Sunday, May 27, 2018

" ဖောက်ကျန်နီ

" ဖောက်ကျန်နီ "

________
မောင်သုခ
___________

[၁]

" ဖောက်ကျန်နီ " ဆိုတာ သိလားဗျ ။
ဒီလို ထူးထူးဆန်းဆန်း အခေါ်အဝေါ်က
တရုတ်စကားလိုလို ဘာလိုလို ညာလိုလိုနဲ့
ဘာကြီးလဲ တွေးရခက်စရာ။
ဒါပေမယ့်  " ဖောက်ကျန်နီ " ဆိုတာ
ဘာလဲလို့ ခင်များတို့ သေသေချာချာ
သီးသီးခြားခြား  သိသွားရင်တော့
အတော့်ကို  ဟီးဟီး ဟားဟား
အီးအီး အားအား နဲ့ ငိုအားထက်
ရယ်အားသန်စရာတွေ… ရယ်အားထက်
ငိုအားသန်စရာတွေ… တွေ့ရလိမ့်မယ် ။

" ဖောက်ကျန်နီ  " အကြောင်းက
ဒီစာစုကို ဖတ်နေရင်းနဲ့ ရေရေလည်လည်
သိသွားမှာပါ ။ " ဖောက်ကျန်နီ " အစပြုပုံက
ဒီလို ………

[၂]

မောင်မှန် ဆိုတာ ရှေးဟောင်းပစ္စည်း
အရောင်းအဝယ် သမားတယောက်ပါ ။

ခက်တာက ဒီနိုင်ငံမှာ ရှေးဟောင်းပစ္စည်း
အရောင်းအဝယ်သမားဆိုရင် တိုင်းပြည်က
ရှေးဘုရားဆင်းတုတွေ ပြည်ပခိုးရောင်းပြီး
ချမ်းသာလို့ မြို့လယ်ခေါင် အကြမ်းဖက်
လူုသတ်သမားတွေနဲ့  တွဲမြင်နေတဲ့ ကိစ္စပဲ ။
ရှေးဟောင်းပစ္စည်းလောကဆိုတာက
ကျောက်မျက်ရတနာ လောကလိုပဲ သူလည်း
လိုင်းပေါင်းစုံရှိတယ်။

ကျောက်လောကမှာ
ကျောက်မျက်ရတနာ အစုံ ကိုင်သူတွေ ရှိသလို
ရှေးဟောင်းလောကမှာလည်း ရှိတာပဲ ။
စုံလို့ ပုံလို့ ။ ဒင်္ဂါးသမား l အလေးသမား l
မှန်စီရွှေချ သမားl ငွေစက္ကူ  သမား l တံဆိပ်ခေါင်းသမားl
ကြေးထည်သမား l ငွေထည်သမား l ဓါးသမား l
သစ်သားပန်းပု အရုပ်လိုင်းသမား l ပိုးထည်သမား l
ပန်းချီသမား l ကြွေထည် မြေထည်သမား l
ပုတီးသမား l ယွန်းထည်သမား l ပရိဘောဂ
သမား  အစရှိသည်ဖြင့် စုံအောင်စီအောင်
ရှိကြပါတယ်။  ဒီအထဲမှာမှ ဟိုစပ်စပ် ဒီစပ်စပ်
သမားတွေလည်း အပုံအပင်ပဲ။

[၃]

ကနဦး အနေနဲ့ ရှေးဟောင်းပစ္စည်းဆိုတာ
ဘာလဲ  ဆိုတဲ့ အပေါ် ရှင်းရှင်းလင်းလင်းဖြစ်ဖို့
အနည်းငယ် ပြောပါရစေ ။ ဘာဖြစ်လို့ဆို
ရှေးဟောင်းပစ္စည်း ဆိုတာနဲ့  မြန်မာတွေ
အသိအမြင်ကျဉ်းမြောင်းလိုက်ပုံက
ဘုရားဆင်းတုတွေကို တန်းပြီးမြင်လိုက်တာပဲ ။
မဟုတ်ဘူးဗျ ။ ရှေးဟောင်းပစ္စည်းဆိုတာက
ခင်များတို့ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်
အသုံးပြုခဲ့တဲ့ အိမ်သာမြေခွက်ကစပြီး စားသောက်
နေထိုင်တဲ့ ကွမ်းအစ် l ကွမ်းညှပ် l ဆေးတံ l ငွေ l
ကြေး l ဒင်္ဂါးပြားတွေ အလယ်  မိရိုးဖလာ ယုံကြည်
ကိုးကွယ်ကြတဲ့  နတ်ရုပ် l ဘိုးတော်ရုပ် မယ်တော်ရုပ်
တွေက အဆုံး  ရှေးလွန်လေပြီးသောအခါက
တနည်းနည်းနဲ့ အသုံးပြုခဲ့တဲ့ (စက်မှု/လက်မှု)ပစ္စည်း
ဈေးကွက်ဝင် အများစုတွေဟာဖြင့်
ရှေးဟောင်းပစ္စည်းတွေပါပဲ ။

ရှေးဟောင်းပစ္စည်းလောကမှာ
ဘုရားဆင်းတုလိုင်းကို ကျွန်တော်တို့လို
အထူးတလည် ရှောင်ကြဉ်ကြသူတွေ များစွာ
ရှိကြပါတယ်။ဘာဖြစ်လို့ဆို ဘုရားဆင်းတု
အားလုံးလိုလိုက ဥပဒေနဲ့ မလွတ်ကင်းသလို
ခိုးရာပါ ပစ္စည်းတွေ ဖြစ်တတ်လို့…
ရှေးဟောင်းသမားတိုင်း ဘုရားဆင်းတုတွေ
ဘုရားနဲ့ ပက်သက်တာတွေ မလုပ်ကြတာကို
ထင်ရှားစေလိုရင်းပါ။

[၄]

မြန်မာတွေ အခေါ် "အန်းတိတ် ပစ္စည်း "
အင်္ဂလိပ်မူရင်း စကားလုံး  (Antique) ဆိုတာက
ရှေးကျလို့ တန်ဖိုးမြင့်သော (လွန်လေပြီးသော
အခါက ) အရာတွေကို ခေါ်တာပါ။

အောက်စဖို့ဒ် အဘိဓါန်ကတော့
(Antique) ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဒီလို
အနက်ဖွင့်တယ်။

Antique - A collectable object such as
a piece of furniture or work of art that has
a high value because of its age and quality.

သက်တမ်းနဲ့ အရည်အသွေး မြင့်မားမှုကြောင့်
ရှေးကျပြီး တန်ဖိုးမြင့်မားတဲ့ အနုပညာဖန်တီးမှုတွေ
(ပရိဘောဂ) တွေ အစရှိတဲ့ စုဆောင်းကြတဲ့
အရာတွေကို (antique) လို့ ခေါ်ဆိုတယ်။

ဒီလောက်ဆိုရင်ဖြင့် အန်းတိတ်ဆိုတာနဲ့
အန်းတိတ်သမားတွေ အကြောင်းကို
ထိုက်သလောက်တော့ ရှင်းကြပြီထင်ပါတယ်။
" ဖောက်ကျန်နီ " အကြောင်း ဆက်စို့ ။

[၅]

ရေလည် ကျောက်တန်းကနေ တဖက်ကမ်းကို
သဗ္ဗာန်နဲ့ ကူးလိုက်ရင် တဖက်ကမ်းမှာ
ရွာတွေ ရှိတယ်။ အဲဒီ့က ပန်းချောင်းဆိုတဲ့
ရွာလေးတရွာမှာ ကျောင်းထိုင်ဆရာတော်
ရှင်သုန္ဒရ ဆိုတဲ့ ဆရာတော်
ကျောင်းထိုင်လေရဲ့ ။ ရှင်သုန္ဒရကို
ခင်မင်ရင်းနှီးတဲ့သူတွေက ဦးသုန် လို့ခေါ်ရာကနေ
ဆရာတော်ဦးသုန် ဆိုပြီးတော့သာ
အခေါ်အဝေါ် များကြလေရဲ့ ။

ရွာကလည်း လူဆင်းရဲ အတော်များတဲ့ရွာလေးပါ။
ပဲစိုက် စပါးစိုက်ကြနဲ့ သူ့ဟာနဲ့သူ
ချောင်ချောင်လည်လည်နေသူတွေ ရှိကြပေမယ့်
အများစုကတော့ ငါးရှာ ဖားရှာနဲ့  ဒီလိုပါပဲ။
ဦးသုန်ကို လူကြီးကလေး ကနေ
ခွေးပါမကျန် တရွာလုံးက ချစ်ကြ ရိုသေကြပါတယ်။
မရှိရှိတာ လှူကြ တန်းကြပေါ့။ဒါကလည်း
အကြောင်းရင်းရှိတယ် ။ ဒီလိုပါ။

[၆]

ဆရာတော်ဦးသုန်တယောက်
" ဘယ်သူ့ကိုမှ မပြောနဲ့ " ဆိုတဲ့
စကားကြီးတခွန်းကို အရင်းခံပြီး ရွာထဲ
တယောက်ချင်းစီကနေ လူပေါက်စေ့ဖြစ်တဲ့အထိ
ကြုံတိုင်းပြောတတ်တဲ့  စကားရှိတယ်။

အဲဒါကတော့ သူ့မှာ အဖိုးတန်
ကျောက်မျက်ရတနာ တလုံး ရှိတဲ့အကြောင်း။
ဒကာ ဒကာမကြီးကို ဒီကျောက်ကြီး ရောင်းချပြီးရင်
လယ်ဝယ်ပေးတာဖြစ်ဖြစ် အိမ်ဆောက်တာဖြစ်ဖြစ်
လုပ်ပေးဖို့ ရည်ရွယ်ရင်းရှိကြောင်း စုံစေ့အောင်
ဒါတွေပြောတာပါပဲ။

သူများတွေတော့ ဘယ်သူမှ မပြောနဲ့ဆိုပြီး
ဦးသုန်တယောက် လူတကာကို ပြောထည့်လိုက်တာ
တရွာလုံး ဒါကို သိပါလေရော့လား။ရွာထဲက လူတွေ
အကုန်လုံးကတော့ ဆရာတော်ဦးသုန်တယောက်
ဒီကျောက်ကြီး ရောင်းပြီးရင်ဖြင့် ရွာဦးမှာ
စေတီကြီး တည်ဖို့လျှောက်ရမည်။ ရွာတွင် ရေကန်ကြီး
တူးဖို့ လျှောက်ရမည်။လူသေများ မြေမြှုပ် တာကြောင့်
အနံ့ အသက် ဆိုးရွားသည့်အတွက် မီးသင်္ဂြိုလ်စက် တည်ဖို့
လျှောက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် စိတ်ကူးနဲ့
အရူးကြီး ရူးနေကြလေရဲ့ ။ မျှော်လင့်ချက်လည်း
အတော်လေးကို ထားကြလေရဲ့။
အားကိုး ယုံကြည်မှုလည်း အတော်
ခိုင်မာကြလေရဲ့။

[၇]

ရွာလူကြီးတချို့ကလည်း ဆရာတော်ဦးသုန်ရဲ့
ကျောက်ကြီးကို တွေ့ချင် မြင်ချင်ကြတော့
ဆရာတော်ကို တီးတိုး လျှောက်ကြပါတယ်။
ဦးသုန်ကလည်း တယ်ခေါင်းမာတာ မဟုတ်လား ။
ဒီနေရာမှာတော့ နည်းနည်းမှ သဘောမကောင်း။
အလုံးနဲ့ ပုံသဏ္ဍာန်ကိုတော့ အာသာပြေ
ဝတ်ကျေတန်းကျေဖြစ်အောင် ပြောပြတယ်။
ကျောက်ကိုတော့ ဘယ်တော့မှ ထုတ်မပြ ရေးချ
မပြဘဲ နေလေရဲ့။

ကျောက်ကြီးဟာ အနီရောင်ဖြစ်တဲ့အကြောင်း…
မဒန်းကြက်မရဲ့ ဥအသေးစား အရွယ်လောက်
ရှိကြောင်း … မီးရောင်မှာဖြစ်ဖြစ် နေရောင်အောက်
ဖြစ်ဖြစ် အရောင်အဆင်းဟာ
နီရဲနေတဲ့အကြောင်း ပြောပြလေရဲ့။
မိုးကုတ် ပတ္တမြားကြီး ဖြစ်နိုင်ကြောင်း
ပတ္တမြားငမောက်ပြီးရင် ဒီကျောက်ကြီးက
အကြီးဆုံး ဖြစ်နိုင်ကြောင်း ပြောတာပေါ့။

ဂဏန်းကျစ်စာခဲလောက်နဲ့သာ ရင်းနှီးကျွမ်းဝင်တဲ့
ရွာသူ ရွာသားတွေ အဖို့လည်း ဦးသုန်ပြောတဲ့
ကျောက်နီကြီး အကြောင်း ကြားကြသိကြတော့
မျက်လုံးပြူး မျက်စံပြူး နဲ့ အံ့သြချီးမွမ်းကြလေရဲ့။
တသက်နဲ့ တကိုယ် အခုမှ ကြားဖူးကြတာ
မဟုတ်လား ။ မြေရှိုး မိုးပေါ်ပျံနိုင်တဲ့
ကျောက်ကြီးများလားပေါ့ ။ပြည်တန်အောင်
အဖိုးထိုက်တဲ့ ကျောက်ကြီးများလားပေါ့။
နေ့နေ့ ညည တရွာလုံးမှာ ဒီကျောက်ကြီး
အကြောင်းမပါရင် စကားမပြီးပါဘူး။
ဆရာတော် ဦးသုန်ရဲ့ ကျောက်နီကြီးဟာ
ဒီရွာရဲ့ ဇာတ်လိုက်ကျော်ပဲ ။

[၈]

ဦးသုန်ရဲ့ ကျောက်ကြီး တန်ခိုးကြီးလိုက်ပုံကတော့
ပြောမနေပါနဲ့တော့။ ပန်းချောင်း ရွာတဝိုက်ကနေ
ရွာနီးချုပ်စပ် နှံ့လို့ မောင်မှန်နေတဲ့ ရန်ကုန်မြို့အထိကို
သတင်းက ရောက်လာပါလေရော့လား။

မောင်မှန်က တကယ်တော့ ရှေးဟောင်းပစ္စည်း
အရောင်းအဝယ်သမားပါ။ ဒါပေမယ့် သူက
ကျောက်အကြောင်းလည်း ထိုက်သလောက်တော့
သိလေရဲ့။ ကြည့်လိုက်တာနဲ့ တန်ဖိုးရှိ မရှိပေါ့။
ဒီလောက်တော့ မောင်မှန် သိတယ်။
သတင်းကြားကြားချင်း ပန်းချောင်းရွာကို
မောင်မှန် တယောက် သုတ်ခြေတင်ပြေးတာပေါ့။
အဖိုးတန်ကျောက်ကြီး ပိုင်ဆိုင်တဲ့ ဆရာတော်ကို
ဖူးချင် တွေ့ချင်လှပြီ။

ဆရာတော် ပြန်ရောင်းလို့ ပွဲခရရင်ပဲ
သူလည်း မနည်းဘူး ရမှာမဟုတ်လား။
(၁၀၀) ကို (၂) ကျပ်နှုန်းနဲ့ပဲတွက်လိုက်။
မနည်းမနော ရမှာ။သိန်းတရာဆို သူနှစ်သိန်း
ရမယ်။ သတင်းစကားအရတော့ ဆရာတော်ရဲ့
ကျောက်ကြီးဟာ သိန်းထောင်ပိုင်းမက သောင်းပိုင်း
သိန်းပိုင်း ကျောက်လို့သူထင်တာပဲ။
နည်းနည်းနှောနှောကြီးမှ မဟုတ်တာလား။

[၉]

ရွာဆိုတာ သိတဲ့အတိုင်း ရန်ကုန်သား
တွေဆို အထင်ကြီးကြပါတယ်။
ရွာသားတွေကတော့ နေကာမျက်မှန်ကြီးနဲ့
အဝတ်အစားကော့ကျော့နေတဲ့ ဖုန်းကြီး
ခါးကြားထိုးထားတဲ့ မောင်မှန်ကို
တွေ့လိုက်တော့ ဆရာတော်ဦးသုန်ရဲ့
ကျောက်ကြီးကို အပြတ်ဝယ်တော့မယ့်
သူဋ္ဌေးကြီးကြွလာတဲ့ အတိုင်း မောင်မှန်ကို
ကြိုဆိုကြလေရဲ့။ ဒီကျောက်ကြီး အကြောင်းကို
မေးပြီး ပန်းချောင်းရွာ ရောက်လာတာ မောင်မှန်က
ပထမဦးဆုံးပဲ မဟုတ်လား။ဘာပြောကောင်းမလဲ
တရွာလုံးက သိကြားမင်းဆင်းလာသလို
ကြိုဆိုကြတာ မောင်မှန်တယောက် အနေတောင်
ခက်နေလေရဲ့။ရွာရဲ့ ကျက်သရေ
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေဆို
မောင်မှန်ကို မသိမသာ ခိုးခိုး ကြည့်ကြ
တာပေါ့။

ရွာက လူကြီးသူမတွေလည်း တိုင်ပင်ကြပြီ။
အဲ ခက်တာက ဆရာတော်ဦးသုန်။
ကျောက်ကြီးကို ရောင်းပါ့မလား။

အို့ …
ရောင်းမှာပါ။ ကျောက်ကြီးရောင်းပြီးရင်
ရွာထဲ ဆင်းရဲရှာတဲ့ အေးကြည်ကို လယ်ဝယ်
ပေးမယ် ပြောထားတယ်။ မောင်ပိန်ကိုလည်း
ငါးမဖမ်းနဲ့ …နို့စားနွား ဝယ်ပေးမယ်ပြောထားတာ။
အမေ အဖေ မရှိတော့တဲ့ ဘုန်းကြီးကျောင်းသားလေး
မောင်ချစ်ဦးကိုလည်း ဘက်ထရီကားဝယ်ပေးမယ်
ပြောထားတယ်။ တရွာလုံးကို ပြောထားတာတွေ
အများကြီး ။ ဒီကျောက်ကြီး မရောင်းပဲနဲ့တော့
ဘယ်နည်းနဲ့မှကို မဖြစ်နိုင်ဘူး။ ရန်ကုန်က
သူဋ္ဌေးကြီးလာတုန်း ရောင်းဖို့ ချဖို့
မရ ရတဲ့နည်းနဲ့ ပြောရမှာပဲ။
မတော် ဒီကျောက်ကြီးကို ဓါးပြ တိုက်ခါမှ
အကျိုးနည်းရချည်ရဲ့။ သတင်းကလည်း
အကုန် ပျံ့နေပြီ မဟုတ်လား။

[၁၀]

ဆရာတော် ဦးသုန်ရဲ့ ဘုန်းကြီးကျောင်းမှာ
ဒီနေ့တော့ဖြင့် လူစုံ တက်စုံပါပဲ။ တရွာလုံး
ကလေးရော ခွေးရောပါ မကျန်ဘူးဆို
မလွန်လောက်ဘူး။ ရွာသူကြီး ဘစ်ီတို့
လင်မယားက ထိပ်ဆုံးကပေါ့။

ဆရာတော်ကို ရန်ကုန်က ကျောက်ဝယ်မယ့်သူ
သူဋ္ဌေးကြီး မောင်မှန် ရောက်လာတဲ့အကြောင်း
ဖူးမျှော် လျှောက်ထားကြတာပေါ့။
မောင်မှန်ကလည်း သူ့ကိုယ်သူ
မိတ်ဆက်ပြီး လျှောက်ထားလေရဲ့။

ဆရာတော်ကလည်း ဒီနေ့တော့ဖြင့်
သူ့ကျောက်ကြီးကို ထုတ်ပြဖို့ အချိန်တန်ပြီ
ဖြစ်တာမို့ မောင်မှန်ကို ပြရင်းနဲ့ ထုတ်ပြမယ့်အကြောင်း
မိန့်လေတော့ တရွာလုံးကလည်း အတော့်ကို
စိတ်ဝင်စားနေကြလေရဲ့။ ကျောင်းတံခါးဝမှာဆိုရင်လည်း
ကလေးတသိုက်ဟာ ခေါင်းတမော့မော့ လည်တမော့မော့
အလုအယက် တိုးဝှေ့ပြီး ကျောက်နီကြီးကို
စိတ်ဝင်တစား ကြည့်ချင်ကြနေလေရဲ့။
ကျောက်နီကြီး ထုတ်ပြတုန်း ဝှီးခနဲဆို မိုးပေါ်များ
ထ ထ ပျံလေးမလား ကလေးတို့သဘာဝ
တွေးကြမလားပဲ ။

မိထွေးကတော့ ".ငါ့ကို ဆရာတော်က
ကျောက်ကြီး ရောင်းပြီးရင် အရုပ်မ ဝယ်ပေးမယ်
ပြောထားကြောင်း"  … မောင်ထူးကတော့
" ငါ့ကို ပါဝါရိန်းဂျား အင်္ကျီ ဝယ်ပေးမယ်ပြောထားကြောင်း "
အပြိုင်အဆိုင် ကြွားနေကြလေရဲ့။

[၁၁]

ဆရာတော် ဦးသုန်တယောက်
ကြာနီကန် ဆရာတော်ရဲ့ အသံအတိုင်း
အောင်အောင်မြင်မြင် ကြည်ကြည်လင်လင်
အသံကို ဟိန်းထွက်နေအောင်
မိန့်ကြား လိုက်လေရဲ့ …

" ကဲ မောင်မှန် …ဟောဒီမှာ ကြည့်ပေတော့ …
ဒီကျောက်ကြီးရဲ့ အမည်ကိုပါ တရွာလုံးကြားအောင်
ပြောပြီး တရွာလုံးကို မြင်အောင် ပြလိုက်စမ်း
လူလေး။ "

ကျောက်ကြီးကိုတော့ မောင်မှန် တွေ့ပါပြီ။
မျက်လုံးပြူး  မျက်ဆန်ပြူး နဲ့ ဆံပင်မွှေးတွေပါ
ထောင်လာလေရဲ့။ သောက်ကျိုးနဲ ကျောက်ကြီးပါလား။
မသေချာလို့ အခါခါ မျက်စိပြူးပြီး  အဖက်ဖက်ကနေ
အပေါ်အောက် အပြန်အလှန် ကြည့်ပြန်ရဲ့။
သေချာပါပြီ။ သေချာသလောက်ပါပဲ ။
ကျောက်ကြီးကို တရွာလုံး မြင်အောင်ပြရင်း
ကျောက်နာမည်ကို မောင်မှန် ဘာပြောရမှန်း
မတွေးတတ်အောင်ပါပဲ။ ရွာရဲ့ ဒီလူအုပ်ကြီးကို
အမှန်အတိုင်းသာ ပြောချလိုက်ရင် မောင်မှန်ကို
လူလိမ်ဆိုပြီး ထုကြ ရိုက်ကြ သတ်ကြမလား
တွေးရင်း ဒူးတုန် ကြောက်လန့် မိလေရဲ့။
တွေးရင်း ထိတ်ရင်း ပြောချလိုက်ပါတော့တယ်။

ဒီကျောက်နီကြီးရဲ့  အမည်က
" ဖောက်ကျန်နီ "  လို့ ခေါ်ပါတယ်ခင်မျ။
ဟော့ဒီမှာ သေချာ ကြည့်ကြပါ။ တရွာလုံး
လူတွေ မြင်အောင် ကျောက်နီကြီးကို
မောင်မှန် လက်ဝါးပေါ် မြှောက်ပြရင်း 
တဆက်တည်း အသိပေး ပြောလိုက်တာက
" အရောင်းအဝယ် ကိစ္စကိုတော့
ကျွန်တော် ဆရာတော်နဲ့ ဆက်လုပ်လိုက်ပါ့မယ်"
ဟူလေ၏။

[၁၂]

ရွာသူ ရွာသားတွေလည်း အတော့်ကို
စိတ်ဝင်စားသွားကြပါတယ်။ " ဖောက်ကျန်နီ "
ဆိုတာဟာ ဘာကြီးလဲပေါ့။ တရုတ်နာမည်နဲ့တော့
တူတယ်။ အို ဘာဖြစ်ဖြစ် အရောင်းအဝယ်တည့်သွား
အေးတာပဲပေါ့။ ဆရာတော် လက်ထဲထား
မတော် ဓါးပြတိုက်လေမှ အသက်ကို
စိုးရိမ်စရာ …

ဆရာတော် ဦးသုန်ကိုယ်တိုင်လည်း
" ဖောက်ကျန်နီ " ဆိုတာ ဘာမှန်း မသိပါဘူး။
မောင်မှန်ကို နှစ်ကိုယ်ကြားမေးမှ ရမယ်။
တကယ်တော့ ဆရာတော်ကိုယ်တိုင်လည်း
ကျောက်အကြောင်း မယ်မယ်ရရ သိသူ
မဟုတ်ဘူးလေ။

ဦးသုန်လည်း ရွာက လူတွေကို
အလုပ်ရှိတာ ပြန်လုပ်ကြဖို့ မိန့်ကြားရင်း
မောင်မှန်ကို ကျက်သရေ ခန်းထဲခေါ်လို့
တံခါးပိတ်ချလိုက်လေတော့ရဲ့။
" ဖောက်ကျန်နီ " ဆိုတာ ဘာလဲ
သိချင်လှပြီ။

[၁၃]

ဒကာကြီး မောင်မှန်ရေ …
မင်းပြောတဲ့  " ဖောက်ကျန်နီ " ဆိုတာ
ဘယ်လိုကျောက်အမျိုးအစားလဲ ကွယ့်။
မိုးကုတ် ပတ္တမြား မျိုးနွယ်ပဲလား ။
လျှောက်စမ်းပါဦးကွယ့် ။

မောင်မှန်လည်း
စိတ်ဓါတ်ကျလို့  ပွဲခဆုံးပြီဆိုတဲ့ အတွေးနဲ့
စိတ်အပျက်ကြီး ပျက်နေရာကနေ လက်အုပ်ချီ
လျှောက်ထားတာက …

" တင်ပါ့ ဘုရား …
   စိတ်ခိုင်ခိုင်ထားပြီး သင့်တင့်စွါ နှလုံးသွင်းပါဘုရား…
တကယ်တော့  " ဖောက်ကျန်နီ " ဆိုတာက
စကားလိမ်ဖြစ်ပါတယ်။ " ဖောက်ကျန်" ဆိုတာက
" ဖန်ကျောက် " ဖြစ်တာမို့ " ဖောက်ကျန်နီ " ဆိုတာ
" ဖန်ကျောက်နီ " ကို ပြောတာပါ ဘုရား။
အမှန်အတိုင်း နှစ်ကိုယ်ကြား တီးတိုးလျှောက်ထား
ရရင်တော့ဖြင့် ဆရာတော်ဦးသုန်ရဲ့ ကျောက်နီကြီးဟာ
ဘာမှ အဖိုး မထိုက်တန်တဲ့  " ဖန်ကျောက်" ကြီးပါ
ဘုရား … ဒီလိုသာ " ဖန်ကျောက် " ကြီးလို့
ရွာသားတွေရှေ့ သွားပြောလိုက်ရင် ဘုရား
တပည့်တော်ကို လူလိမ် ဆိုပြီး ဝိုင်းသမကြမှာ
စိုးရွံ့တာက တကြောင်း …ဆရာတော် သိက္ခာတော်
အဆမတန်ကျမှာက တကြောင်း…မို့
" ဖောက်ကျန်နီ " လို့သာ ပြောလိုက်ရခြင်းပါ
ဘုရား…

[၁၄]

မောင်မှန်လည်း အသင့်ပါလာတဲ့
ဖုန်းကနေ ဖန်ကျောက်ဆိုတာ ဘယ်လို
ပတ္တမြားဆိုတာက  ဘယ်ပုံ အစရှိသည်ဖြင့်
တိတိကျကျ ရှင်းပြတော့မှ ဆရာတော် ဦးသုန်လည်း
အသာတကြည် လက်သင့်ခံသွားတော့လေရဲ့…

မောင်မှန်တယောက် ပန်းချောင်းရွာကနေ
ြုပန်လာတဲ့ လမ်းတလျောက်လုံး ရွာသူ
ရွာသားတွေကတော့ တမေးတည်း မေးကြလေရဲ့။
ငွေကို ဘယ်လိုသယ်လာမှာလဲ။ နွားလှည်းနဲ့ဆို
ဘယ်နှစ်စီးလောက် တိုက်ရမလဲ မောင်မှန်
ပြန်လာမယ့်နေ့ကို ကြိုတင်ပြောဖို့အကြောင်း
တမေးတည်း မေးကြလေရဲ့…

မောင်မှန် ပြန်ပြောလိုက်တာကတော့
" ဖောက်ကျန်နီ " ဟာ ဈေးအလွန်မြင့်တာမို့
ဝယ်နိုင်တဲ့ သူဋ္ဌေးကို ရှားပေးမည်ဖြစ်ကြောင်း
ကြိုတင် လာရောက်၍ အသိပေးမည်ဖြစ်ကြောင်း
ပြန်လည်ရှင်းပြရင်း ရိုးသားလှတဲ့ ရွာသူရွာသားတွေ
နေထိုင်ရာ ပန်းချောင်းရွာလေးကနေ
ပြန်ခဲ့ပါတော့တယ်။ မောင်မှန် ခမျာ
စိတ်မကောင်းရှာလို့ ပန်းချောင်းရွာလေးကို
ဘယ်တော့မှ ခြေဦးလှည့်တော့မှာ မဟုတ်တာကိုတော့
မည်သူမျှ တွေးမိမည် မဟုတ်တော့လေသည်
တကား  ………………………………
……………………………………………………………………
………………………………………………………………………

                                          မောင်သုခ
                                        (1-Apr-2018)

No comments:

Post a Comment