိုးအတေး အာဃာတများကို မတွေ့ရ။
မကျေနပ်မှုများကိုလည်း စိုးစဉ်းမျှ မမြင် ။
မေတ္တာနှင့် ဓမ္မကိုသာ မြင်ရ၏။

မနူဟာ မင်းသည် ဤဘုရားကြီးတည်ထားမှု
ပြုစဉ်တွင် ဗုဒ္ဓဓမ္မတို့အား နှောင်းလူတို့
ရိပ်စားမိစေရန်အတွက် အရိပ်အယောင်
ပြသခဲ့သလိုပင် ။

သံသရာဆိုသည်မှာ ကျဉ်းမြောင်းလှသော
ဝမ်းကြာတိုက်တို့မှ စတင်ကြောင်း ။
သုံးလောက ထွဋ်ထား ဘုရားရှင်ပင်လျှင်
ဤသို့သော သံသရာ ဝဋ်ဆင်းရဲအပေါင်းအား
ကြုံကြိုက် ခဲ့ရပုံကို ပြသလိုသောအားဖြင့်
ဘုရားဆင်းတုတော်ကြီးကို ကျဉ်းမြောင်းလှသော
(စံတော်မူရာ) နေရာအရပ်၌  တည်ထားခဲ့လေ၏။

[၅]

ထူးခြားချက်မှာ အထက်တွင်
ပြောခဲ့သည့်အတိုင်း ဆင်းတုတော်များ၏
အေးချမ်းတည်ငြိမ်ပြီး ကျက်သရေရှိလှသော
အပြုံးဖြစ်၏။ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းသည်
ဤသို့သော ကျဉ်းကြပ်လှသည့် သံသရာဝဋ်ဆင်းရဲ
အပေါင်းတို့အား အပြုံးမပျက် ကြံ့ကြံ့ခိုင် ရင်ဆိုင်
သွားကြပုံအား ဖော်ပြထားခြင်းဖြစ်ဟန်တူပေသည်။

ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းသည်
စိတ်ကျဉ်းကြပ် ကိုယ်ကျဉ်းကြပ်ဖွယ်ဖြစ်သော
ရွံရှာ စက်ဆုပ် မသတီရာဖွယ် မိမိတို့၏
ခန္ဓာ့ဝန်အား ထမ်းသည့်အခါတို့၌ တခုတည်းသော
အားထားလက်ကိုင်ပြုရာသည် ဓမ္မတရားကိုသာ
အလေးအမြတ်ပြု နေထိုင်သွားကြကြောင်း
ဤမနူဟာ ဘုရား ရုပ်ပွါးတော်များက ပြဆိုနေ
သယောင်ပင် …မနူဟာဘုရင်ကြီးသည် ဤဘုရားကြီး
တည်ထားကိုးကွယ်သည့်အခါ၌ တရားဓမ္မကို
ဖော်ကျူး တည်ထားခဲ့ကြောင်း မှတ်ယူစရာပင်
ဖြစ်တော့၏…

[၆]

မနူဟာဘုရားကြီး ဖူးမျှော်ပြီး ရရှိလိုက်သော
အသိသည်ကား သံသရာခရီးဆိုသည်မှာ
ကျဉ်းကြပ် စိတ်ညစ်ညူးဖွယ်ရာ ခရီးလမ်းနေရာ
ဖြစ်ပြီး တခုတည်းသော လွပ်မြောက်ရာလမ်းခရီး
အမှန်မှာ ဓမ္မတရားကို လက်ကိုင်ပြုခြင်းသည်သာ
လက်ရှိ မျက်မှောက် ဘဝ၌ အမှန်စင်စစ်
ဧကန် ဖြစ်ကြောင်း စာရေးသူ၏
ကျဉ်းမြောင်းလှသော အသိလေးဖြင့်
သိရှိလိုက်ရတော့လေသည်တကား ………
…………………………………………………………………
…………………………………………………………………………

                                                 မောင်သုခ
                                                [4- Mar - 2018]

Photos - maungthukha…

No comments:

Post a Comment