Sunday, May 27, 2018

ဓါတ်ဆေး အသုံးပြုသူများ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန်

" ဓါတ်ဆေး အသုံးပြုသူများ လိုက်နာရန်နှင့်
   ရှောင်ကြဉ်ရန် …"

________
မောင်သုခ
__________

[၁]

" မရောထွေးသင့်သည်များ "

ဆေးကျမ်းများသည် ရှေးအခါက
အိန္ဒိယတိုင်း၌ သက္ကတဘာသာဖြင့် ရှိကြ၏။
ထိုကျမ်းများ၌ လေ l သည်းခြေ l သလိပ်ကို
မူထား၍ ဘယဆေးမြစ်သည် ဘာကိုနိုင်သည်ဟု
အခြေခံထား၍ ရေးသားကြသည်။မြန်မာနိုင်ငံသို့လည်း
သက္ကတနည်းအတိုင်း ပျံ့ပွါးရောက်ရှိလာ၏။

ထိုသို့ရောက်လာသောအခါ တချို့သော
ဆရာများသည် မိမိတို့ဥာဏ်ဖြင့်  အသက်ကိုတည်
(၇) ခုစား (၈) ခုစား ဘယ်နှစ်ခုကြွင်းလျှင် ဘာဓါတ်ပေးl
တပေါင်းလပြည့်ကျော် (၁) ရက် တနင်္ဂနွေဆန်းလျှင်
ဘယ်တိုင်ထူ ဘာဓါတ်ပေး ။ တနင်္ဂနွေနေ့ဖျားလျှင်
ဘယ်ဓါတ်ပျက်သည် ဘာပေး ။ပဉ္စပွတ် ဆပွတ်နေ့ဟာ
ဘာဖြစ်သည် ညာဖြစ်သည်။အသက်ကိုတည် (၈)ခုစား
အကြွင်းကို ရှေ့ကစ၍ ရေ ။ (၁) ခုကြွင်းလျှင် တနင်္လာ
ဆန်းသုဉ်းသည်။တနင်္လာနံ မပေးရ။အစရှိသည်ဖြင့်
ယူဆ ထင်မြင် ကုသကြသည်ကို စိတ်မသက်သာဖွယ်
တွေ့ရမြင်ရလာ၏။ ပျောက်သော် ကောင်းပါသည်။
သို့ပါသော်လည်း အထက်ပါနည်းတို့သည်
သဘောယုတ္တိတော့ စိုးစဉ်းမျှ မတန်ကြောင်း
စာရေးသူမှ သတိပေးပြောကြားလို၏။

အကြောင်းမှာ ရောဂါ ဝေဒနာသည်တဦးကို
ဆေးဆရာသည် ကုသဖို့ရန် ကြည့်ရှုစမ်းသပ်ရာ၌
အပူအအေး ကို အဓိက ဆင်ခြင်သုံးသပ်ကြည့်ရသည်။
အထက်က ဗေဒင်နည်းနာ အတိုင်း
တွက်ရချက်ရသည်မဟုတ်။

ဗေဒင်ဆရာက ဗေဒင်ဆရာအလုပ်ကိုလုပ် ။
ဆေးဆရာက ဆေးဆရာအလုပ်ကို လုပ်။
ဗေဒင်ရော ဆေးရော တတ်ကျွမ်းသူ ဆရာဖြစ်ကလည်း
တကန့်စီ တကဏ္ဍစီ ခွဲခြား၍ လုပ်သင့်၏။
မရောထွေးသင့်ပေ။ မသက်ဆိုင်သည်များ
ရောထွေးလေက လူနာ အကျိုးနည်းရတော့မည်။
အဆိုပါ ဆရာတို့အကြောင်း သမိုင်းမှတ်တမ်း
ဤသို့ ရှိခဲ့ဖူး၏။

[၂]

" ဓါတ်ဆေးဆရာအချို့ရာဇဒဏ်သင့်ခြင်း… "

မြန်မာ့သမိုင်းတွင် အထူးအဆန်း
အသက်တည် ခုနှစ်ခုစား ရှစ်ခုစားဖြင့်ရောဂါကုသသော
အချို့ ဓါတ်ဆေးဆရာတို့ ပေါ်ပေါက်၍ ရာဇဒဏ်သင့်သည်
ကိုလည်း  မှတ်သားဖွယ် တွေ့ရသည်။
အမရပူရ ပထမမြို့တည်မင်းတရားလက်ထက်
ဆေးကုသရာ၌ ရံခါသေတတ် ရံခါပျောက်တတ်၍
သတင်းဆိုးရှိသော ခေါင်းဆောင်ဖြစ်သူ
'ကိုးလံ ' ဆိုသူကို ဓါတ်စာသည်
မည်သည်ကလာသည် မည်သူရေးသားသည်ကို
မင်းတရားကြီးမှ မေးစစ်ရာ ကျနစွါ  မပြောနိုင် -ထိုထို
ဓါတ်ဆရာတို့သည် ရဟန်းသံဃာတို့ကို
မကိုးကွယ်-သီလသီတင်းမစောင့်။
ဆေးဆရာ ပြုလုပ်သူသည် ဝေဒနာသည်
ရောဂါ ပျောက်ဖို့သာ လိုရင်းဖြစ်သောကြောင့်
ဒါတွေက အဓိမကျ၍ ထားအုံးတော့ ။

အဓိကအချက်ဖြစ်သော
ဆေးကုသရာတွင်လည်း စည်းစနစ်မရှိ -
ထင်ရာရမ်းသမ်း ကုသသည်ကို စစ်ဆေးပေါ်ပေါက်ရာ
ရာဇဝတ် အပြစ် စီရင်ခံရသည်။

မန္တလေးမြို့တည် မင်းတရားကြီး လက်ထက်တွင်လည်း
ဓါတ်ဆရာ  ဦးပို ကို ရာဇဝတ်အပြစ် စီရင်ကြောင်း
မှတ်သားရ၏။

[၃]

" အလှမ်းကျယ် အလယ်လပ် ကြပုံ "

သွပ်ပြာ ပြဒါးပြာ အစရှိသည့်
ဓါတ်ဆေး အသုံးပြုသူများ လိုက်နာရန်နှင့်
ရှောင်ကြည်ရန် အကြောင်းကိစ္စသည်
ဓါတ်ဆေးအသုံးပြု မှီဝဲမည့် ဆရာနှင့် လူနာတိုင်း
အထူးတလည် သိရှိထားရမည့် အဓိကကျသော
အပိုင်းဖြစ်ပါသည်။

အများစုသော ဓါတ်ဆေးဆရာများနှင့် ဆေးမှီဝဲ
ကြသူများသည် အလှမ်းကျယ် အလယ်လပ်ဆိုသလို
ဤအပိုင်းကို ကျော်ခွ သွားကြသောအခါ
မလိုအပ်သော ဘေးထွက်ဆိုးကျိုးများအကြောင်း
စိတ်မသက်သာဖွယ် အခါခါ  ကြားသိကြရတော့၏။
ဤသို့ ဖြစ်ဖန်များလာသောအခါ မြန်မာ့ဓါတ်ဆေး
ပညာအပေါ် တိုင်းသူ ပြည်သားတို့
အယုံအကြည်နည်းပါးလာကြပြီး
ဓါတ်ဆေးတို့သည်လည်း ရောဂါဝေဒနာတို့အပေါ်
ထိရောက်သော အာနိသင် မပြနိုင်ရှာတော့ပေ။

ထို့ကြောင့်  ဓါတ်ဆေးချက်လုပ်သော
ဆရာဖြစ်သူသည် " ဝါသနာ အနစ်နာ စေတနာ "
ဤသို့ နာသုံးနာ အရင်းမခံလေက ဓါတ်ဆေးကို
မချက်လုပ်သင့် ။ ဝေဒနာသည်အား ဆေးမပေးသင့်။
ရောဂါ မကုသသင့် ။ ဤသို့သာ စိတ်နှလုံးတို့၌
ကောင်းစွါ မှတ်သားပေလော့။ ရှောင်လော့ ရှားလော့။
စာရေးသူ အကြံပြုသော နာသုံးနာ အရင်းမတည်လေက
ဆေးသည် အဆိပ်ဖြစ်တတ်ပုံတို့အား အောက်တွင်
ထင်ရှား လတ္တံ့။

[၄]

" သိသင့် သိထိုက်သည်များ "

ဓါတ်ဆေး အကြောင်းတို့ကို ရေးသား
ဖော်ပြရာတွင် တချို့သော ဓါတ်ဆေးအသုံး
ပြုသူဆရာနှင့် လူနာတို့သည် ဓါတ်ဆေးမစားသောက်မီ
ရှောင်ကြဉ်သင့်သောအရာများနှင့် လိုက်နာကျင့်သုံး
ရသော နေထိုင်မှုများကို မကြေလည် မသိရှိကြသည်ကို
တွေ့ရှိရသည်။ ဓါတ်ဆေးတိုင်းသည် ဖော်စပ် မီးနေရာ၌
စည်းစနစ်ကြီးသလို အသုံးပြုမှီဝဲရာ၌လည်း
သူ့စည်းကမ်းအထိမ်းအကွပ်နှင့်သူ ရှိစမြဲပင်။

ခရီးရောက်လိုသူအတွက်
ကိုယ်စီးတဲ့မြင်း အထီး အမ မသိသည်က
အဓိက ပြဿနာမဟုတ်ဘဲ လိုသောခရီးရောက်ဖို့သာ
လိုရင်းအဓိကဖြစ်သော်လည်း ဓါတ်ဆေးအသုံးပြုသူ
များမှာတော့ ဤသို့မဟုတ်ပေ။ ကိုယ်သုံးမည့်
ဓါတ်ဆေးအကြောင်း ကိုယ်သိဖို့လိုအပ်ပြီး
ထိုးဓါတ်ဆေးမှီဝဲမည့်အခါ၌ ကြိုတင်ပြင်ရမည့်
အရာဌာနများကိုသော်လည်းကောင်း ရှောင်ကြဉ်
ရမည့်အရာဌာနများကိုသော်လည်းကောင်း
သိရှိထားသင့်ပါသည်။

[၅]

" အသိနည်း၍ အကျိုးနည်းတတ်ပုံ "

ဆေးသည် အသုံးပြုသူအတွက် ဆေးသာ
ဖြစ်စေပြီး ရောဝေဒနာ သက်သာပျောက်ကင်း
စေရန်အတွက် ရည်ရွယ်သည်မှာတော့
ဆေးဖော်စပ် ချက်လုပ်သူ ဆရာတိုင်း၏
အလိုဆန္ဒဖြစ်ပါသည်။

သို့အတွက် ဆေးမှီဝဲသူတို့သည်လည်း
လိုက်နာကျင့်သုံးရမည့် နေထိုင်မှုများနှင့်
ရှောင်ကြဉ်ရမည့် အရာဌာနတို့ကို
အလေးထား ဂရုပြု ရှောင်ကြဉ်ကြရမည်
ဖြစ်၏။ သို့မှသာ ဆေးသည် ဆေးအကျိုးငှာ
ဖြစ်ပြီး ရောဂါ ဝေဒနာသက်သာစေဖို့
လိုရင်းရောက်ပေလိမ့်မည်။

သို့မဟုတ်ပါက ဓါတ်ဆေးသည် ဆေးမဟုတ်ဘဲ
အဆိပ်အဖြစ်သို့ အကျိုးသက်ရောက်မှုများကို
စိတ်မသက်သာဖွယ် ကြုံတွေ့ရသည်များ
ကြားသိကြရတော့၏။ဤသည်မှာ ဓါတ်ဆေး
အသုံးပြု မှီဝဲကြသော ဆရာနှင့် လူနာတို့၏
ဓါတ်ဆေးမှီဝဲခြင်းအပေါ် ရှောင်ရန် ဆောင်ရန်အတွက်
အားနည်းသော အသိအမြင်များကြောင့်
အခြေပြုဖြစ်ပေါ်လာခြင်း ဖြစ်တော့၏။

[၆]

" ဆေးချက်လုပ်သော ဆရာသည်
   လောဘ ဒေါသ မဦးစီးသင့် "

စာရေးသူ၏ မိတ်ဆွေထဲတွင်
သဘောင်္သားဘဝမှ အနားယူလိုက်ပြီး
သင်္ဘောဆက်မလိုက်တော့ဘဲ
အဂ္ဂိရပ်ထိုးသော ဓါတ်ဆေးဆရာ အဖြစ်
ဝါသနာအတိုင်းနေထိုင်ရှင်သန်နေပြီး
ဓါတ်ဆေးချက်လုပ်၍ ဆေးပေးရာ၌လည်း
ထိုက်သလောက် ရောဂါဝေနာ သက်သာစေသူ
တဦးရှိပါသည်။ ထို ဆရာဖြစ်သူနှင့်
စကားစမြည် ပြောဆိုတိုင်း သတိပြုမိသည်မှာတော့
သူ၏ အဓိကလိုရင်းသည် ရောဂါဝေဒနာသည်များ
ဝေဒနာသက်သာစေရန်ငှာ လိုရင်းဖြစ်သည်ကို
တွေ့ရှိရ၏။ဤသည်မှာ သူ၏ တခုတည်းသော
ဆန္ဒ ဖြစ်သည်။

ဓါတ်ဆေးချက်လုပ်သော ဆရာတို့သည်
အခြေခံစိတ်ထားအနေဖြင့် ထိုဆရာလိုမျိုး
ရှိသင့် ရှိထိုက်လှပေသည်။လောဘ ဒေါသများ
မကြီးစိုးသင့် ။(ဤကား စကားချပ် )

[၇]

" အရွယ်နှင့် ဓါတ်စာ ချင့်ချိန်ရာ "

လူတို့၏ သက်တမ်းကို ဗာလ l မဇ္ဈိမ l ဝုဒ္ဓဟူ၍
သုဿုတ   ကျမ်းဆရာက အရွယ်သုံးပါး
သတ်မှတ်ပိုင်းခြားထား၏။ဘွားမြင်စမှ
(၁၆) နှစ်တိုင်အောင် ဗာလ ။ (၁၆) နှစ်မှ (၇၀)
တိုင်အောင် မဇ္ဈိမ ။ဤထက်ပိုသော အသက်ကို
ဝုဒ္ဓ ဟူ၍ သတ်မှတ်သည်။

ဆေးပေးရာ၌ အသက်အရွယ် အပိုင်းအခြားကို
အခြေပြု၍ ဆေးကို အလျော့အတင်း ဆောင်ရန်ရှောင်ရန်
များ ရှိ၏။ ဤသည်မှာ ဆရာလုပ်သူတိုင်း အလေးဂရု
ပြုရမည့် အကြောင်းအရာ ဖြစ်သည်။

ဗာလ အရွယ်ကို ဆေးတိုက်ကျွေးသော်
ဆေးချိန်ပါအတိုင်း မတိုက်ကျွေးရ။လျှော့၍ ကျွေးရသည်။
မဇ္ဈိမ အရွယ်၌ ဆေးတိုက်ကျွေးသောအခါ ဆေးချိန်ကို
ကျမ်းဆရာ မှာသည့်အတိုင်း တိုက်ကျွေးအပ်၏။
သို့ပါသော်လည်း အသက် (၆၀) မှ (၇၀).ကြား
စဉ်းငယ် လျှော့သင့်သည်။

ဝုဒ္ဓအရွယ်မှာ ဗာလ အရွယ်နှင့် အတူတူ
ယူသင့်၏။ သို့ရာတွင် ဆေးပူ ဆေးပြင်းများကို
အလျှင်း မကျွေးသင့် ။မတိုက်သင့်အပ်သည်ကို
သတိနှင့် ယှဉ်ရာ၏။အသက် (၆၀) မှ (၇၀)
အကြားရှိသောသူများကိုလည်း အလားတူ
သတိပြုက သာ၍ ကောင်း၏။

[၈]

" ဓါတ်ပြာ (ဓါတ်ဆေး) စားသူတို့ ရှောင်ကြဉ်ရန်
  အစားအသောက်နှင့် အရာဌာန "

" ရှောင်ကြဉ်ရန် အစားအသောက် "

ဓါတ်ပြာများကို မှီဝဲ သုံးဆောင်သောအခါ၌
ကျောက်ဖရုံသီး l ဖရဲသီး l ဆီးသီး l ပဲပိစပ် l
သပြစ်သီး l ခပေါင်းရေကြည်စေ့ l သီးသီးနှစ် l
စွယ်တော်ပွင့် l ကစီရည် l ကြာပွင့် lသခွား l
ဆူးပန်းပွင့် l ခိုသား  ဤဆိုခဲ့ပြီးသော
ဂိုဏ်းဝင်တို့သည် ကကာရာဒိဂဏ ဂိုဏ်းဝင်
တို့မည်ကုန်၏။ ထို ဂိုဏ်းဝင် အစားအသောက်
တို့ကို (ရသာယန) ဓါဆေးမှီဝဲစားသောက်ရာ၌
အကျိုးများစေရန်အတွက် မည်သည့်အခါမျှ
မမှီဝဲသင့် ။

ထိုမှတပါး လိမ္မော်သီး l အုန်းသီး l ပုန်းရည် l
သံပုရာစသော ချဉ်သော အစာအဟာရများနှင့်
ရေ၌အမှီပြနေကြသော တင်ကျီး l ဗျိုင်းအောက်
စသော သတ္တဝါများအသား ကြိမ်ဖူး l ကြက်သား
များကိုလည်း မစားသင့်။

ငှက်ပျောရွက်တွင် ထမင်းထည့်၍ ဒိန်ချဉ်နှင့်ရော
စားသောက်ခြင်းကို၎င်း l ဆားပုပ်ကို
မှီဝဲခြင်း၎င်း l ကြေးခွက်တွင် အစာအဟာရ
ထည့်၍ စားခြင်းကို ၎င်း l အစာ ကြေကျက်ခဲသော
အစာအဟာရ l ဓါတ်ချုပ်စေသော အစာအဟာရ l
၎င်းအပြင် အချဉ် l အခါး  အစာအဟာအရများနှင့်
ငြုပ်သီးစသော ထက်၍ပူသောဂုဏ်ရှိသော
အစာများကို မမှီဝဲသင့်။

ကိုယ်တွင် ကုံကမံလိမ်းကျံခြင်း l ပရုပ်လိမ်းကျံခြင်း
ကိုလည်း မပြုလုပ်သင့်။(၁၂) နာရီ အချိန်ဝန်းကျင်
မွန်းတည့်အခါ ပြင်းပြသော နေပူတွင် သွားလာ
လှည့်ပတ်ခြင်းကို မပြုသင့် ။ လွန်စွါ ငြင်းခုန်ခြင်း
စကားကျယ်စွါ များစွါ ပြောခြင်း မပြုရ။

အချို့သော ဓါတ်ကျမ်းများ၌
ဖရဲသီး l ကြက်ဟင်းခါးသီး l ငှက်ပျောသီး l
ကုလားမျက်စိ ပက်စောက် l ဆူးပန်းပွင့် l
တောသဗျက်သီး l ကျောက်ဖရုံ l သခွား
ဤ(၈) မျိုးကို အဓိက ရှောင်ကျဉ်စေ၏။
အကြောင်းမှာ ဤအစာ (၈) မျိုးသည်
ခန္ဓာကိုယ်အတွင်းမှ ဓါတ်ဆေးတို့ကို
ကျင်ကြီး ကျင်ငယ်အသွင်ဖြင့် ရောကာ
လွန်စွါ ပြန်ထွက်နိုင်သောကြောင့်
ဆေးတို့၏ သတ္တိသည် ဝေဒနာသည်အတွက်
ကောင်းစွါ အကျိုး မပြုနိုင်သောကြောင့်ဖြစ်၏။

" ရှောင်ကြဉ်ရန် အရာဌာန "

ရသာယနဆေး (ဓါတ်ဆေး)
မှီဝဲသုံးဆောင်သောကာလတွင် မသင့်တင့်သော
အစားအသောက် l မသင့်မတင့်သော အနေအထိုင်
တို့ကို ရှောင်ကြဉ်ရမည်။

မြစ်တွင် ရေကူးခြင်း l အလွန်အိပ်ခြင်း l
အမျက်ဒေါသကြီးစွါ ထွက်ခြင်းl အလွန်အမင်း
ပျော်ရွှင်ခြင်း l မေထုံအလွန်အကဲ မှီဝဲခြင်း l
ရေအလွန်အမင်း မသောက်ဘဲ ရေငတ်ခံခြင်း l
အစားအသောက်မမှန်ဘဲ အစာငတ်ခံခြင်း l
သေရည်သေရက်သောက်ခြင်းတို့ကို
ရှောင်ကြဉ်ရမည်။

[၉]

" ဓါတ်ပြာကို မှီဝဲသူများ လိုက်နာကျင့်သုံးအပ်သော
နေထိုင်မှုများ … "

သာမညအားဖြင့် ပြဒါးပြာ (သို့) ပြဒါးပြာရောစပ်
ထားသည်ကို မှီဝဲ စားသောက်သည့်အခါ၌
ခရမ်းသီး l သင်္ဘောဗုံလုံ l ဟင်းနုနွယ် l မြူရွက် l
ပရန္နဝါရွက် l ချင်းl နံနံစေ့ l ဇီရာ l မဆလာခပ်၍
ထောပတ်ကြော် စသည်တို့ မှီဝဲသင့်သည်။

ဆန်များတွင် ဆန်ဟောင်းဖြစ်၍ အနံ့ရှိသော
ရက်ဝေးစပါးမျိုးတို့၏ ဆန် l ဂျုံ l ပဲခြမ်း စသည်တို့ကို
စားသင့်၏။ ပျော့ပျောင်းသော အစာအဟာရမျိုးတွင်
နွားနို့ l ဒိန်ချဉ် l ထောပတ် စသည်တို့ကို
မှီဝဲသင့်သည်။သောက်ရန်အတွက် ရေမှာ
နေ-လ နှစ်ပါးအရောင်တို့ကြောင့်
စင်ကြယ်၍ ပြုပြင်ထားသော ရေတွင်းရေ l
ရေအေးဖြစ်သည်။

" ဖောက်ပြန်သော ပြဒါးကို စားမိသူတို့အား
ကုသ ကာကွယ်ရန်နည်း… "

ပြဒါးပြာ l ပြဒါးသေ မဟုတ်သောပြဒါးနှင့်
မှန်ကန်စွါ မသေသောပြဒါး l ဤသို့
ဖောက်ပြန်သော ပြဒါးများကို မှီဝဲခြင်းကြောင့်
ဖြစ်ပေါ်လာသော ဖောက်ပြန်မှုကို ကာကွယ်
တားမြစ်ရန်အတွက် ထောပတ်နှင့် ပျားရည်တွင်
စင်ကြယ်အောင် သုတ်သင်ထားသော ကန့်ကို
သင့်တော်သလောက်ယူ၍ ကွမ်းရွက်ရည်နှင့်
တိုက်ကျွေးသော် ပြဒါးကြောင့်ဖြစ်သော
ဖောက်ပြန်မှု အမျိုးမျိုးကို  (၃-၄) ရက်အတွင်း
တိုက်ခါမျှနှင့် ပျောက်ကင်း၏။

မကောင်းသောပြဒါး I ခဲ စသော ဒေါသများရှိသော
ပြဒါးကို မှီဝဲမိ၍ ဖောက်ပြန်သည်ရှိသော်
ကြက်ဟင်းခါးအမြစ်ကို ထု၍ တိုက်ပါ။
လျင်စွါ ပျောက်ကင်း၏။

[၁၀]

" ရသာယနဆေး "

" ရသာယနဆေး " ဆိုသည်မှာ
ဆေးကိုသုံးစွဲလိုက်သောအခါ ကိုယ်၌ဖြစ်သော
ရောဂါ l ထိုသောကြောင့် စိတ်၌ဖြစ်သောရောဂါတို့ကို
ပျောက်ကင်းစေနိုင်၏။အချိန်မတန် အရွယ်မရောက်မီ
အိုမင်းခြင်းကို တားမြစ်နိုင်၏။မျက်စိကို တောက်ပ
ကြည်လင်စေ၏။

ခန္ဓာကိုယ်တွင်ရှိသော
ကောင်းသော ဓါတ်တို့ကို တိုးပွါးစေသည်။
ထိုဆေးကို " ရသာယနဆေး " ဟု
ခေါ်သည်။

[၁၁]

" ဓါတ်နှင့်အဆိပ်."

အထက်ပါ ဖော်ပြခဲ့သည့်အတိုင်း ဓါတ်ဆေးပညာသည်
များစွါ နှစ်ခြိုက်အားကျဖွယ်ဖြစ်သော်လည်း
သက်ရှိ အဆိပ် - သက်မဲ့ အဆိပ် ခွဲရာတွင်
ထိုဓါတ်များသည် သက်မဲ့အဆိပ်များဖြစ်နေသည့်
အချက်ပင်ဖြစ်ပေသည်။အဆိပ်သည် လျင်မြန်စွါပင်
အသက်အန္တရာယ် ပြုတတ်သည်ကိုလည်း
အထူးအထွေ ရေးပြရန်မလိုချေ။ထို့ကြောင့်လည်း
စာပေဗဟုသုတနည်းပါးခြင်း -လက်တွေ့ကျွမ်းကျင်မှု
မရှိခြင်း - နှစ်များစွါ ဆရာသမားကောင်းထံ၌ ကျနစွါ
ဆည်းပူးထားခြင်း မရှိခြင်း-ကံအကြောင်း မညီမျှခြင်း-
မထင်မှတ်သော ချို့ယွင်းချက် ဖြစ်ပေါ်ခြင်း
အစရှိသည်တို့ဖြင့် ဓါတ်ဆေးကို
အသုံးပြုပါက ဓါတ်ဆေးသည် အမြိုက်ဆေးမဟုတ်ဘဲ
အဆိပ်ဆေးနည်း ဖြစ်မည်ကား ဧကန်ပင်ဖြစ်တော့သည်။

ဤသည်ကိုလည်း
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "
စာအုပ်တွင်ပါဝင်သော
" ကုဋ္ဌရောဂါနှင့် နိဂုံးချုပ်ရသောပြာ "မှ
သိက္ခာတော်ရ ဆရာတော်တပါး၏
အဖြစ်အပျက်သည် သက်သေခံနေပေ၏။

ဆရာတော်သည် ပထမအဆင့်
ဓါတ်ပြာကို ချက်လုပ်ပြီးစီးချိန်၌ ဂျပန်တို့ဝင်ရောက်ချိန်နှင့်
ကြုံကြိုက်ရာ စစ်ဘေးတိမ်းရှောင်ရင်း ပြာကို
မီးမပြတ်ဖုတ်ခဲ့ရာတွင် ဝဟနိ ဒေါသ(မီး - အညစ်အကြေး)
ကပ်ဟန်ရှိရာ စစ်ပြီးကာလ ဓါတ်ပြာကို သောက်သုံး
ချိန်တွင်မူ ခန္ဓာကိုယ်အတွင်းရှိ သွေးသားဓာတ် (၇)ပါးတို့၌
စောင့်ရှောက်နေသော ဥသ္မာတေဇော ပျက်စီးပြီး၍
အဆိပ်သင့်ရရှာလေသည်။

(၁၂)

" ဓါတ်နှင့်အညစ်အကြေး… "

ဓါတ်ကျမ်းများသည် လွန်စွါကျယ်ဝန်း၏။ရှေးဆရာရသေ့
များသည် ဓါတ်ကျမ်းများကို သမုဒြာနှင့် ဥပမာကပ်ကာ
စီရင်ရေးသားမြဲဖြစ်သည်။ ဓါတ်ဆေးအကြောင်း-
ဓါတ်ဆေးကို မဖော်မီ အမျိုး အစား -အပြား -
သရုပ် စစ် မစစ် - ဓါတ်ဆေးဖော်ရာ၌ စင်ကြယ်မှု-
မစင်ကြယ်မှု အစရှိသည်ဖြင့်  များစွါ နက်နဲပေ၏။
ဥပမာ =  ပြဒါးတွင် မလ ,ဒေါသ များ ရှစ်မျိုး ရှစ်ထပ်
ဝန်းရံတွယ်ကပ်နေ၏။

၎င်းတို့မှာ
၁။နာဂဒေါသ(ခဲ- အညစ်အကြေး)
၂။ဝင်္ဂဒေါသ (ဘင် - အညစ်အကြေး)
၃။မလ ဒေါသ(ချေး - အညစ်အကြေး)
၎။ဝဟနိ ဒေါသ(မီး - အညစ်အကြေး)
၅။စင်စလ ဒေါသ(ဂျွတ် -  အညစ်အကြေး)
၆။ ဝိသ ဒေါသ(အဆိပ် - အညစ်အကြေး)
၇။ ဂိရိဒေါသ (စိန် စသောဓါတ်များပါနေသည့်  အညစ်အကြေး)
၈။အသဟာယဂ္ဂိဒေါသ(အောက်ဇီဇင်း စသည့် ဒေါသများ)
ဟူ၍ ရှစ်မျိုးသော အညစ်အကြေးဒေါသတို့ရှိကုန်၏။

ထို့ကြောင့် ဓါတ်ဆေးကို စီရင် ချက်လုပ်သော
ဆရာဖြစ်သူသည် မည်သည့်ဓါတ်ကို ချက်လုပ်သည်
ဖြစ်စေ " စင်ကြယ်အောင် သုတ်သင်ဖို့ "
အထူး လိုအပ်ကြောင်း အကြံပြုရေးသားရင်း
" ဓါတ်ဆေး အသုံးပြုသူများ လိုက်နာရန်နှင့်
   ရှောင်ကြဉ်ရန် …"  စာစုအား
နိဂုံးချုပ်လိုက်ရပါတော့သည် ။

                                       မောင်သုခ
                                      (12_Feb_ 2018)

ကိုးကားရာကျမ်းများ …

[၁]
" ရသတရင်္ဂင်္ိ
ဓါတ်သမုဒ္ဒရာ ကျမ်းကြီး… "
မြန်မာ့အာယုဗ္ဗေဒ
သိမ်ဖြူ ဆေးသိပ္ပံဆရာတော်
အရှင်နာဂသေနာဘိဝံသ - ဓမ္မာစရိယ 

[၂]
" ဒေသနာနယ ဆေးကျမ်း"
သမားတော်ကြီး ဦးသောင်းနိုင်
(ဓမ္မာစရိယ l အဘိဝံသ )

[၃]
" သမားဂုဏ်ရည်ကျမ်း "
မြန်မာအာယုဗ္ဗေဒ (သိမ်ဖြူဆေးသိပ္ပံ)
ဝဏ္ဏကျော်ထင် ဦးဘသန်း

[၄]
" ဥတုဘောဇန သင်္ဂဟကျမ်း "
  (ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်)

[၅]
  " ကဝိသေတ္တု မဉ္ဇူသာကျမ်း "
   (ဦးပေါ်ဦး လျှောက်ထုံး )…

No comments:

Post a Comment