Monday, November 11, 2019

" ပျော်ရွှင်မှု "

" ပျော်ရွှင်မှု "

_________
အောင်ကို
___________

(၁)

" ပျော်ရွှင်မှုဟာ ဘယ်မှာ
   အခြေပြုသလဲ …??? "

ပျော်ရွှင်မှု အကြောင်း
ပြောကြရအောင်။ပျော်ရွှင်မှု ဆိုတာ
ဘယ်အရာပေါ် အခြေပြုတာလဲလို့
အမေးရှိလာရင် ဘယ်လို
ပြန်ဖြေကြမလဲ…???

ငွေကြေး…
ရာထူး…
စည်းစိမ်…
အောင်မြင်မှု …
ကျန်းမာခြင်း…
ချစ်ခြင်း…

အစရှိတာတွေထဲက
တစ်ခုခုအပေါ်မှာ ပျော်ရွှင်မှုဟာ
အခြေပြုတယ်လို့ ကျွန်တော်တို့တွေ
များသောအားဖြင့် ထင်ထားကြတယ်။

(၂)

" မတည်မြဲခြင်း "

တကယ်တော့ ဒါဟာ အဖြေမှန်တော့
မဟုတ်ပါဘူး။ဘာဖြစ်လို့ဆို ဘယ်လို
အခြေအနေမျိုးမှာ ဖြစ်ဖြစ် ပျော်ရွှင်မှု ဟာ
အချိန်နဲ့ စက္ကန့်မလပ် လူတစ်ယောက်မှာ
ဖြစ်တည်တယ်ဆိုတာ မရှိဘူး။

ပျော်ရွှင်မှု ဆိုတာဟာ လူတစ်ယောက်
အနေနဲ့ ထာဝရသိမ်းပိုက် ပိုင်စိုးထားနိုင်တဲ့
အရာတစ်ခု မဟုတ်ဘူးလေ။

အကြောင်းတစ်ခုခုကြောင့်တော့ဖြင့်
လူသားဟာ စိတ်ညစ်စရာ တစ်ချို့ကို
ကြုံရ တွေ့ရ တတ်တာပါပဲ။ဘာဖြစ်လို့ဆို
ငွေကြေး - ရာထူး - စည်းစိမ် -အောင်မြင်မှု -
ကျန်းမာခြင်း- ချစ်ခြင်း အစရှိသမျှ အရာတွေ
အားလုံးမှာ အတိုး အလျှော့ ပြဿ     နာ နဲ့
ပျက်စီး - ပပျောက်ခြင်း ဆိုတဲ့ မမြဲခြင်း
တရားတွေ ဒွန်တွဲ နေတတ်တယ်
မဟုတ်လား။

(၃)

" စိတ် "

ပျော်ရွှင်မှု ကို အနှစ်ချုပ်ကြည့်
လိုက်ရင်တော့ စိတ် ဆိုတဲ့ အရာကို
တွေ့ရလိမ့်မယ်။ပျော်ရွှင်မှု ဟာ စိတ် မှာ
အခြေတည်တယ်။ စိတ် ချမ်းသာတဲ့သူဟာ
ပျော်ရွှင်သူ တစ်ယောက်လို့ ပြောနိုင်တယ်။

ဒီလိုဆိုရင်
လူတစ်ယောက် စိတ်ချမ်းသာဖို့
ဘာတွေ လိုအပ်သလဲ …???ဆိုတဲ့
အမေးဟာ ပျော်ရွှင်မှု အတွက်
အဖြေထုတ်ခြင်း ဖြစ်သွားပြီ။

(၄)

" လူ့အလို နတ်မလိုက်နိုင် "

လူတစ်ယောက် စိတ်ချမ်းသာဖို့အတွက်
သူလိုချင်တာတွေ ရနေဖို့ အရေးကြီးတယ်။
" လူ့အလို နတ်မလိုက်နိုင် " ဆိုတဲ့
စကားကို ကြားဖူးကြတယ်
မဟုတ်လား။

လူတွေ ဘာ့ကြောင့်
အမြဲတမ်း မပျော်ရွှင်နိုင်ကြသလဲဆိုတာ
ရှင်းလောက်ပါပြီ။ လူသားဟာ အသက်ရှင်
နေသရွေ့ အလိုဆန္ဒတွေကနေ မရပ်တန့်
နိုင်ဘူး။ဒါ့ကြောင့် လုဆိုတာဟာ တစ်ခုမဟုတ်
တစ်ခုခုကိုတော့ဖြင့် အလိုဆန္ဒမပြည့်ဝကြတဲ့
သတ္တဝါတွေသာ ဖြစ်တယ်။

(၅)

" လူ့အလို အတောမသတ်နိုင်သော
   ပုံပြင် တစ်ပုဒ် "

" လူ့အလို နတ်မလိုက်နိုင် " ဆိုတဲ့
အကြောင်းအရာနဲ့ ဆက်စပ်ပြီး ပုံပြင်လေး
တစ်ပုဒ် ကြာဖူးတယ်။

အဖွားအို တစ်ယောက်ဟာ
(သူ့ခေတ်အခါအရ ) ပိုက်ဆံ
ငွေငါးကျပ် ကျပျောက်သွားတာကြောင့်
လမ်းဘေးမှာ မျက်ရည်စက်လက်
ဖြစ်နေပါတယ်။

ဒါကို လူငယ်တစ်ယောက်က
မြင်သွားတဲ့အခါ စိတ်မကောင်းတာနဲ့
အဖြစ်အပျက်ကို မေးမြန်းစုံစမ်းပြီး
အဖွားအို ကျပျောက်သွားတဲ့ ငွေငါးကျပ်ကို
အစားထိုး ပြန်လှူ ဒါန်းပေးလို့ အဖွားအိုကို
မငိုတော့ဖို့ နှစ်သိမ့်လေရဲ့။

ဒါပေမယ့် ငွေငါကျပ် ပြန်ရသွားလည်း
အဖွားအိုကတော့ နဂိုထက် ပိုပြီး
တိုးလို့ ငိုကြွေးတော့လေရဲ့။

ဘာလို့ ငိုနေသေးတာလဲဆိုတဲ့
အကြောင်းရင်းကို လူငယ်က
မေးမြန်းတော့ အဖွားအို
ပြန်ဖြေတာက …

" လူလေးရယ် …
   အခု လူလေးပေးတဲ့ ငွေငါးကျပ်နဲ့
   ပထမငွေငါးကျပ်သာ မပျောက်ဘဲရှိရင်
   ပေါင်းလိုက် ငွေတစ်ဆယ်ဖြစ်သွားပြီ။
   အဲဒါကို နှမြောလို့ပါ …"  လို့
  ဆိုလေရဲ့။

ဒီပုံပြင်လေးမှာ သတိပြုစရာက
တကယ်တော့ဖြင့် လူတွေဟာ
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်
လိုအင်ဆန္ဒ နဲ့ လိုအပ်ချက်တွေ
အမြဲတမ်း ရှိနေတတ်တဲ့
သ ဘော ကိုပါ။

(၆)

" လူတိုင်းဟာ ပျော်ရွှင်မှု နဲ့ ထိုက်တန် "

ကျွန်တော်တို့တွေဟာ
လူ့ဘဝမှာ အလျင်းသင့်သလို နေထိုင်ကြရင်း
ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုဖြစ်စေ l တစ်ပါးသောသူရဲ့
ပျော်ရွှင်မှုကို ဖြစ်စေ သိလျက်နဲ့တစ်မျိုး မသိလို့
တစ်သွယ် ဖျက်ဆီးမိတတ်ကြသေးတယ်။

ကျွန်တော် သိတာကတော့ …
" လူတိုင်းဟာပျော်ရွှင်မှု နဲ့
  ထိုက်တန်ပါတယ်။ "

နောက်တစ်ခု အဓိက
မြင်မိတာကတော့ …

ကျွန်တော်တို့ အနေနဲ့ စိတ်ညစ်နေတဲ့
လူကို ပျော်အောင် မလုပ်ပေး နိုင်ရင်တောင်
တရားသဖြင့် ပျော်ရွှင်နေတဲ့ သူတွေကိုတော့
ကိုယ့်ကြောင့် စိတ်ညစ်အောင် မလုပ်မိဖို့
လိုအပ်တယ်လို့မြင်မိတယ်။

(၇)

" ကရိသျှဏ ဘုရား "

ဟိန္ဒူ ဘာသာရဲ့ အထင်ကရ
ဘုရားမြတ်တစ်ဆူဖြစ်တဲ့
ကရိသျှဏ ဘုရားကတော့
ဒီလိုပြောတယ်။

" လူတစ်ယောက်ဟာ
   ပျော်ရွှင်မှု ခံစားနိုင်တယ်။
   ဒါပေမယ့် ရေရှည်တော့
   မရဘူး။

   ရုပ်ဝါဒကနေ ပျော်ရွှင်မှု
   ရှာတဲ့ လူသားအများစုဟာ
   ပင်ပန်း ဆင်းရဲမှာပဲ။

   ပျော်ရွှင်မှုကို သိနား
   လည်ရမယ်။ ရယူလို့ မရ
   နိုင်ဘူး။

   အာဏာ l စည်းစိမ် ထဲကနေ
   ပျော်ရွှင်မှု ရှာဖွေတဲ့သူဟာ
   ပျော်ရွှင်မှု အစစ်အမှန်ကို
   မရနိုင်ဘူး " လို့ ဆိုလေရဲ့။

(၈)

" ဂန္ဒီ "

ဂန္ဒီကတော့ ပျော်ရွှင်မှုအပေါ်ကို
" အသိစိတ်ထိန်းချုပ်မှု မပါသောပျော်ရွှင်မှုဟာ
  လူကျင့်ဝတ်နဲ့ သူတော်ကောင်းစိတ်ကို
  ပျက်စီးစေတတ်တယ်" လို့
   မြင်ခဲ့တယ်။

(၉)

" ဒလိုင်းလားမား "

တိဗက်ဘုန်းတော်ကြီး  ဒလိုင်းလားမား
ကတော့ ပျော်ရွှင်မှု ကို ဒီလို ပြောတယ်။
" Happiness is not something
  ready made .It comes from
  your own actions.

ပျော်ရွှင်မှုဆိုတာ အဆင်သင့်ပြုလုပ်ပြီးသား
အရာတစ်ခု မဟုတ်ဘူး။ သင့်ရဲ့ကိုယ်ပိုင်
အပြုအမူတွေကနေ ပေါ်ပေါက်လာတာ
လို့ ဆိုတယ်။

(၁၀)

ဒီလောက်ဆို ပျော်ရွှင်မှု အကြောင်းကို
ထိုက်သင့်သလောက် မှန်းဆလို့
ရနိုင်သလို ပျော်ရွှင်မှု နဲ့ ပတ်သက်ပြီး
သတိပြု ဆင်ခြင်စရာ တစ်ချို့ကိုလည်း
တွေးတောမိနိုင်ဖို့မျှော်လင့်မိတယ်။

ပျော်ရွှင်မှု အကြောင်းကို ကျွန်တော်တို့
အတိတ်က လူသားတွေ အစဉ်အဆက်က
အနက် အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသလို နောင်
မှာလည်း အမြင်နဲ့ အဓိပ္ပါယ် အမျိုးမျိုး
ရှိလာဦးမှာ သေချာပေါက်ပါပဲ။

ပျော်ရွှင်မှု အကြောင်း
ပြောကြရအောင်………
………………………………

   ပျော်ရွှင်မှု ဆိုတာ ဘာလဲ …???
  
   ပျော်ရွှင်မှုဟာ ဘယ်မှာ
   အခြေပြုသလဲ …???

                            အောင်ကို
                           (11 - Nov - 2019)

No comments:

Post a Comment