________
မောင်သုခ
__________
[၁]
သူ့နာမည် အရင်းက ငကြွား မဟုတ်ပါဘူး။
နာမည် အရင်းက ဖိုးတာ။ဒါပေမယ့် ကြာစီလှ
လို့ပဲ ခေါ်ကြတယ်။ ငကြွားဆိုတဲ့ အမည်အတိုင်း
သူက အရမ်း ကြွားတာကိုး ။ သူဘယ်လို
ကြွားသလဲ ဆိုတာသာ ကြည့်ပေရော့။
တခါက ကြာစီလှ ရွာထဲကို သူပုန်တပ်တွေ
ဝင်သောင်းကျန်းတယ်။ သူကြီး အိမ်ကို
စီးထားပြီး သေနတ်တွေ ဓါးတွေ တရမ်းရမ်းနဲ့
တရွာလုံးက လူတွေ စုခိုင်းထားလို့
မသင်္ကာတဲ့လူ မှန်သမျှ ကန်ကျောက်
စစ်မေးလေတော့တာပဲ။
ရွာက …ကလေးလူကြီး ခွေးပါမကျန်
သူကြီးအိမ်ကို ရောက်နေချိန် ငကြွားကတော့
ကိုပိန်ရဲ့ ထန်းတောထဲမှာ တယောက်တည်း
မူးလို့ကောင်းနေတာပေါ့ ။
[၂]
မကြာပါဘူး ။ သူလည်း တယောက်တည်း
မူးနေရတာ ပျင်းတာနဲ့ ရွာထဲဝင်တော့
အိမ်ပေါက်စေ့ လူတွေ မတွေ့ရဘူး။
သေချာပြီ ။ ဒါဆို သူကြီးအိမ် ရောက်နေတာ။
ငကြွားလည်း သူကြီး အိမ်လိုက်တာပေါ့။
သူတွေ့ချင်တာက မယားဖြစ်သူ မဝတုတ်။
မဝတုတ် ပဲပြုတ်ရောင်းထားလို့ ရတဲ့ငွေထဲက
ထန်းရည်ဖိုး တောင်းရမယ်လေ။
သူကြီး အိမ်နား ရောက်တော့
သူပုန်တွေဘာတွေ ရောက်နေတာ ငကြွား
မသိပါဘူး။ သူကတော့ ထုံးစံအတိုင်း
မဝတုတ်ကို ကော်တုတ် ဆဲတော့တာပဲ။
ဒီအချိန်မှာပဲ သူပုန်တပ်က သတင်းပေး
တယောက်ကလည်း သူပုန်ဗိုလ်ကို စစ်တပ်
ရွာနားကပ်လာတာ သတင်းရကြောင်း
သတင်းပေးတော့ သူပုန်တွေလည်း
သူကြီးအိမ်ကနေ တပ်ပြန်ရုတ်သွားတော့
တာပါပဲ။
သူကြီးခြံထဲ အဝင် သူပုန်တပ်ကလည်း
ပြန်အထွက်ပေါ့ ။ ငကြွား မျက်လုံးထဲ
မူးမူးနဲ့ လူတွေ တပြုံလိုက်ကြီး ထွက်သွားတာတော့
မြင်ပါရဲ့ ။ သူပုန်တွေ ဘာတွေလည်း ကွဲကွဲပြားပြား
သူမသိပါဘူး။ အမူးလွန်နေတာကိုး ။
[၃]
သူပုန်တွေကလည်း ငကြွားလို
ငမူး ငရူးကို သိပ်ဂရု မစိုက်ကြပါဘူး။
သူ့လမ်းသူ သွားကြတာပေါ့။ ဒီလိုကောင်ကို
စစ် မေး ထိုးကြိတ်လည်း အချိန်ကုန်တာပဲ
အဖတ်တင်မယ်လေ။
အဲ … ငကြွားကတော့ သူပုန်တပ်
ခပ်လှမ်းလှမ်းရောက်သွားတော့ လှမ်းတောင်
ဆဲလိုက်သေးတယ်။ " အေ ရိုးတွေ .. ဘယ်ကလဲ…
မျက်စိကို နောက်လို့ … ဘာပုတယ် … ညာပုတယ်ပေါ့"
ဟိုကလည်း မကြားပါဘူး။ သူ့လမ်းသူ သွားကြတာပေါ့။
သူ့မယား မဝတုတ်ကတော့ ငကြွားကို
ကလော်တုတ် တော့တာပဲ။အဲဒါ သူပုန်တွေ
ရှင်သေချင်နေပြီလား ဆဲလိုက် ပြောလိုက်တာ။
မိုးကို မွှန်သွားတာပေါ့။ ပြီးတော့ ငကြွားကို
အိမ်ဆွဲ ခေါ်သွားလေရဲ့ ။
[၄]
ဒီမှာ စပြီ …
ငကြွားရဲ့ အကြွားဇာတ်လမ်း……
သူပုန်တပ်တတပ်လုံးဟာ သူ့ကို ကြောက်လို့
ထွက်ပြေးသွားတာ ဖြစ်ကြောင်း … သူဆဲလိုက်
ဆိုလိုက်တာကို ကြောက်သွားလို့ ကြက်ပျောက်
ငှက်ပျောက် ပြေးသွားတာဖြစ်ကြောင်း …
လူစွမ်းကောင်းလုပ်ပြီး မြင်သမျှလူကို
ထန်းတောမှာ ကြွားလေတော့တာပဲ။
ဒါတင်ဘယ်ကမလဲ။
တခြားရွာနီးစပ်က
လူတွေတွေ့တိုင်းလည်း အဲဒီ့နေ့က
သူကြီးအိမ်ကို စီးထားတဲ့ သူပုန်တပ်ဟာ
သူ့ကို ကြောက်လို့ ပြေးသွားတာဖြစ်ကြောင်း
လိုက်ကြွားလို့ကို မဆုံးတော့ဘူး။
လူတွေကလည်း သိကြပါတယ်။
သူဒီလို အကြွားသန်တာ ရိုးနေပြီလေ။
ကိုယ့် တရွာတည်းသားချင်း အောင့်အည်း
သီးခံရတာပါပဲ ။
ကြာစီလှရွာနဲ့ ရွာနားတဝိုက်မှာ အကြွား
အသန်ဆုံး စံချိန်တင်ထားတာက ငကြွား
မဟုတ်လား ။
[၅]
တရက်လည်း ကောင်းကင်ကနေ
လေယာဉ်ပျံကြီး ပျံသွားတာ ရွာကလူတွေအားလုံး
ထင်ထင်ရှားရှားကြီးကြီး တွေ့လိုက်ကြရတယ်။
ဒါကို ငကြွား ကြွားလိုက်ပုံက
အရင်တနေ့က အဲဒီ့လေယာဉ်ကြီး
ရွာထိပ်က ဆီးပင်မှာ ငြိနေတာ သူတက်ဖယ်ပေး
လိုက်လို့သာ ကောင်းကင်ကို ပျံတက်သွားတာလို့
မထော်မနမ်း ကြွားတော့တာပါပဲ။
ဒါ့ကြောင့် ပြောပါတယ်။
ငကြွားဟာ အရမ်းကြွားပါတယ်လို့။
အကြွားဒဏ်ကို ကြာစီလှ ရွာနဲ့ ရွာအနီးတဝိုက်ဟာ
အောင့်အည်း သီးခံကြရင်းနဲ့ တရက်မှာတော့
အပြောင်းအလဲလေး စဖြစ်ပါတော့တယ်။
ဒါကတော့ ငကြွားရဲ့ မယားဖြစ်သူ
မဝတုတ် ရုတ်တရက် သေတာပါပဲ။
မဝတုတ်က နဂိုကမှ နှလုံးရောဂါသည်ပါ။
သူသေတော့လည်း ရွာရဲ့ ထုံးစံအတိုင်း
မြေမြှုပ်ကြတာပေါ့ ။
[၆]
ငကြွားဟာ သူ့မယား အသက် ငယ်ငယ်နဲ့
ဆုံးသွားတာ နှမြောလို့ မဆုံးပါဘူး။ ငိုလို့
မဆုံးပေါ့။ အဲ သောက်လို့ မူးလို့ လည်း
မဆုံးတော့ဘူး ။ ဒီမှာ ခက်တာက
သူ့နဂို ဗီဇအတိုင်း အကြွားလေးလည်း
ပါလာပါလေရော။
မယားဖြစ်သူ မဝတုတ်
အလောင်းကို မြေမြှုပ်ပြီးတဲ့ ညမှာ အသုဘအိမ်ဟာ
လူလည်း စုံလှပါတယ်။ ဒီ မသာအိမ်မှာ အရက်ဝိုင်း
တယ်ကောင်းတာကိုး။ရွာမှာ ဘုရားပွဲရှိတာနဲ့လည်း
အချိန် တိုက်နေတော့ အတော်ခပ်ဝေးဝေး
နေရာက ရွာသားတွေပါ ရောက်နေကြတယ်။
ဒီထဲ ငကြွားအကြောင်း မသိသူတွေလည်း
ပါလာရောပေါ့။
ငကြွားကတော့ လူစုံတက်စုံကြားထဲ
မူးကလည်းမူး နဂိုဗီဇ အကြွားလေးလည်း
မဖျောက်နိုင်တဲ့အခါ သူကလည်း ကြွားတော့တာပဲ။
ကြွားပုံကကြည့် ပေရော့ …
" မဝတုတ်မှာ သူအမြဲ သိမ်းထားတဲ့
စိန်နားကပ်ကြီး ရှိကြောင်း ..အိမ်မှာသာ
ဝတ်လေ့ရှိကြောင်း ..ဒီစိန်နားကပ်ကြီးကိုရော
သူတပ်နေကြ မျက်မှန် ရွှေကိုင်းကြီးနဲ့ကိုရော
တပါတည်း မြေထည့်မြှုပ်ပစ်ခဲ့ကြောင်း
ကြွားတော့တာပါပဲ "
[၇]
သူ့အကြောင်း သိနေတဲ့ ရွာသားတွေနဲ့
ရွာနီးစပ်လူတွေကတော့ ဒါမျိုး တာရိုး
ရိုးအီနေပါပြီ။ ငကြွားဟာ စံချိန်တင်ထားတဲ့
အကြွားသမား မဟုတ်လား။ မဝတုတ်နဲ့ ငကြွား
ဆိုတာ သိပ်ချမ်းသာလှသူတွေ မဟုတ်ကြပါဘူး။
ဆင်းဆင်းရဲရဲ သူတွေပါပဲ။ ဒီလိုလူတွေမှာ
ဘယ့်နှယ့် စိန်နားကပ်တို့ ရွှေကိုင်းမျက်မှန်တို့
ရှိပါ့မလဲ။ ဒါ ငကြွား သက်သက်ကြွားနေတာ။
အကြောင်းသိ အစင်းသိ ပေါ့ ။
အဲ … ဒီလိုမျိုး ငကြွား ကြွားတာကို
သူ့အကြောင်း မသိတဲ့ ရပ်ဝေးရွာက သူတွေကတော့
ဟုတ်နိုးနိုး ဟုတ်နိုးနိုးနဲ့ ယုံသွားကြပါလေရော့လား။
ဒီတော့ ဘာလုပ်ကြမလဲ ။ သိတဲ့ အတိုင်း
မနက်လည်း မိုးလင်းရော ငကြွားရဲ့မယား
မဝတုတ်အလောင်းဟာ မြေကြီးထဲကနေ
မြေပြင်ပေါ်ကို သစ်ငုတ်တိုကြီး အမြစ်က ကျွတ်လဲ
ထားသလို သုဿာန်မှာ ပေါ်နေပါရော့လား ။
[၈]
မဝတုတ်ခမျာ သနားစရာပါ ။
သေသွားတာတောင် အေးအေးဆေးဆေးနဲ့
ကောင်းကောင်းမွန်မွန် မနေရရှာပါဘူး။ သူ့ယောကျာ်း
အကြွားကောင်းလို့ ဟိုးမြေအောက်
မြေမြှုပ်ခံပြီးသွားတာတောင် တကူးတက
မြေပေါ်ဖော်ပြီး ကြည့်ရှု စောင့်ရှောက်သူတွေ
ဘာတွေတောင် ရှိလာတယ်လေ။
ခက်တာက …
ဒီလူတွေလည်း ဟိုး မြေကြီးအောက်က
မဝတုတ်ကို တူးထုတ်ပြီး သေသေချာချာ စေ့စေ့စပ်
ကြည့်လိုက်ကြတာ ရှာလိုက်ကြတာ ဖွေလိုက်ကြတာ
မဝတုတ်ခမျာ အဝတ်အစားတွေ ဘာတွေတောင်
ဟုတ်တိ ပတ်တိ မရှိရှာတော့ပါဘူး။ဒီကောင်
တွေလည်း ပင်ပင်ပန်းပန်းနဲ့ အလောင်းကြီး
တကူးတကဖော်ပြီး စိတ်အတော်ပျက်သွား
ကြပုံပါပဲ။
ဒီလောက်ဆို တွေးမိမှာပေါ့။
မဝတုတ်လို ဝဝတုတ်တုတ် မသာအလောင်းကြီးကို
ဘယ်သူကများ တကူးတက ဟိုး မြေကြီးအောက်က
တူးထုတ်ပါလိမ့်မလဲ။သူ့ကို ချစ်လှပါတယ်ဆိုတဲ့
သူ့ယောက်ျား ငကြွားတောင် ဒီလို မလုပ်ဘူး။
ငကြွား တကောင် …
ကြွားထား လေထွားထားတဲ့
စိန်နားကပ်ကြီးနဲ့ ရွှေကိုင်း မျက်မှန်ကြီးကို
သူတို့လည်း တွေ့လေမလား… ရှိလေမလား …
တကူးတက ရှာကြ ဖွေကြတာပေါ့။
[၉]
တွေ့နိုး တွေ့နိုး တွေ့နိုးနဲ့
ရှာလိုက်ကြတာ မဝတုတ် အလောင်းလဲ
ဖင်ဟောင်းလောင်းသာ ဖြစ်သွားတယ်။
ငကြွားပြောတဲ့ စိန်နားကပ်လည်း မတွေ့သလို
ရွှေကိုင်း မျက်မှန်ကြီးလည်း မတွေ့ကြပါဘူး။
စိန်နားကပ်နဲ့ တူတာဆိုလို့ ကျောက်ဖြူဖြူလေး
တလုံးတောင် မတွေ့သလို မဝတုတ် အမြဲ
တပ်နေကြ မျက်မှန် ကိုင်းအစုတ်ကြီးတောင်
ငကြွားတကောင် မူးမူး ရူးရူးနဲ့ မေ့ပြီး
ထည့်မပေးလိုက်မိပါဘူး။
ရွာထဲ ရွာသားအချို့ကတော့
မဝတုတ် တယောက် မြေကြီးကတိုးထွက်
မြေပေါ်ကို မိုးထွက် လာတဲ့အကြောင်း
ငကြွားကို အပြေးအလွှား လာပြောကြပါတယ်။
" ကိုကြွား ရေ ခင်များ မိန်းမ အလောင်း
မြေပေါ်ရောက်နေပြီဗျ။ဘယ်ကောင်တွေ
အလောင်းဖော်သွားတယ် မသိဘူး …
ခပ်မြန်မြန် လာကြည့်ပြီး ပြန်မြှုပ်ဖို့
လုပ်ကြရအောင် … အမြန်လာချေဗျာ "
[၁၀]
ဒီသတင်းကြားတော့ တခြားသူသာဆို
စိတ်မကောင်း ဘာညာ ဖြစ်ကြဦးမှာပါ။
အော် ငါ့မိန်းမ သေပြီးတာတောင် အေးအေး
မနေရရှာဘူး ဘာညာပေါ့။ ဝမ်နည်းလိုက်မယ့်ဖြစ်ခြင်း…
အဲ ငကြွား ကတော့ ထုံးစံအတိုင်း
လေထွားပြီး ကြွားလိုက်ပုံကို
ကြည့်ကြပေရော့ …
" အေးကွာ … ငါ့ မိန်းမ မဝတုတ်လည်း
ငါ့ကို အတော် သံယောဇဉ်ကြီးရှာပါတယ်။
သေပြီးတာတောင် မြေကြီးထဲက မရမက
တိုးထွက်လာပြီး ငါ့ကို နောက်ဆုံးနှုတ်ဆက်
သွားတာပဲ ဟ … အေ့ … ဂေ့ …
ကောင်းလိုက်တဲ့ အရက်ကွာ … "
မူးမူး ရူးရူးနဲ့ လေလုံးတွေထွား အကြွားတွေ
ပိုလို့ သူ့ဟာသူတောင် ထလို့ မနိုင်တော့ပါဘူး။
ဒီတော့လည်း ရွာက အမြင်မတော်တဲ့
သူတွေကပဲ မြေကြီးပေါ် ပိုးလို့ပက်လက်နဲ့
မြင်ရ ရှုရ မသင့်တော်လှတဲ့ မဝတုတ် အလောင်းကြီးကို
မြေကြီးထဲ ပြန်မြုပ်ထည့်လိုက်ကြတော့တာပေါ့ …
မောင်သုခ
[3-Feb-2018]
No comments:
Post a Comment