Saturday, September 28, 2019

လက်တစ်စုံက လွတ်မြောက်ရာ

▇ " လက်တစ်စုံက လွတ်မြောက်ရာ  " ▇

_________
မောင်သုခ
▒▒▒▒▒▒▒▒▒

လက်သီးကို
ဂင်္ဂါမြစ်ထဲ ထိုးသွင်းရင်
ဘာမှ ရမှာ မဟုတ်ဘူး။

လက်ခုပ်ကို ဂင်္ဂါမြစ်ထဲ
နှစ်လိုက်ရင်တော့  မြင့်မြတ်တဲ့
ဂင်္ဂါရေဟာ သင့် နှုတ်ခမ်းဝ
အထိ ရောက်လာနိုင်တယ်။
                                       
                                  [ကရိသျှဏဘုရား]

(၁)

" ကရိသျှဏ ရဲ့ လက်ဆောင် "
▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ဟိန္ဒူ ဘာသာရဲ့ အထင်ကရ  ဘုရားမြတ်
တစ်ဆူ ဖြစ်တဲ့  ကရိသျှဏ ဘုရားရှင်ဟာ
ဒီ စကားလေးကို ကျွန်တော်တို့
လူသားတွေအတွက် လက်ဆောင်
အဖြစ် ထားရစ်ခဲ့တယ်။

" လက်သီးကို
ဂင်္ဂါမြစ်ထဲ ထိုးသွင်းရင်
ဘာမှ ရမှာ မဟုတ်ဘူး။

လက်ခုပ်ကို ဂင်္ဂါမြစ်ထဲ
နှစ်လိုက်ရင်တော့  မြင့်မြတ်တဲ့
ဂင်္ဂါရေဟာ သင့် နှုတ်ခမ်းဝ
အထိ ရောက်လာနိုင်တယ်။ "
လို့ ဆိုလေရဲ့။

(၂)

ကျွန်တော်တို့ဟာ
လက်သီးလိုမျိုး မောက်မာကြသူ
တွေလား။ လက်ခုပ်(လက်ဝါး) လိုမျိုး
ပေးဆပ်ကြသူတွေလား တွေးစရာပဲ။
                                       
တကယ်တော့ လူသား အများစုဟာ
လက်သီးကိုယ်စီ ကိုင်ဆုပ်ထားကြတဲ့
သူတွေရယ်ပါ။

ကျွန်တော်တို့ လက်သီးလိုလူတွေနဲ့
လက်ဝါးလို လူတွေအကြောင်း ပြောကြ
ရအောင်။နောက်ဆုံးမှာတော့ လက်တစ်စုံက
လွတ်မြောက်ရာ အကြောင်းနဲ့ အဆုံးသတ်
ပါမယ်။

(၃)

" လက်သီးလိုလူ "
▒▒▒▒▒▒▒▒▒▒▒▒

လက်သီးလိုလူ နဲ့ လက်ဝါးလိုလူ
ဆိုတာ ဘယ်လိုလူတွေလဲလို့ ဝေခွဲရ
ခက်နေရင် ဒီနည်းနဲ့ လွယ်လွယ်ကူကူ
ခွဲခြားနိုင်ပါတယ်။

လက်သီးဆိုတာမျိုးက လက်ငါးချောင်းကို
တင်းတင်း ဆုပ်ကိုင်မှသာ ဖြစ်တည်တဲ့
အရာမျိုးပါ။ကျွန်တော်တို့ လူတွေကြားမှာ
အတ္တ l မာန်မာန l ဒေါသ l မောဟ နဲ့ အယူ
အဆမှားယွင်းမှု အစရှိတဲ့ ငါးမျိုးသော
အရာတွေကို တင်းတင်းကိုင်ဆုပ်ထား
ကြသူတွေဟာ လက်သီးဆုပ်ထားတဲ့
လူတွေ ဖြစ်တယ်။

(၄)

" မကောင်းမှု အချင်းချင်း ကျေးဇူးပြု ပုံ "
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ဒီငါးမျိုးသော အရာတွေဟာ
မကောင်းမှု တစ်ခုချင်းကနေ တစ်ခြားသော
ကျန်နေတဲ့ လေးမျိုးအပေါ် အပြန်အလှန်
ကျေးဇူးပြု ပြီး တစ်ပေါင်းတစ်စည်းတည်း
ဖြစ်စေ တတ်သေးရဲ့။

နားရှုပ်စရာ မရှိပေမယ့်
ထပ် ရှင်းအောင် ဥပမာပြုရရင်
အတ္တကြီးတဲ့ သူတစ်ယောက်ဟာ
မာန်မာနl ဒေါသ l မောဟ l အယူအဆ
မှားယွင်းမှုတွေ တစ်ပေါင်းတည်း ဖြစ်ပေါ်
လာတတ်သလိုပဲ  မာန်မာနကြီးတဲ့သူ l ဒေါသ
ကြီးတဲ့သူ l မောဟကြီးတဲ့သူ l အယူအဆ
မှားယွင်းသူတွေဟာလည်း တစ်ခြားသော
ကျန်လေးမျိုးသော အရာတွေဟာ သူ့ဆီမှာ
တစ်ပေါင်း တစ်စည်းတည်း ထင်ရှား
ဖြစ်ပေါ် တတ်စေတယ်။

(၅)

" မကောင်းမှု သည် အထိန်းအကွပ်မဲ့တတ် "
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

လက်သီးလို လူတွေဟာ လောကမှာ
သင့်တော်တာရော မသင့်တော်တာရော
လိုချင်တပ်မက် တတ်ကြတယ်။

လိုချင်တဲ့ အရာ ရဖို့အတွက်ကိုလည်း
မတရားသော နည်းတွေ l အကြမ်းဖက်
မှုတွေ l ယုတ်မာ ကောက်ကျစ်မှုတွေကို
အသုံးပြု တတ်တယ်။

ထစ်ခနဲရှိ ဒေါသတကြီး ပြောဆို
လုပ်ကိုင် တတ်ကြသလို အကောင်း အဆိုး
မခွဲခြားနိုင်ဘဲ အယူအဆ အထင်အမြင်တွေ
ဟာ အမှန် တရားနဲ့ ဆန့်ကျင်ဘက်တွေ
ဆီကိုပဲ ယူဆ ထင်မြင် တတ်ကြတယ်။

ဘယ်သူတွေ ဘာလုပ်လုပ်
အဆိုးမြင် တတ်လေ့ရှိတယ်။

(၆)

အနှစ်ချုပ်ရရင်တော့ လူ့လောကမှာ
လက်သီးလိုလူတွေဟာ ဖျက်ဆီးသူ l
ရမ်းကားသူ l လူဆိုး လူမိုက်တွေ
ဖြစ်တာကြောင့် လက်သီးလိုလူမျိုး မဖြစ်ချင်ရင်
အတ္တမကြီးနဲ့။ မာန်မာန မကြီးနဲ့။ဒေါသမကြီးနဲ့။
မောဟ မကြီးနဲ့။ အယူအဆ မမှားယွင်းစေနဲ့။
အဲသလို ကြိုးစားသင့်တယ်။

လက်သီးလို
လူတွေအကြောင်းပြီးတော့
လက်ဝါးလို လူတွေအကြောင်း
ဆက်ရအောင်။

(၇)

" လက်ဝါးလို လူ "
▒▒▒▒▒▒▒▒▒▒

လက်ဝါးလို လူတစ်ယောက် ဖြစ်ဖို့
မလွယ်ဘူး။ ဘာ့ကြောင့်ဆို လူမှန်ရင်
တင်းတင်း ဆုပ်ကိုင်လေ့ ရှိတတ်ကြတဲ့
ငါးမျိုး ငါပါးသော အတ္တ l မာန်မာန l ဒေါသ l
မောဟ နဲ့ အယူ အဆမှားယွင်းမှု တွေကို
ဖြေလျှော့ ဖြန့်ချပြီး စွန့်ပစ်လိုက်နိုင်ဖို့
ခက်တာကြောင့်ပဲ။

အပြုသဘောဆောင်တဲ့ ရှုထောင့်အရ
လူတစ်ယောက် လက်ဝါးဖြန့်လိုက်တာဟာ
တစ်စုံ တစ်ခုကို စွန့်လွှတ် လှူ ဒါန်း
ခြင်းလည်း ဖြစ်တယ်။ပေးဆပ်ခြင်း
လည်း ဖြစ်တယ်။ကူညီခြင်းလည်း
ဖြစ်တယ်။

(၈)

" ကောင်းမှု အချင်းချင်း ကျေးဇူးပြု တတ်"
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

အတ္တ l မာန်မာန l ဒေါသ l မောဟ နဲ့ အယူ
အဆမှားယွင်းမှု တွေကို ပပျောက်လျှော့
နည်းအောင် ကြိုးစားတဲ့နေရာမှာလည်း
အချင်းချင်း ကျေးဇူးပြုတတ်တဲ့ သဘော
တရားလေးတွေ ရှိတယ်။

အကြောင်းကတော့ အတ္တနည်းပါးအောင်
ကြိုးစားကျင့်ကြံနေတဲ့ သူအတွက် မာန်မာနl
ဒေါသ l မောဟ နဲ့ အယူအဆ မှားယွင်း
မှုတွေဟာလည်း တစ်စ တစ်စ နည်းပါး
လာတတ်တာကြောင့်ပဲ။

အလားတူပဲ ဒီ ငါးမျိုးထဲက တစ်စုံ
တစ်ခုသော အရာကို လျှော့နည်း ပပျောက်
အောင် ကြိုးစားခြင်းဟာ ကျန်လေးပါးသော
အရာတွေကိုပါ လျှော့နည်းစေတတ်တဲ့
သဘောသဘာဝ ရှိတတ်လေရဲ့။

(၉)

လက်ဝါးလို လူတွေဟာ ကျွန်တော်တို့
လူ့လောကမှာ အများ အကျိုးအတွက်
ပေးဆပ်သူ သက်သက်တွေ ဖြစ်တယ်။

သံသရာက မလွတ်မြောက်နိုင်
သရွေ့ကတော့  လူတစ်ယောက်
ဖြစ်လာပြီဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
လက်ဝါးလိုလူမျိုး ဖြစ်အောင် အတတ်
နိုင်ဆုံး ကြိုးစားသင့်တယ်။

(၁၀)

" ဘုရားရှင်ဟောကြားသော
   လက်ဆုပ်  နှင့်  လက်ဖဝါး "
▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

မြတ်စွာဘုရားရှင်ဟာ တိပိဋက -
သုတ္တန်ပိဋက - သတ္တိသုတ်မှာ
မေတ္တာ တရားရဲ့ အကျိုးကြီးပုံကို
ဟောကြားတော်မူတဲ့အခါ လက်ဖဝါး
နဲ့ လက်ဆုပ် အကြောင်း မှတ်သား
စရာအနေနဲ့ အောက်ပါအတိုင်း
ပါဝင်တယ်။

ရဟန်းတို့  အသွားထက်သော
လှံသည် ရှိ၏၊ ထိုအခါ၌ ယောက်ျားသည်
”ဤအသွားထက်သော လှံကို လက်ဖဝါး
ဖြင့်သော်လည်းကောင်း၊ လက်ဆုပ်ဖြင့်သော်
လည်းကောင်း ငါဆုပ်ညှစ်အံ့ l ငါပုတ်ခတ်အံ့၊
အပြန်အလှန် ပုတ်ခတ်အံ့”ဟု
ဆို၍ လာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့
မှတ်ထင်ကုန်သနည်း၊ ထိုယောက်ျားသည်
ဤအသွားထက်သော လှံကို လက်ဖဝါးဖြင့်ဖြစ်စေ၊
လက်ဆုပ်ဖြင့်ဖြစ်စေ ဆုပ်ညှစ်ခြင်းငှါလည်းကောင်း၊
ပုတ်ခတ်ခြင်းငှါလည်းကောင်း၊ အပြန်အလှန်
ပုတ်ခတ်ခြင်းငှါလည်းကောင်း ထိုက်မည်လောဟု
(မေးတော်မူ၏)။

(၁၁)

အသျှင်ဘုရား
ဤသို့ပုတ်ခတ်ခြင်းငှါ  မထိုက်ပါ။

ထိုသို့ မထိုက်ခြင်းသည်
အဘယ်ကြောင့် နည်းဟူမူ –

အသျှင် ဘုရား ဤထက်သော
လှံသွားသည်ကား လက်ဝါးဖြင့်ဖြစ်စေ၊
လက်ဆုပ် ဖြင့်ဖြစ်စေ (အဖျား၌) ဆုပ်ညှစ်
ခြင်းငှါလည်းကောင်း၊  (အလယ်၌) ပုတ်ခတ်
ခြင်းငှါလည်းကောင်း၊ အပြန် အလှန် ပုတ်ခတ်
ခြင်းငှါလည်းကောင်း မလွယ်ကူပါ၊

ထိုယောက်ျားသည် အလွန်လျှင်
ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ဖြစ်ရာ
သောကြောင့်ပါ တည်းဟု ပြန်လည်
လျှောက်ထားကြတယ်။

(၁၂)

" လက်တစ်စုံက လွတ်မြောက်ရာ "
  ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ကျွန်တော်တို့ဟာ လက်ဖဝါးလို
လူပီသတဲ့ လူသားတစ်ယောက်ဖြစ်အောင်
ကြိုးစားသင့် တာကတော့ အမှန်ပဲ။

ဒါပေမယ့်လည်း လက်ဖဝါးလို လူဖြစ်ရုံနဲ့
ကတော့ သံသရာကနေ မလွတ်မြောက်
နိုင်သေးဘူး။သံသရာက လွတ်မြောက်
ဖို့က မဂ် l ဖိုလ်  l နိဗ္ဗာန် ရမှသာ
ဖြစ်မယ်။

(၁၃)

ဘုရားရှင်ဟောကြားတဲ့ တရားတော်ကို
ကြည့်ရင် လက်ဝါးဖြင့်ဖြစ်စေ l လက်ဆုပ်
ဖြင့်ဖြစ်စေ အသွားထက်သော လှံကို
ပုတ်ခတ်တာဟာ ကိုယ်ပင်ပန်းခြင်း
စိတ်ပင်ပန်းခြင်း ဖြစ်စေမှာ အမှန်
မုချပဲ။အသွားထက်သောလှံဟာ
သံသရာ ခရီးနဲ့ တူတယ်။ လက်ဖဝါးနဲ့
လက်ဆုပ်ဟာ လူအမျိုးအစားတွေ
ဖြစ်တယ်။

လူဟာ သံသရာစက်ဝန်း
ကြီးနဲ့ ပတ်သက်နေသမျှ  နံရံကို
ခေါင်းနဲ့ တိုက်သလို l အသွားထက်တဲ့
လှံကို ပွတ်တိုက်ရသလို ကိုယ် စိတ်
နှလုံးကို ပင်ပန်းဆင်းရဲစေမှာ
သေချာတယ်။

(၁၄)

" လူမှန်သမျှ အဆုံးသတ် ရှိပုံ "
    ▒▒▒▒▒▒▒▒▒▒▒▒

သစ်တောဟာ သစ်ပင်တွေကို
လိုသလောက် ပျံ့ပွါး နိုင်တယ်။

မြစ် ချောင်းတွေဟာ ရေစီးကြောင်းကို
လိုသလောက် ချဲ့ထွင်နိုင်တယ်။

သဲကန္တာရဟာ သူ့မြေကို
လိုသလောက် ကျယ်ပြန့်နိုင်တယ်။

ဒါပေမယ့် အဲဒီအရာတွေ
အကုန်လုံးဟာ သေခြင်းတရား ဆိုတဲ့
ပင်လယ်ကမ်းစပ်ကို ရောက်ရင်တော့ 
ပျောက်ဆုံး သွားကြရတာ ချည်းပါပဲ။

မမြဲခြင်း l ဆင်းရဲခြင်း l အစိုးမရခြင်း
တွေဟာ လူဖြစ်လာကတည်းက
ကျွန်တော်တို့နဲ့ တစ်သားတည်း
ဖြစ်ပျက်တဲ့ အရာတွေပဲ။

(၁၅)

စာလည်း ရှည်သွားပြီ။ ဒီလိုစာမျိုးကို
တိုတို လေး ရေးဖို့ ကျွန်တော် သတ္တိ
မရှိပါဘူး။စာများသွားလို့ မရှင်းရင်
နှစ်ခေါက်လောက် ပြန်ဖတ်ကြည့်
အဆင်ပြေသွားမယ် ထင်တာပဲ။

ဒါ့ကြောင့် ကရစ်သျှဏ ဘုရားမြတ်ရဲ့
လက်ဆောင်စကားကို မြတ်ဗုဒ္ဓရဲ့
ဓမ္မ နဲ့ အနှစ်ချုပ်ရရင်တော့ လက်သီးလို
လူမဖြစ်စေဘဲ လက်ဖဝါးလို လူဖြစ်အောင်
ကြိုးစားသင့်တယ်။

ဒါ့အပြင် မြတ်သော အကျင့် အကြံတို့ရဲ့
နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ မဂ်- ဖိုလ်-
နိဗ္ဗာန် ရကြလို့ လက်ဖဝါးလို လူအဖြစ်ကပါ 
လွတ်မြောက်အောင် ကြိုးစားနိုင်ကြပါစေလို့
ဆန္ဒပြု ရင်း  …
…………………………………………………
……………………………………………………

                             မောင်သုခ
                            ( 29 - Sep  - 2019)

No comments:

Post a Comment