" သွပ်ပြာ "
_______
မောင်သုခ
_________
[၁]
သွပ်ရဲ့ အမည်တွေက များလှပါတယ်။
သိမ်ဖြူဆရာတော်ဖွင့်ဆိုတဲ့ ရသတရင်္ဂိနီ
ဓါတ်သမုဒ္ဒရာကျမ်းကြီးမှာ ယသဒ l ဇသဒ l
ရီတိဟေတု l ခပ္ပရဇ l (zinc) ဒီလိုမျိုး အမည်တွေနဲ့
သွပ်ကို ခေါ်ဆိုကြကြောင်း ဖွင့်ဆိုတယ်။
သွပ်မှာ ယူအပ်တဲ့သွပ် l မယူအပ်တဲ့သွပ်ဆိုပြီး
နှစ်မျိုး နှစ်စား ရှိပါတယ်။ သွပ်ကိုစီရင်တဲ့သူတွေဟာ
ဒါလေးတွေကို ကနဦးသိထားဖို့ လိုအပ်တယ်။
အောက်မှာ ဆက်လက်ဖော်ပြမယ့်
သွပ်ပြာကို အသုံးပြုလိုသူဟာ အဓိက
သိထားရမယ့် အချက်နှစ်ချက်ကို အလေးဂရု
ပြုဖို့ အထူးလိုအပ်ကြောင်း သတိပေးလိုပါတယ်။
ဓါတ်ဆေးဟာ မသန့်စင်ရင် အဆိပ်ဖြစ်တာမို့
ရမ်းသမ်းအသုံးပြုမှုတွေကရှောင်ရှားပြီး
နားလည် တတ်ကျွမ်းသော ဆရာများနဲ့
ဆွေးနွေး မေးမြန်းပြီးမှသာ မှီဝဲသင့်ပါတယ်။
သွပ်ကို အသုံးပြုလိုသူတိုင်း
အလေးဂရုပြုရမယ့် အချက် နှစ်ချက်ကတော့
သွပ်ကို စင်ကြယ်အောင်သုတ်သင်ဖို့နဲ့
ပြာအဖြစ်ပြုလုပ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။
ဒါမှသာ အပြစ်ကင်းသော ဆေးအဖြစ်
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
[၂]
" ဆေးအတွက် ယူအပ်သောသွပ်နှင့်
မယူအပ်သော သွပ် "
" ယူအပ်သောသွပ် "
အကြင်သွပ်သည် ဖြတ်တောက်သောအခါတွင်
တောက်ပြောင်၍ ချောမွတ်ခြင်းကို တွေ့ရ၏။
စမ်းသပ်သောအခါ နူးညံ့၍ စင်ကြယ်သည်။
မီးတွင် လျင်မြန်စွါ အရည်ပျော်တတ်၏။
အလေးချိန်စီးခဲ့သော် ကောင်းသောသွပ်ဟု
သိအပ်သည်။
" မယူအပ်သောသွပ် "
စမ်းသပ်သောအခါ မာကျော၏။မီးတွင်လျင်မြန်စွါ
အရည်ပျော်တတ်သည်။အပြင်ဘက်မှ ကြမ်း၍
ခြောက်သွေ့သော တောက်ပခြင်းရှိ၏။ပေါ့၏။
ညစ်နွမ်း၏။ဤသွပ်ကို ဆေးအတွက်
အသုံးမပြုအပ် ။
[၃]
" သွပ်ကို သုတ်သင်ခြင်း၏ အကျိုး "
သုတ်သင်ခြင်း မရှိသော (မစင်ကြယ်သော)
သွပ်ကိုမှီဝဲလျှင်သော် လည်းကောင်း l
သုတ်သင်သော်လည်း ပြာမပြုလုပ်ဘဲ
သုံးဆောင်လျှင်သော် လည်းကောင်း…
ဂူလုံးရောဂါ l တူလာသရောနာ l ခယရုပ်နာ l
နူနာ စသည်တို့ ဖြစ်ကုန်တတ်၏။
ထို့ကြောင့် သွပ်ကို ဆေးအဖြစ်အသုံး
ပြုလိုသောသူသည် သွပ်ကို ပြာမချမီ
ကနဦးအနေဖြင့် စင်ကြယ်အောင်
သုတ်သင်ရန် လိုအပ်ကြောင်း သတိပြုရပေမည်။
သွပ်ကို စင်ကြယ်အောင် သုတ်သင်နည်း
အမျိုးမျိုးရှိသည့်အနက် ဥပမာအနေဖြင့်
နည်းအချို့ကို ဖော်ပြပါမည်။
[၄]
" သွပ်ကို စင်ကြယ်အောင် သုတ်သင်ပုံ "
(၁)
သွပ်ကို သံဒယ်တွင် အရည်ဖျော်၍
နွားနို့၌ (၂၁) ကြိမ် ငြိမ်းသတ်ခဲ့သော်
ကောင်းစွာစင်ကြယ်သွား၏။ ဤသွပ်ကို
ပြာလုပ်ရန် အသုံးပြုရာ၏။
(၂)
သွပ်ကို သံဒယ်တွင် အရည်ဖျော်၍
တစောင်းစေး၌ (၇) ကြိမ် ငြိမ်းသတ်ခဲ့သော်
ကောင်းစွာစင်ကြယ်သွား၏။ ဤသွပ်ကို
ပြာလုပ်ရန် အသုံးပြုရာ၏။
(၃)
သွပ်ကို သံဒယ်တွင် အရည်ဖျော်၍
ကြောင်ပန်းမြစ် သတ္တုရည်၌ (၇)ကြိမ်
ငြိမ်းသတ်ခဲ့သော် ကောင်းစွာစင်ကြယ်သွား၏။
ဤသွပ်ကို ပြာလုပ်ရန် အသုံးပြုရာ၏။
အထက်ပါအတိုင်း သွပ်သည်
ကောင်းစွါ စင်ကြယ်သွားသော်လည်း
၎င်းကို ဆေးအဖြစ် အသုံးမပြုနိုင်သေးပေ။
သွပ်ကို ဆေးအဖြစ်အသုံး
ပြုလိုသောသူသည် စင်ကြယ်သွားသော
သွပ်ကို ပြာချရန် လိုအပ်သေးကြောင်း
သတိပြုရပေမည်။
သွပ်ကို ပြာချနည်း
အမျိုးမျိုးရှိသည့်အနက် ဥပမာအနေဖြင့်
နည်းအချို့ကို ဖော်ပြပါမည်။
[၅]
" သွပ်ကို ပြာချပုံ "
(၁)
စင်ကြယ်ပြီးသော သွပ်ကို သံဒယ်တွင်ထည့်၍
ခုံလောက်ပေါ်တွင် မီးပြင်းဖြင့် အရည်ဖျော်ပါ။
အရည်ပျော်သွားသည် ရှိသော်
ဆတူစင်ကြယ်သော ပြဒါးကိုထည့်ပြီး
လျင်မြန်စွါ အောက်သို့ချလျက် ဆုံတွင်ထည့်ပါ။
လျင်စွါ ကျည်ပွေ့ဖြင့်ကြိတ်၍ အလုံးကဲ့သို့
ပြုလုပ်ပါ။ထိုအလုံးကို သံပုရာရည်ဖြင့် ထုံ၍
ကောင်းစွါ ဆေးကြောပါ။ထိုတွင် သွပ်နှင့်ဆတူ
စင်ကြယ်သောကန့်ကိုရော၍ ကောင်းစွါမွှေပြီးလျှင်
အမှုန့်ကို လုံတွင်ပိတ်၍ ဖုတ်ပါ။ဤနည်းဖြင့်
ပြာကို ဖုတ်သော် ကောင်းသောပြာသည်ဖြစ်၏။
(၂)
စင်ကြယ်ပြီးသော သွပ်ကို သံဒယ်တွင်ထည့်၍
ခုံလောက်ပေါ်တွင် မီးပြင်းဖြင့် အရည်ဖျော်ပါ။
ခိုင်ခံ့သော စိမ်းသောတမာသား တုတ်ဖြင့်
ပြာမဖြစ်သရွေ့ကာလပတ်လုံး မွှေပါ။ပြာဖြစ်သော်
သံဒယ်ကို အောက်သို့ချ၍ ပြာကို ဆုံတွင်ထည့်ပါ။
ထိုသွပ်ကို လေးပုံ တပုံ စင်ကြယ်သော ဆေးဒန်းမှုန့်
ရောလျက် နာနာမွှေပါ။ထို့နောက် (သရာဝပုဋ) တွင်
ပိတ်၍ အခြောက်လှန်းပါ။ခြောက်သောအခါ
လုံကိုဖုတ်ပါ။ဤနည်းဖြင့် သွပ်ပြာသည်
ကောင်းစွါဖြစ်၏။
(၃)
စင်ကြယ်ပြီးသော သွပ်ကို သံဒယ်တွင်ထည့်၍
ခုံလောက်ပေါ်တွင် မီးပြင်းဖြင့် အရည်ဖျော်ပါ။
ထိုသွပ်တွင် သွပ်ပြာမဖြစ်မချင်း ကြက်မောက်
ဆူးပြန်မှုန့်ကို အနည်းငယ်ဆီ အနည်းငယ်ဆီထည့်ပြီး
သံယောက်မဖြင့်မွှေပါ။ပြာဖြစ်သော် ၎င်းပြာကို
သံဒယ်အိုး အလယ်တွင်စု၍ မြေအဖုံးဖြင့် ကောင်းစွါ
ဖုံးပါ။သံဒယ်အိုးအောက် မီးပြင်းထည့်ပါ။ပြာသည်
မီးကျီခဲကဲ့သို့ နီမြန်းလာသည်ရှိသော် မီးကိုရပ်ပါ။
ဤနည်းဖြင့် တရက်ပြုလုပ်ပြီးနောက် အလိုလို
ချမ်းသော သွပ်ပြာကို ယူလေ ။
(၄)
စင်ကြယ်ပြီးသော သွပ်ကို သံဒယ်တွင်ထည့်၍
ခုံလောက်ပေါ်တွင် မီးပြင်းဖြင့် အရည်ဖျော်ပါ။
အရည်ပျော်သောအခါ သံယောက်မဖြင့်မွှေပါ။
မီးပြင်းထည့်ပါ။သွပ်အမှုန့်ဖြစ်သော် အောက်ချ၍
အအေးခံကာ အဝတ်ဖြင့်စစ်ပါ။အဝတ်ဖြင့်စစ်သော်
ကြီးသော အစိတ်အပိုင်းတို့ ကျန်ရာ၏။၎င်းတို့ကို
သံဒယ်အိုးတွင် တဖန်ထည့်၍ မီးပြင်းထည့်ပါ။
အအေးခံ၍ အဝတ်ဖြင့် စစ်လေ။ဤနည်းဖြင့်
သွပ်သည် လရောင်ကဲ့သို့ ဖြူသော အဆင်းရှိသည့်
ပြာဖြစ်လေ၏။
[၆]
" ကောင်းစွါသေသော သွပ်၏ ဂုဏ်ကျေးဇူးများ "
(၁)
ကောင်းသော အခြင်းအရာဖြင့် ပြုလုပ်သော
သွပ်ပြာသည် ဖန်၏။စပ်သော အရသာရှိ၏။
အေးသောဂုဏ် နှင့် ယှဉ်၏။ဤသွပ်ကို အသုံးပြုလျှင်
မျက်စိရောဂါကို အလွန်ပယ်ဖျောက်တတ်၏။
(၂)
ကိုယ်တွင်းသို့ အသုံးပြုသော်
သလိပ် l သည်းခြေ ဖောက်ပြန်ခြင်းကြောင့်
ဖြစ်သော ရောဂါကို ပယ်ဖျောက်တတ်၏။
ခန္ဓာကိုယ်တွင် ခွန်အားသုတ်ဓါတ် l အသိဥာဏ်ကို
တိုးပွါးစေတတ်၏။
(၃)
သွပ်ပြာသည် ဝါသင့်နာကို ပယ်ဖျောက်တတ်၏။
ဆီးများသော ရောဂါကို ပယ်ဖျောက်တတ်သည်။
ချောင်းဆိုးနာ l ပန်းနာကို ပယ်ဖျောက်တတ်၏။
ခယရုပ်နာ l ဇိဏ္ဏအဖျားရောဂါ၌ဖြစ်သော
ညချွေးထွက်ခြင်းကို ကင်းဝေးစေတတ်၏။
(၄)
ထို့ပြင် သွပ်ပြာသည် ကောင်းသောသလိပ်
အစိတ်အပိုင်းကို ပယ်ဖျောက်တတ်၍
အထူးအားဖြင့် အနာယိုစီးခြင်းကို တားမြစ်တတ်၏။
အလွန်အားထုတ်ခြင်းကြောင့်ဖြစ်သော ပင်ပန်းခြင်းကို
ပယ်ဖျောက်တတ်၏။ဥတုသွေးလာသောအခါ၌
အလွန်အကဲဖြစ်တတ်သော လစဉ်ယိုစီးခြင်းကို
မှန်စေတတ်၏။
(၅)
ဤဆေးကို မှီဝဲခဲ့သော် လက်ခြေတို့၌ဖြစ်သော
တုန်လှုပ်သော လေရောဂါကို ပယ်ဖျောက်တတ်၏။
[၇]
" သွပ်ပြာကို နည်းအမျိုးမျိုးဖြင့် အသုံးပြုပုံ "
(၁)
ဖာလာငယ်စေ့ အမှုန့် l သစ်ကြပိုးခေါက်အမှုန့် l
ကရဝေးရွက်အမှုန့်နှင့်တကွ သွပ်ပြာကို ရော၍
မှီဝဲသော် ဒေါသသုံးပါး ဖောက်ပြန်ခြင်းကို
ပျောက်ကင်းစေတတ်၏။
(၂)
ဝမ်းမီးတောက်ရန်အတွက် သွပ်ပြာကို
တပဆေးအမြစ် အခေါက်မှုန့်နှင့်တကွ
နေ့အနည်းငယ်တိုင်အောင် မှီဝဲသင့်သည်။
(၃)
မျက်စိအမြင် သတ္တိအားနည်းရာ၌
သွပ်ပြာကို (၁) နှစ်အောင်းထားသော
ထောပတ်နှင့်အတူ မှီဝဲခဲ့သော် လျင်မြန်စွါ
မျက်စိအမြင်သည် တိုးတက်လာ၏။
(၄)
အကြိမ်ကြိမ် နှာရည်ယိုခြင်းကြောင့်ဖြစ်သော
နှာခေါင်းရှိ သလိပ် အစိတ်အပိုင်းအားနည်းခြင်း၌
(၁) လ တိုင်အောင် ရတီဝက်ရှိသောသွပ်ပန်းကို
ထောပတ်နှင့်ရော၍ နှာရှူပေးခဲ့သော် လျင်မြန်စွါ
ပျောက်ကင်းသည်။
(၅)
ခယ ရောဂါ၌ဖြစ်သော ညအခါ
ချွေးထွက်ခြင်းကို သွပ်ပြာနှင့် သန္တာပြာကို
အတူမှီဝဲသော် ညအခါ ချွေးထွက်ခြင်းကို
ပျောက်ကင်းစေတတ်၏။
(၆)
နူနာရောဂါ၌ သွပ်ပြာကို နွားထောပတ်နှင့်ရော၍
(၇) ရက်တိုင်အောင် နေ့စဉ်လိမ်းကျံပေးခဲ့သော်
လျင်မြန်စွာ ပျောက်ကင်း၏။
(၇)
သွပ်ပြာ တရတီကို အတြိုက်ပြာနှင့်ရော၍
ပျားရည်နှင့်အတူလျက်ခဲ့သော် ပန်းနာရောဂါ l
ချောင်းဆိုးရောဂါ ပျောက်ကင်း၏။
(၈)
သွပ်ပြာကို ချင်းရည် l ပျားရည်နှင့်ရော၍
နေ့၌ (၂) ကြိမ် မှီဝဲလေသော် ကြောက်မက်ဖွယ်
ကောင်းနေသော ပန်းနာရောဂါသည်
လျင်စွါ ပျောက်ကင်း၏။
(၉)
သော်က အခေါက်ပြုတ်ရည် အနုပါနဖြင့်
သွပ်ပြာကို မှီဝဲသော် (၃)လ (၄) လ
ထိမ်ချန်ပြီးနောက် အလွန်အားကောင်းသော
ပြင်းထန်သော နာကျင်ကိုက်ခဲခြင်းနှင့်တကွ
ယှဉ်သော ဓမ္မတာသွေးယိုစီးခြင်းကို
လျင်စွါ ပျောက်ကင်းစေ၏။
(၁၀)
ဓမ္မတာ သွေးထိမ်ချန်ခြင်းကြောင့်ဖြစ်သော
မီးယပ်ဖြူရောဂါကို သွပ်ပြာ တွင် သံပြာ နှင့်
ပွဲလျက်မှုန့်ရောသောက်ခဲ့သော်
မီးယပ်ဖြူ ရောဂါ ပျောက်၏။
(၁၁)
ဝက်ရူးရောဂါကိုပျောက်ကင်းရန်အတွက်
သွပ်ပြာကို ရွှေပြာနှင့် ရော၍ မှီဝဲသော်
လျင်မြန်စွါ ပျောက်ကင်း၏။
(၁၂)
ခေါင်းတခြမ်းကိုက်ရောဂါဖြစ်လျှင်
သွပ်ပြာကို ငွေပြာ l ဗဟန်းရွှေဝါပြာရော၍
ကန့်ချုပ်မြစ်ခေါက်ရည် အနုပါနဖြင့် မှီဝဲသော်
လျင်မြန်စွါ ပျောက်ကင်း၏။
ဤမျှဖြင့်ပင် သွပ်ပြာ မည်သော
စာစုကို နိဂုံးချုပ်လိုက်ပါတော့သည်။
မောင်သုခ
(11-Feb-2018)
Credit …
" ရသတရင်္ဂင်္ိ
ဓါတ်သမုဒ္ဒရာ ကျမ်းကြီး… "
မြန်မာ့အာယုဗ္ဗေဒ
သိမ်ဖြူ ဆေးသိပ္ပံဆရာတော်
အရှင်နာဂသေနာဘိဝံသ - ဓမ္မာစရိယ မှ
ကောက်နုတ်ဖော်ပြသည်။
No comments:
Post a Comment