" စကားတစ်ခွန်း
နားလည်မှု လွဲလျှင် …??? "
________
မောင်သုခ
__________
A word is not a bird.
once flown you can never
catch it . (Russian)
စကားလုံးတစ်လုံးသည် ငှက်တစ်ကောင်
မဟုတ်ပါ။တစ်ခါ ပျံသန်းသွားပြီဆိုလျှင်
သင်ဘယ်သောအခါမှ ဖမ်းမိနိုင်မည်
မဟုတ်တော့ပါ။ (ရုရှား စကားပုံ )
(၁)
မြန်မာစကား မြန်မာ
နားလည်ပါသလားဟု အမေးရှိလာလျှင်
ပြန်လည် ဖြေကြားဖို့ အတော်ပင်
ခက်လှပေမည်။
ယခု ရည်ညွှန်းသော မြန်မာ
ဆိုသည့် စကားရပ် မှာ မြန်မာပြည်တွင်း
နေထိုင် ရှင်သန်ကြသော (တရုတ် -
ကုလား - ဟိန္ဒူ - ဂေါ်ရခါး နှင့်
တကွ တိုင်းရင်းသား အားလုံးကို )
ရည်ညွှန်းသောကြောင့် မြန်မာထဲ
ငါမပါဟု စောဒက တက်ဖွယ်မရှိဟု
မြင်မိသည်။ ဆက်ပါအံ့ ။
(၂)
" စကားတစ်ခွန်း အထင်မှားလျှင် "
အမှန်အားတော့ဖြင့် ကျွန်တော်တို့
လူမှု ဆက်ဆံရေးတွင် မြန်မာစကား
မြန်မာနားမလည်၍ စကားတစ်ခွန်း
အပေါ် နားလည်မှု လွဲမှားကာ
အကျိုးနည်းရသော အဖြစ်တို့သည်
အတိတ်တွင် များစွာ ရှိခဲ့ဖူးသလို
နောင်လည်း ရှိလာကြဦးမှာ မြေကြီး
လက်ခတ် မလွဲ။
မိတ်ဆွေချင်း l မိသားစုချင်း l
စီးပွါးဖက်ချင်း ရိုးရိုးသားသား ပြောဆို
ကြသော စကားတစ်ခွန်းအား နားလည်မှု
လွဲမှားကာ ဆက်ဆံရေးများ ပျက်ပြား
သွားကြသည်ကိုလည်း ကြုံရ
တတ်ပေမည်။
(၂)
" စကားတစ်ခွန်းကြောင့် ပြည်ပျက် "
ရာဇဝင်လာ သတိပြု ဆင်ခြင်ဖွယ်
တစ်ခုမှာ " ငါ့ စကော " ဟူသော
စကားလေး တစ်ခွန်းအား အချင်းချင်း
နားလည်မှု လွဲမှားခဲ့သောကြောင့်
သရေခေတ္တရာ တိုင်းပြည်ကြီး
ပျက်စီးခဲ့ဖူးလေ၏။
ဤသည်မှာ စကားလေးတစ်ခွန်း
အပေါ် အထင် အမြင် မှားယွင်းလျှင်
လူလူချင်း ဆက်ဆံ ရေး ပျက်သည်ကို
မဆိုထားနှင့် တိုင်းပြည်ပါ ပျက်တတ်
လေကြောင်း သတိပေးနေသလိုပင်
ဖြစ်တော့၏။
သရေခေတ္တရာပြည်ကြီး၏
နောက်ဆုံး မင်းဆက် "သုပညာမင်း"
လက်ထက်တွင် အမျိုးသမီးတစ်ယောက်
ဆန်ပြာနေတုန်း လေပွေဝှေ့တိုက်လေရာ
လက်ထဲကိုင်ထားသော စကော ခမျာ
လေထဲသို့ လွင့်တက်၍ ပါသွား
လေတော့၏။
(၃)
" ငါ့ စကော မှ စစ်တပ် တစ်တပ်
အသွင်ပြောင်းသွားသော စကားတစ်ခွန်း "
ဆန်ပြာသော အမျိုးသမီးလည်း
လေပွေနောက် လွင့်ပါသွားသော
စကောနောက် ကယောင်ကတမ်း
လိုက်ရင်း ငါ့စကော ငါ့စကော ဟူ၍
အော်ကာ စကောကို ပြန်ရရန် ပြေးလိုက်
သွားလေသည်။
ငါ့စကော ငါ့စကော ဆိုသည့်
စကားအား ပတ်ဝန်းကျင်တစ်လျှောက်
လူအများ နားလည်မှု လွဲသည်မှာတော့
" ငစကော စစ်တပ်ကြီး ချီလာပြီ "ဟူ၍
ထင်မှတ် မှားကြလေတော့၏။
(၄)
" ငစကော စစ်တပ်ကြီး ချီလာပြီ "
ဆိုသည့် သတင်းစကား အမှားသည်
တစ်စ တစ်စ နှင့် တိုင်းပြည်အနှံ့ သတင်း
ပျံ့လေသည်။
များမကြာမီတွင်ပင် သုပညာမင်း
လည်း နတ်ရွာစံသွားသလို သရေခေတ္တရာ
ပြည်လည်း ပျက်တော့၏။
(၅)
" မဖြစ်သင့် မဖြစ်ထိုက် "
အလားတူပင် လူတို့ကြားတွင်လည်း
အမှိုက်ကစ ပြသာဒ် မီးလောင်
ဆိုသကဲ့သို့ စကားလေးတစ်ခွန်းအပေါ်
အထင် အမြင် မှားကြသည့်အတွက်
ချစ်စတိုကာ မုန်းစရှည်လျား သွားစေ
ခဲ့ကြသော အကြောင်းကိစ္စတွေလည်း
မနည်းမနော။
လူအချင်းချင်း ဆက်ဆံရေးတွင်
စကားတစ်ခွန်းအပေါ် နားလည်မှု
လွဲမှားကာ ဆက်ဆံရေး ပျက်ပြားရခြင်းသည်
တကယ်တော့ဖြင့် မဖြစ်သင့် မဖြစ်ထိုက်
သော ကိစ္စတစ်ခုပင်ဖြစ်သည်။
(၆)
ဤသို့သော အကြောင်းကိစ္စ
များသည် …
(a)
အချင်းချင်း ပွင့်ပွင့်လင်းလင်း
မေးမြန်း စုံစမ်းမှု မရှိသူများ …
(b)
တစ်ဖတ်သတ် ကောက်ချက်
ဆွဲ၍ မြင်တတ်သူများ …
(c)
စဉ်းစား ဆင်ခြင် သုံးသပ်မှု
အားမထုတ်သူများ …
အစရှိသည့် လူများကြားတွင်
ပို၍ ဖြစ်ပေါ် တတ်စေ၏။
(၇)
" ရာမာ ခရစ်ရှနားရဲ့ ပုံပြင် "
စကားတစ်ခွန်း နားလည်မှုလွဲတာနဲ့
ပတ်သက်ပြီး ရာမာခရစ်ရှနားရဲ့ ပုံပြင်
တစ်ပုဒ်ကို အလျင်းသင့်တုန်း
မျှဝေပါရစေ။
တောတစ်ခုမှာ တပည့်တွေကို
ပညာ သင်ကြားရင်း သီတင်းသုံးနေတဲ့
သူတော်ကောင်းတစ်ယောက်
ရှိတယ်။
တောတွင်းနေထိုင်ကြတဲ့အခါ
တပည့်ဖြစ်သူတွေ အဖို့ တိရစ္ဆာန်တွေကို
သတ်ဖြတ် မညှင်းဆဲရလေအောင် …
" တပည့်တို့ လောကတွင်
သတ္တဝါဟူသမျှ ဘုရားသခင်က ဖန်ဆင်း
ထားသည် ဖြစ်သောကြောင့် တစ်နည်း
အားဖြင့် ဆိုရသော် ဘုရား၏ ရုပ်ပွါးတော်
များသာ ဖြစ်ကြသည်။
ထို့ကြောင့် သတ္တဝါများကို
ကိုင်းညွှတ်သော စိတ်ဖြင့် ရိုသေရမည်။
ကြင်နာရမည်လို့ " ဆုံးမလေ၏။
(၈)
ဒါကို အကျအန မှတ်ထားတဲ့
တပည့် တစ်ယောက်ဟာ မီးပူဇော်ဖို့အတွက်
ထင်းရှာဖို့ အပေါင်းအဖော်တွေနဲ့
တောထဲအသွား …
" ဖယ်ကြ ။ ရှောင်ကြ ။ ဆင်ဆိုးလာတယ် ။
ဆင်ရိုင်းလာတယ် ။ " လို့ သတိပေးအော်သံ
ကြား ရ လေရဲ့။
အပေါင်းအဖော်တွေဟာ သေဘေးကို
ကြောက်တာမို့ ဘေးလွတ်ရာကို အသည်း
အသန် ရှောင်ကြပေမယ့် ဒီကိုယ်တော်ကတော့
မရှောင်ဘဲ ဆင်ကြီးကို စူးစိုက် ကြည့်ကာ
" ဒါဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့
သတ္တဝါဖြစ်သလို ဘုရားရှင်ရဲ့ ရုပ်ပွါး
တော်လည်း ဖြစ်တယ်လို့ " တွေးပြီး
ကမူးရှူးထိုး ပြေးလာတဲ့ ဆင်ကြီးကို
ဦးညွှတ်ကာ ဘုရားဂုဏ်တော်တွေကို
တခမ်းတနား ကျူးရင့်တော့တယ်။
(၉)
ဆင်ဦးစီးက ဒီအူကြောင်ကြားငနဲကို
ကြောင်တောင်တောင် အမူအယာရဲ့ တွေ့ရ မြင်ရ
တဲ့အခါ " ဟေ့ လူ … ဖယ်ပေး… ရှောင်ပေး …
မြန်မြန်ပြေး " ဆိုပြီး အသံကုန်အော်ဟစ်ရဲ့။
ကိုယ်တော်ကတော့ နေရာက
မရွေ့ ဆင်ကြီးကို ဦးညွှတ်ပြီး ဂုဏ်တော်တွေကို
အသံကျယ်ကျယ် ရွတ်မြဲ ရွတ်နေတုန်းပဲ။
ဆင်လည်း အနားရောက်တော့ ဆွေ့ကနဲဆို
နှာမောင်းနဲ့ ပတ်ပြီး ဘေးကိုပစ်ထည့်လိုက်တာ
ဒဏ်ရာအပြင်းအထန် ရပြီးသကာလ သတိရလာဖို့ကို
အတော်လေး ကုမ နှာနှပ် ပြန်ယူရလေရဲ့။
(၉)
" မင်းကွာ …
မသေကောင်း မပျောက်ကောင်း
ဆင်လာတာသိလျက်နဲ့ ဘာ့ကြောင့်
မရှောင်တာလဲ " လို့ အတူပါလာတဲ့
အဖော်တစ်ယောက်က ကရုဏာ
ဒေါသနဲ့ အပြစ်တင်တော့…
ဆင် အပစ်ခံရတဲ့
ကိုယ်တော်လည်း နာနာကျင်ကျင်
မသက်မသာ ရှုံ့တွပြီး…
" ဆရာက သတ္တဝါတိုင်း
ဘုရားသခင်က ဖန်ဆင်းထားတဲ့ ဘုရား
ရုပ်ပွါးတော်တွေပဲလို့ ဆုံးမထားတယ်
မဟုတ်လား... ဒါ့ကြောင့် ငါလည်း ဆင်ကို
ဘုရားထင်ပြီး မပြေးဘဲ နေတာပေါ့ " လို့
ပြန်ဖြေသတဲ့။
(၁၀)
ဒီအကြောင်းကို ဆရာဖြစ်သူ
ပြန်ကြားတဲ့အခါ တပည့်ကို
ဆုံးမတာက …
" အေး … အရာရာဟာ
ဘုရားသခင်ချည်းပဲလို့ မင်းမှတ်ထားရင်
ဖယ်ပေး… ရှောင်ပေး … ထွက်ပြေး … လို့
လူစကားနဲ့ တစာစာအော်နေတဲ့
ဆင်ဦးစီးကိုလည်း ဘုရားရဲ့ ရုပ်ပွါးတော်လို့
သတ်မှတ်ပြီး သူ့စကားကို နားထောင်ဖို့
မကောင်းဘူးလား …
လူလိုတွေးပြီး လူစကားပြောတဲ့
ဆင်ဦးစီးကြတော့ ဘုရားရဲ့ ရုပ်ပွါးတော်လို့
မတွေးဘဲ စိတ်ရူးပေါက်ပြီး ကဆုန်စိုင်း
ပြေးလာတဲ့ မုန်ယိုနေတဲ့ ဆင်ကိုမှ
အဆင်အခြင်မဲ့ ပြီး ဘုရားရုပ်ပွါးတော်
သတ်မှတ်လို့ တရိုတသေ ဦးညွှတ်
ဂုဏ်တော်တွေ ရွတ်နေမှတော့
မသေတာ ကံကောင်းပေါ့ …
ငါ့ တပည့်ရယ် …"လို့ ပြောဆို
ဆုံးမလေရဲ့ ။
ဒီပုံပြင်လေးမှာ ဖော်ပြနေတာက
ဆရာသမား ဆိုဆုံးမတဲ့ စကားတစ်ခွန်း
အပေါ် နားလည်မှု လွဲမှားလို့ မသေကောင်း
မပျောက်ကောင်း ဖြစ်ရတဲ့ တပည့်
အကြောင်းပါ။
(၁၁)
ကျွန်တော်တို့ ရော။
စကားတစ်ခွန်းအပေါ် နားလည်မှု
လွဲမှားပြီး တစ်စုံ တစ်ဦးအပေါ် စိတ်ဆိုး
ဒေါသထွက်တာတွေ ကြုံခဲ့ကြဖူးလား…???
ကိုယ်နားလည်မှု လွဲမှားတဲ့
အတွက်ရော အပြစ်မရှိဘဲ စိတ်ဆိုး
ဒေါသ ထွက်မိတဲ့ သူအပေါ် ဝန်ချ
တောင်းပန်တာမျိုးတွေ
ပြုခဲ့ဖူးသလား…???
ကိုယ်တိုင်ရော ရိုးရိုးသားသား
ပြောလိုက်တဲ့ စကားလေးတစ်ခွန်း
အပေါ် တစ်ခြားသူတွေရဲ့ အထင်အမြင်
လွဲမှားမှုကို ခံခဲ့ရဖူးသလား …???
ပြန်စဉ်းစား ကြည့်ကြလို့
စကားတစ်ခွန်း ကြောင့် နားလည်မှု
လွဲမှားတာတွေကို ဖြေလျှော့နိုင်ကြ
ပါစေကြောင်း အကြံပြုရင်း …
………………………………………………
…………………………………………………
မောင်သုခ
(3- Sep - 2019)
Harrah's Cherokee Casino and Hotel - Mapyro
ReplyDeleteHarrah's Cherokee Casino and 경주 출장안마 Hotel This casino 안양 출장샵 and hotel is located in Murphy, North Carolina. 제주 출장샵 Harrah's Cherokee Casino and Hotel is 삼척 출장마사지 a 4-star 여주 출장샵