" ဘဟာအီသာသနာ (သို့)
ဘဟာအီဘာသာ… "
________
မောင်သုခ
___________
[၁]
" ဘဟာအီ သာသနာ "
ဘဟာအီဘာသာဝင်များသည်
ဘဟာအွလ္လာရှင်မြတ် ဟောကြားသော
သြဝါဒ ဒေသနာများကို " အဆုံးအမ သာသနာ"ဟု
ခေါ်ဆိုကြပြီး မိမိတို့ဘာသာကို " ဘဟာအီသာသနာ "ဟု
ပြောဆိုကြ၏။
ဘဟာအီ အဓိပ္ပါယ်မှာ အလင်းကို ဆောင်ယူသူဟု
အဓိပ္ပါယ်ရသည်။ထို့ကြောင့် ဘဟာအီဘာသာဝင်များသည်
အလင်းကို ဆောင်ယူသူ သက်ရှိထင်ရှား "ဘဟာအွလ္လာ"
ရှင်မြတ်အား ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြခြင်း
ဖြစ်သည်။ဤသို့ အလင်းကို ဆောင်ယူသူများသည်
တဆူုတည်းသာ မဟုတ်ဘဲ ရှေးရှေးတုန်းအခါကလည်း
အဆူဆူပွင့်တော်မူခဲ့ကြပြီဖြစ်ကြောင်း ဘဟာအီ
သာသနာက လက်ခံထား၏။ထို့ကြောင့်
ဘဟာအီသာသနာထက် အရင်ရှေးကျစွါ ကနဦး
ပေါ်ထွန်းခဲ့ပြီးသော ဘာသာများမှ မိုးဇက်၊ ယေရှု၊ မိုဟမ္မဒ်၊
ခရစ်ရှနား၊ ဗုဒ္ဓ အစရှိသူတို့သည် ဘဟာအီသာသနာတော်၏
ရှုထောင့်မှ ကြည့်လျှင် အလင်းကို ဆောင်ယူသူများသာ
ဖြစ်လေသည်။
[၂]
" ဘဟာအီသာသနာ အစ "
ဘဟာအီဘာသာသည် ပါရှားခေါ် အီရန်မှ
စတင်ပေါ်ထွန်းခဲ့သည်။ (1844) တွင် ဘာ့ဗ်ဘုရားရှင်
ပေါ်ထွန်းခဲ့ပြီး သာသနာပြု လုပ်ငန်းများကို
ကြိုးပမ်းဆောင်ရွက်ခဲ့၏။ ဘာ့ဗ်(Bab)ဘုရားရှင် ပေါ်ထွန်းသော
အဆိုပါ ကာလတွင် ဘာသာရေးအယူသည်းသူများနှင့်
ကြုံကြိုက်ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံရကာ
အကျဉ်းချခံရပြီး (1850) ပြည့်နှစ် ဇူလိုင်လ
(9) ရက်နေ့တွင် အာဏာပိုင်များက
ဘာသာရေး အကြောင်းပြု၍ လူသိရှင်ကြား
ကွပ်မျက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ
ဘဟာအီသာသနာဝင်များ အဖို့
ဘာ့ဗ် (Bab) ဘုရားရှင်သည် သတ္တဝါအပေါင်းအတွက်
မဟာကရုဏာတော်ဖြင့် အသက်ကို ပေးလှူ
သွားတော်မူခဲ့သည်ဟု ယုံကြည်ကြ၏။
ဘာ့ဗ်၏ အဓိပ္ပာယ်မှာ ဘုရားသခင်နိုင်ငံတော်သို့
ဝင်ရောက်ရန်တံခါးဟူ၍ အဓိပ္ပာယ်ရသည်။
ဘာ့ဗ်ဘုရားရှင် အသက်စွန့်ခဲ့သော်လည်း သူ၏
ဗျာဒိတ်စကားတော်မြတ်အားချန်ရစ်ထားရှိတော်
မူခဲ့သည်။ယင်း ဗျာဒိတ်တော်ကား
" မကြာမီကာလတွင် ဘုန်းတန်ခိုးကြီးမြတ်လှသော
ဥာဏ်အလင်းတော်ရ အရှင်မြတ်တဆူ ကြွလာ
ပွင့်တော်မူမည် " ဟု ဗျာဒိတ်တော် ထားရှိခဲ့၏။
[၃]
ဘာ့ဗ်ဘုရားရှင်၏ ဗျာဒိတ်တော်အရ
(1863) တွင် အီရတ်နိုင်ငံ ဘက်ကဒတ်မြို့၌
ဘဟာအွလ္လာဘုရားရှင်သည်
" အစောင်စောင်သော ကျမ်းစာတွင် ပွင့်ထွန်းရန်
ကျန်ရှိသော အရှင်သည် မိမိသာ ဖြစ်သည်ဟု "
အတိအလင်း ကြေငြာခဲ့၏။
ဘဟာအီသာသနာသည် ဘဟာအွလ္လာဘုရားရှင်
တည်ထောင်တော်မူခဲ့သော သာသနာဖြစ်သည်။
ယနေ့ ဘဟာအီဘာသာဝင်များသည် ဘဟာအွလ္လာ
ဘုရားရှင် ဟောကြားတော်မူခဲ့သော သြဝါဒစကား
တရားဒေသနာများကို လိုက်နာကျင့်သုံးလျက်ရှိကြ၏။
[၄]
" ဘဟာအွလ္လာဘုရားရှင်ဟောကြားသော
တရား အချုပ် "
(၁)
ကမ္ဘာကြီးသည် တခုတည်းသော
တိုင်းပြည်ဖြစ်ပြီး လူသားအားလုံးသည် ၎င်း၏
တိုင်းသူပြည်သားများဖြစ်ကာ တအိမ်ထောင်တည်းမှ
ပေါက်ဖွားလာသော ညီအကို မောင်နှမများ
ဖြစ်ကြသည်။
(၂)
လူသားများသည် အမှန်တရားကို ရှာဖွေကြရာတွင်
မိရိုးဖလာ အယူအဆများကို မငဲ့ကွက်ဘဲ
မိမိတို့ကိုယ်ပိုင်ဥာဏ်ဖြင့် လွပ်လပ်စွါ
ရှာဖွေကြရမည်။
(၃)
ဘုရားရှင်တို့၏ တရားတော်အနှစ်သာရကား
အမှန်တရား တခုတည်းသာဖြစ်ပြီး ဘာသာအားလုံး
တို့၏ အခြေခံအနှစ်သာရသည်လည်း ထပ်တူ
ထပ်မျှပင်ဖြစ်၏။
(၄)
လူဟူက အားလုံး အတူတူဖြစ်၍
မိန်းမများကို နှိမ့်ချခြင်းမပြုဘဲ တန်းတူ
အခွင့်အရေး ပေးရမည်။
(၅)
ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်တို့သည်
လူသားအားလုံးကို ချစ်ခြင်းမေတ္တာဖြင့် စည်းလုံး
ကြရန်သာ ဟောကြားပြီး စည်းလုံးမှုရှိမှသာ
ဘုရားရှင်၏ သာသနာဟု ခေါ်ဆိုထိုက်၏။
(၆)
အယူသည်းမှုသည် စည်းလုံးညီညွတ်ခြင်း၏
ဆန့်ကျင်ဘက်ဖြစ်၍ လူမျိုးရေး တိုင်းပြည်ရေး
ဘာသာရေး နှင့် ပက်သက်သော အယူသည်းမှုများကို
ဖယ်ရှားရမည်။
(၇)
နိုင်ငံအချင်းချင်း မကျူးကျော်ရ။
ချို့တဲ့သော နိုင်ငံငယ်လေးများကို ဘာသာ
အယူဝါဒ အစွဲမထားဘဲ မြှင့်တင်ပေးရမည်။
(၈)
ဘဟာအီ သာသနာတော်၏
ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်
တရပ်လုံးစည်းလုံးညီညွတ်မှု တိုးမြှင့်ရန်
အကျိုးဖြစ်ထွန်းမှုကို ကာကွယ်ရန်နှင့် လူသားများအတွင်း
ချစ်ခြင်း မေတ္တာစိတ်ဓါတ် တိုးပွါး
ဖွံ့ဖြိုးလာစေရန် ဖြစ်သည်။
သဘောထားကွဲလွဲမှု l အထင်အမြင်လွဲမှားမှု l
အမုန်းတရားနှင့် ရန်ငြိုးထားမှု စသည့်အကြောင်းအရာ
တစုံတရာ ခံစားဖြစ်ပေါ်စေရန် မဟုတ် ။
အစရှိသည်တို့ ဖြစ်သည်။
[၅]
" ဘာသာရေး အစွန်းရောက်တို့၏
နှိပ်ကွပ်ခံရသော ဘဟာအီသာသနာ "
အီရန်တွင် ဘဟာအွလ္လာဘုရားရှင်၏
ဟောကြားသော သာသနာတော်ကို သက်ဝင်
ယုံကြည်သူ တဖြည်းဖြည်း များပြားလာသောအခါ
ရှေးပွင့်တော်မူခဲ့သော ဘာ့ဗ်ဘုရားရှင်ကဲ့သို့ပင်
ဘာသာရေးအယူသည်းသူများ၏ အန္တရာယ်ပြုမှုကို
ခံရတော်မူလေ၏။
ပြင်းထန် အယူသည်းသော မွတ်စလင်ဘာသာရေး
ခေါင်းဆောင်များနှင့် ပါရှန် (အီရန်) အစိုးရ၏
ဖိနှိပ်မှုကြောင့် ဘဟာအွလ္လာဘုရားရှင်သည်
ပထမဦးစွါ ဘက္ကဒတ်သို့ ပြည်နှင်ဒဏ်အပေးခံရသည်။
ထို့နောက် ဘက္ကဒတ်မှ ကွန်စတန်တီနိုပယ်မြို့သို့
ပို့ဆောင်၏။တဖန် ကွန်စတန်တီနိုပယ်မြို့မှ
အယ်ဒရီးယားနိုပယ်မြို့သို့ ပို့ပြီး နောက်ဆုံးတွင်
အက္ကာမြို့သို့ ပို့ခဲ့ကြသည်။အက်ကာအကျဉ်းထောင်
ထဲမှာပင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ
ထိန်းသိမ်းခံထားရပြီး (1892).ခုနှစ်တွင်
ပါလက်စတိုင်းပြည် အက္ကာမြို့၌
ပျံလွန်ကြွမြန်းတော်မူခဲ့သည်။
[၆]
အီရန်အာဏာပိုင်များနှင့် အစ္စလာမ်
အစွန်းရောက် ဘာသာရေး အယူသည်းသူများသည်
ဘဟာအွလ္လာ ဘုရားရှင်ကို ပြည်နှင်ဒဏ်ပေးရုံတင်မက
သေးဘဲ ဘဟာအွလ္လာဘုရားရှင်၏ အဆုံးအမသာသနာ
တော်၌ သက်ဝင်ယုံကြည်သူများကိုလည်း လိုက်လံဖမ်းဆီး
ကွပ်မျက်သဖြင့် ဘဟာအီသာသနာ အဆုံးအမ
ယုံကြည်သူများမှာ လျှို့ဝှက်စွါ နေထိုင်ကြရလေ၏။
ဗုဒ္ဓဘာသာတွင် ပိဋကတ်ကျမ်းစာ၊ ခရိယာန်တွင်
သမ္မာကျမ်းစာ၊ အစ္စလာမ်ဘာသာတွင် ကုရ်အာန်ကျမ်းစာ
များရှိသလို ဘဟာအီဘာသာဝင်တွင်လည်း
အက်ဒတ်စ် (Kitabi-Aqdas) မည်သော
ကျမ်းစာကို အာရဗီဘာသာနှင့် ဘဟာအွလ္လာအရှင်က
ရေးသားခဲ့သည်။
အခြားဘာသာတရားတို့၌
ကိုယ်ပိုင်ပြက္ခဒိန်များရှိသလို ဘဟာအီသာသနာတွင်
နေကို အခြေခံသော ပြက္ခဒိန်အသစ်ရှိ၏။ပြက္ခဒိန်တွင်
လပေါင်း ၁၉ လရှိပြီး တမှာ ၁၉ ရက်စီရှိ၏်။ပြက္ခဒိန်စတင်သော
ရက်မှာ ဘာဗ့်အရှင်သည် ဘဟာအီဘာသာတရားကို
ကြေငြာသော (1844) ခု မတ်လ (21) ရက်နေ့ ဖြစ်၏။
[၇]
" ဘဟာအီသာသနာနှင့် အစ္စလာမ်ဘာသာ "
ဘဟာအီဘာသာသည် အစ္စလာမ်ဘာသာဝင်
များကဲ့ တဆူတည်းသော ဘုရားရှင်ကို
ကိုးကွယ်ယုံကြည်ကြ၏။
သို့သော်လည်း အစ္စလာမ်ဘာသာသည်
တမန်တော် မုဟမ္မဒ်သခင်အား နောက်ဆုံး
တမန်တော်ဟု လက်ခံယုံကြည်ထားကြ၏။
ဘဟာအီသာသနာတော်တွင်မူ ဘဟာအွလ္လာ(Baháulláh)
အရှင်မြတ် (လူအမည် Mirsa Hussein Ali) (1817-1892)
သည် ကိုးကွယ်ရာ အရှင်ထံမှ ယခုခေတ်လူသား
များအတွက် လမ်းညွှန်ချက်များ သင်ကြားပြသရန်
စေလွှတ်ခြင်းခံရသော တမန်တော်ဟု
လက်ခံယုံကြည် ပြီး နောင်အခါကာလတွင်လည်း
အလင်းတော်ရအဆူဆူ ပွင့်တော်မူအုံးမည်ဟု
ယုံကြည်ခြင်းဖြစ်သည်။ဤယုံကြည်ချက်မှာ
အစ္စလာမ် အကီဒါဟ်နှင့် ဆန့်ကျင်သော
အဓိက အချက်ဖြစ်၏။
[၈]
ဘဟာအွလ္လာမှ သတင်းစကားအသစ်
မယူဆောင်လာမီ ရှေ့တော်ပြေးအဖြစ်ပေါ်ပေါက်ခဲ့သော
သူမှာ ဘာ့ဗ်(Bab)ဟုခေါ်သောသူဖြစ်သည်။
ဘားဗ် ဟူသည့်စကာားမှာ အာရဗီဘာသာ စကား(بٌبأ )
ဖြစ်ပြီး(Gate) တံခါးဟုအနက်အဓိပ္ပါယ်ရသည်။
ထိုပုဂ္ဂိုလ်ထူးကို (1844) ခုနှစ် မေလ (23)ရက်
နေ့တွင် အီရန်နိုင်ငံ၏ ရှီယာ့ဇ် (Shiraz)မြို့တွင်
မွေးဖွားခဲ့သည်။ ထိုသူကမိမိသည် လူသားအားလုံး
မျော်လင့်တောင့်တနေကြသော ကိုးကွယ်ရာအရှင်၏
တမန်တော်အလောင်းအလျာဖြစ်သည်ဟု
ကြေငြာခဲ့သည်။
လူသားအားလုံး
မျော်လင့်တောင့်တနေကြသော ကိုးကွယ်ရာအရှင်၏
တမန်တော်ဆိုသည်မှာ ခရစ်ယာန်များ မျှော်လင့်
နေကြသည့် မဆီးဟ်(ယေရှုခရစ်တော်) မွတ်ဆလင်
များ၏ တမန်တော် အီဆာတို့ကို ဆိုလိုဟန်ရှိပေ၏။
ယေရှုခရစ်တော် ကမ္ဘာမြေသို့ ပြန်လည်မကြွလာမီ
အီမာမ်မဟ်သီသည် ဤကမ္ဘာသို့ ကြွလာမည်ဆိုသော
အချက်ကို စွန္နီ နှင့် ရှီယာ မွတ်စလင်မ် နှစ်အုပ်စုလုံးက
ယုံကြည်ကြသည်။
[၉]
" ဘဟာအီသာသနာ၏ စိတ်ဝိဥာဉ် အယူအဆ "
ဘဟာအီသာသနာတော်မှ ဘာ့ဗ်(Bab) သည်
မွတ်စလင်မ်တို့ မျှော်လင့်နေကြသော
အီမာမ်မဟ်သီဟု ဘဟာအီသာသနာမှ ဆိုလိုလေ၏။
တနည်းဆိုရသော် မွတ်စလင်မ်တို့၏ အီမာမ်မဟ်သီနှင့်
တမန်တော်အီဆာကို ဘာ့ဗ်နှင့် ဘဟာအွလ္လာဟု
ဆိုလိုခြင်းဖြစ်လေသည်။
ဘဟာအီသာသနာတော် ယုံကြည်ချက်အရ
လူသားသည် ခန္ဓာကိုယ်သေဆုံးသွားသော်လည်း
ဝိဥာဉ်မှာမူ မသေဘဲ ကိုးကွယ်ရာအရှင်နှင့်တွေ့ဆုံရန်
စိတ်ဝိဥာဉ် ခရီးရှည်ကြီးကို ဆက်သွားနေရသည်ဟု
ယုံကြည်ကြ၏။ထိုခရီးစဉ်သည် လောကပေါင်းများစွါ
ကမ္ဘာပေါင်းများစွါ ဆက်သွားနေရသည်ဟု ဆိုသည်။
ဤယုံကြည်ချက် ဝိဥာဉ်သဘောတရားမှာ
ဟိန္ဒူ ဝါဒ နှင့် ဗုဒ္ဓဝါဒ သံသရာလည်ပုံနှင့် ဆင်တူ
သလို ရှိနေပြန်၏။
ဘဟာအီဘာသာ၏ စုပေါင်းဝတ်ပြုရန်
လက်ရှိ အကြီးဆုံး အိမ်တော်သည် အစ္စရေးနိုင်ငံ
ဟိုင်ဖာမြို့တွင် တည်ရှိပြီး လူသားအားလုံးအတွက်
တံခါးဖွင့်ပေးထားသည်။အိမ်တော်များသည်
ဗိသုကာပညာ အလွန်ပညာသားပါလှ၍ ပုံစံအမျိုးမျိုး
ကွဲပြားကြသော်လည်း အများအားဖြင့်တူညီသည်မှာ
ဒေါင့်ကိုးဒေါင့်ပါဝင်ပြီး အလယ်တွင် အမိုးခုံး
တခုရှိလေ၏။
[၁၀]
"ဘဟာအီသာသနာတော်နှင့် ကျမ်းစာ "
ရှေ့တော်ပြေး ဘာ့ဗ်သည် ကျမ်းစာပေါင်း
(၅၀) ကျော် နှင့် ဘဟာအွလ္လာဘုရားရှင်သည်
ကျမ်းစာပေါင်း (၁၅၄) ကျမ်း ရေးသားတော်မူခဲ့သည်။
ယင်းကျမ်းစာများ၏ လက်ရေးမူများကို ယခုအခါ
ကမ္ဘာ့ဘဟာအီပြတိုက် အစ္စရေးနိုင်ငံ
ဟိုက်ဖွာ မြို့တွင် ကောင်းစွါ သိမ်းဆည်း
ပြသထားသည်။ဘာဟာအီသာသနာတော်၏
ကျမ်းစာများကို ဘာသာစကားနှင့် ဒေသန္တရစကားပေါင်း
(၇၀၀) ကျော်ဖြင့် ပြန်ဆိုပြီး ဖြစ်သည်။
" ညီညွတ်ခြင်းအတွက် ဟောကြားပုံ "
ဘဟာအွလ္လာဘုရားရှင် မိန့်ကြားတော်
မူသည်ကား …
" ငါ အရှင်မြတ်၏ ချစ်မြတ်နိုးသော
သူအပေါင်းတို့ …
စည်းလုံး ညီညွတ်ခြင်း၏ တဲနန်းတော်သည်
တည်ဆောက်ထားလေပြီ။အသင်တို့ အချင်းချင်းသည်
တယောက်ကို တယောက် သူစိမ်းတရံကဲ့သို့
သဘောမထားကြလေနှင့်။
အသင်တို့ အားလုံးကား သစ်ပင်တပင်တည်းမှ
အသီးများ l အကိုင်းတကိုင်းတည်းမှ အရွက်များ
ဖြစ်ကြ၏ … "
[၁၁]
" မိမိနေထိုင်သော နိုင်ငံကို
သစ္စာစောင့်သိရန်ဟောကြားပုံ "
" ဘဟာအီ သာသနာဝင်တို့သည်
မိမိတို့ နေထိုင်ခိုလှုံသော မည်သည့်တိုင်းပြည်နှင့်
အစိုးရကို မဆို သစ္စာစောင့်သိ ရိုသေကြရမည်။
တိုင်းပြည်မှ ယုံမှတ် အားကိုးထိုက်သူများ
ဖြစ်ရမည်။
ဘဟာအီမည်သည်ကား မိမိတိုင်းပြည်နှင့်
မိမိအစိုးရကို သစ္စာမရှိပါက တကယ်စစ်မှန်သော
ဘဟာအီတဦး မဖြစ်နိုင်ပေ "
ဤရွေ့ ဤမျှဖြင့်ပင် " ဘဟာအီသာသနာ (သို့)
ဘဟာအီဘာသာ… " အကြောင်း စာစုအား
နိဂုံးချုပ်လိုက်ပေတော့သည်။
မောင်သုခ
(10_Feb_ 2018)
ကိုးကား …
[၁]
"ဥယျာဉ်တော်သစ်ကျမ်း… "
[၂]
"ဘုရားသခင် အလိုတော်ကျ
နေထိုင်ရေးကျမ်း …" [ဦးကိုလေး ]
[၃]
" ခေတ်သစ် ဒီမိုကရေစီဘာသာနှင့်
အိုမွတ်စလင်မ် " [ဒေါက်တာ လှလှဝင်း ]
မှတ်ချက် …
ဘဟာအီသာသနာတော် ကျမ်းစာများ
ဖြစ်ကြသော "ဥယျာဉ်တော်သစ်ကျမ်း… " နှင့်
"ဘုရားသခင် အလိုတော်ကျ နေထိုင်ရေးကျမ်း …"
ကျမ်းစာအုပ်တို့အား မေတ္တာလက်ဆောင်
ဓမ္မဒါနပြုသော ဘဟာအီဘာသာဝင်
ဦးတင်ရွှေနှင့် သမီးဖြစ်သူ မတင်မိုးတို့အား
စာရေးသူမှ ကျေးဇူးအထူး တင်ရှိပါသည်။
No comments:
Post a Comment