▇ " သမိုင်းတွင်တဲ့ စွပ်စွဲ
ပြစ်တင်မှုများ …??? " ▇
_________
မောင်သုခ
▒▒▒▒▒▒▒▒▒▒
The sword wounds the body.,
but words wound the soul. (Arab)
ဓါးရှည်က ခန္ဓာကိုယ်ကို ဒဏ်ရာ
ရစေသည်။သို့သော် စကားလုံးများကတော့
စိတ်ဝိဥာဉ်ကို ထိခိုက်ဒဏ်ရာ ရစေ၏။
(အာရပ်စကားပုံ)
--------------------------------------
(၁)
ကျွန်တော်တို့ လူတွေဟာ
နေ့စဉ် လူမှု ဆက်ဆံရေး အရရော…
အကြောင်းကြောင်း ကြောင့်ရော …
စကား မပြောဘဲ နေဖို့ဆိုတာဟာ
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကိုယ်ချင်းစာ မိကြမှာပါ။
ကိုယ်ချစ်ခင်တဲ့ သူတွေကို စကား
လုံးဝ သွားမပြောဘဲ နေဖို့ ဆိုရင်
ပိုလို့တောင်မှ မလွယ်ကူဘူး
မြင်မိတယ်။အတော်ခက်ခဲ
တာပါပဲ။
(၂)
ဒါပေမယ့် တရုတ်စကားပုံ
တစ်ခုကတော့ ရှင်းတယ်။
" ဒုက္ခရောက်ခြင်းတွေကို သော့ခတ်ထား
လိုလျှင် သင့်ပါးစပ်ကို ပိတ်ထားပါ " လို့
ဆိုတယ်။
သူဆိုလိုတာက ဒုက္ခ မရောက်ချင်ရင်
ပါးစပ်ပိတ်ထားပါလို့ ဆိုတာပါပဲ။
တကယ် လက်တွေ့ကျကျ
သုံးသပ်ကြည့်ရင် ဒီစကားပုံဟာ
သွေးထွက်အောင်မှန်တဲ့အပိုင်းတွေ
ရှိတာတွေ့ရ မြင်ရ တတ်ရဲ့။
မြင်မိတာကတော့ ဘဝမှာ
ကျွန်တော်တို့ ပါးစပ်တွေကို တကယ်
ပိတ်ထား သင့်တဲ့ အချိန်အခါတွေကလည်း
များစွာ ရှိနေပါတယ်။
အဲဒီ့ထဲကမှ
အပြစ်မရှိတဲ့သူ တစ်ဦးဦးအပေါ် စွပ်စွဲ
ပြစ်တင်မယ့် စကားမျိုးဆို ပိုပြီး မပြောသင့်l
မဆိုသင့်ဘဲ ပါးစပ်ပိတ်ထားသင့်တာမျိုး
သွားတွေ့ရတယ်။
(၃)
" အသက်တစ်ရာမနေ အမှု
တစ်ရာ ပွေ "
------------------------
" အသက်တစ်ရာ မနေရ
အမှု တစ်ရာ ကြုံရ " ဆိုတဲ့စကား
ကြားဖူးမှာပေါ့။ တစ်ကယ်တော့ လူ့ဘဝဟာ
ပျော်စရာတွေနဲ့ချည်း ကြုံကြိုက် ကြရတာတော့
မဟုတ်ပါဘူးလေ။
ကိုယ့်မှာ ဘာအပြစ်မှ မရှိပါဘဲ
အပြစ်တင်ခံရတာ စွပ်စွဲခံရတာမျိုးတွေလည်း
ကြုံရတတ်တာပါပဲ။
သာမာန်လူသားတွေ မဆိုနဲ့ဦး ။
သုံးလောက ထွဋ်ထား ဘုရားရှင်တောင်
ဒီလိုမျိုး ပြစ်တင် စွပ်စွဲခံရတာမျိုး ကြုံဖူး
ရှိခဲ့ ဖူးရဲ့။
(၄)
" စွပ်စွဲ ပြစ်တင်ခံရတဲ့ ဘုရားရှင် "
-------------------------------
ပထမဆုံး အနေနဲ့ အစွပ်စွဲ ခံရသူတွေထဲ
ကြည့်လိုက်မယ်ဆိုရင်ဘုရားရှင်တောင်
မလွတ်ကင်းခဲ့တာ တွေ့ရတယ်။ဒီအကြောင်း
အရာက ဗုဒ္ဓဘာသာဝင် အများစု လက်ခံထား
ကြတဲ့ ဝိပါတ်တော် (၁၂) ပါး မှာပါဝင်တယ်။
အကျဉ်းချုပ်ဖော်ပြရရင် ……
ဘုရားရှင် လက်ထက်က
စိဉ္စမာဏ မည်တဲ့ အမျိုးသမီးငယ်တစ်ဦး
ရှိပါတယ်။သူမဟာ အကြံ ပက်စက်ပြီး
ယုတ်မာလွန်းတဲ့ တိတ္တိ ဆရာကြီးတွေရဲ့
စေခိုင်းမှုကြောင့် ညနေပိုင်းဆို ဘုရားရှင်ရှိရာ
ကျောင်းထဲ ဝင်သွားပြီး မနက်စောစော လူအများ
ကျောင်းကို လာတော့မှ မြင်သာအောင် ဘုရားရှင်
ရှိရာ ကျောင်းကနေ ပြန်ထွက်တယ်။
ဒီလိုနဲ့ပဲ လူတွေကို ထင်ယောင်ထင်မှား
ဖြစ်အောင် နေထိုင်ပြီး အချိန်ကြာလာတဲ့အခါ
ဘုရားရှင်နဲ့ ကိုယ်ဝန်ရတဲ့ ပုံစံဖန်တီးဖို့သူ့
ဝမ်းဗိုက်မှာ ပျဉ်ချပ်တွေကို ချည်တယ်။
ပြီးတော့ တရားဟောနေတဲ့ ဘုရား ကို
တရားနာပရိတ်သတ် လူလယ်ခေါင်ကြား
ဗိုက်အတုနဲ့ ပြစ်တင် စွပ်စွဲတော့တာပါပဲ။
(၅)
" စိဉ္စမာဏ အလိမ်ပေါ် "
-------------------------------
စိဉ္စမာဏဟာ ဘုရားရှင်ကို လူလယ်ခေါင်မှာ
အားရပါးရ စွပ်စွဲ ပြစ်တင်နေတုန်း ကိုယ်ဝန်
အတု ပျဉ်ချပ်တွေဟာ ချည်ထား နှောင်ထားတာ
မသေသပ်လို့ ထင်ပါရဲ့။ ပျဉ်ချပ်တွေ အောက်
ပြုတ်ကျပြီး စိဉ္စမာဏ လိမ်လည်ထားတာဟာ
' လယ်ပြင်မှာ ဆင်သွားသလို ' ထင်ထင်ရှားရှား
ပေါ်သွားတော့တယ်။ (နတ်သားလေးယောက်
ကြွက်ယောင်ဖန်ဆင်းပြီး စိဉ္စမာဏရဲ့ ကိုယ်ဝန်
အတုကို ကိုက်ဖြတ်တယ်လို့လည်း ဆိုကြရဲ့။)
ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့ စကား
ကြားဖူးမှာပေါ့။ သူတော်ကောင်းတွေ မိဘတွေ
စော်ကားရင် မြေမြိုမယ်။ မိုးကြိုးပစ်မယ်
ဆိုတာလေ။
ဟုတ် မဟုတ်တော့ မသိပါဘူး။
စိဉ္စမာဏလည်း ဘုရားရှင် မျက်ကွယ်
ရောက်တာနဲ့ မြေမျို ခံရပြီး အဝီစိငရဲ
ရောက်တယ်လို့ ဆိုကြလေတယ်။
ဟုတ်ချင်လည်း ဟုတ်မှာပေါ့။
အဓိကပြောချင်တာကတော့ ဒီအကြောင်း
မဟုတ်ပါဘူး။ကျွန်တော်တို့လို သာမာန်
လူသားတွေ မဆိုထားနဲ့ ဦး။
ဘုရားရှင်လို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်
ခမျာတောင် စွပ်စွဲ ပြစ်တင် ခံခဲ့ရဖူးကြောင်း
သိစေလိုရင်းပါ။
(၆)
" စွပ်စွဲ ပြစ်တင် ခံရတဲ့ ကျန်စစ်သား "
----------------------------------------
အမြတ်ဆုံး ဘုရားရှင်ရဲ့ စွပ်စွဲပြစ်တင်
ခံရတာကို ဖော်ပြပြီးတဲ့အခါ သမိုင်းမှာ လူတွေကို
အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ဘုရင်တစ်ပါးရဲ့ စွပ်စွဲ
ပြစ်တင် ခံခဲ့ရပုံကို မျှဝေချင်ပါတယ်။
ဒီဘုရင်ကတော့ ကျန်စစ်သားပါ။
စောလူးမင်းဟာ ဥဿာမြို့စား ငရမန်နဲ့
ကြွေအန်ကစားရာကနေ အချင်းများတဲ့အခါ
ငရမန်ဟာ ပုဂံကို ပုန်ကန်တယ်။လောင်းကစား
ဝိုင်းကနေ စတဲ့ ပြဿ နာပါ။(မြန်မာ့ သမိုင်း
တစ်လျှောက် ပြန်ကြည့်လိုက်ရင် အလားတူ
အားရ စရာတွေ အများကြီးပဲ။ ထီးနန်းနေရာ
အတွက် အဖကို သားက သတ်။ မိန်းမအတွက်
အကိုကို ညီက သတ်နဲ့ ။သင်ခန်းစာ ယူစရာ l
အတုယူစရာ အပြည့်။)
ကျန်စစ်သားရဲ့ စွပ်စွဲပြစ်တင်ခံရပုံက
ဥဿာမြို့စား ငရမန် ပုဂံကို ပုန်ကန်ရာက
အခြေပြုလာတာပါ။
(၇)
" အကျဉ်းသား စောလူးမင်း "
---------------------------------
စစ်ဖြစ်တဲ့အခါ ငရမန် ရဲ့ စစ်ပရိယာယ်ကို
မဆင်မခြင် ညဘက်ကြီး ဇွတ်တိုးတဲ့ စောလူးမင်း
တစ်ယောက် တပ်ပျက်ပြီးနောက် အကျဉ်းသား
ဖြစ်ရှာတယ်။
ကျန်စစ်သားခမျာ ရန်သူ့စခန်းကို
စွန့်စွန့်စားစား ထိုးဖောက်ပြီး စောလူးမင်းကို
ကယ်တယ်။ပခုံးပေါ် ထမ်းတင်ပြီး ရန်သူတွေ
ကြားက ထွက်အပြေးမှာ စောလူးမင်း
တွေးတာက သူ့အဖေဖြစ်သူ အနော်ရထာ
မင်းတုန်းကလည်း ကျန်စစ်သားကို အပြစ်
ပေးဖူးသလို သူ့လက်ထက်မှာလည်း
အပြစ်ပေးဖူးတယ်။ ဒါ့ကြောင့် ကျန်စစ်သား
ဟာ ဟန်ဆောင် ကယ်သယောင်နဲ့ ငါ့ကို
သတ်မှာ သေချာပေါက်လို့ တွေးလေရဲ့။
(၈)
" ကယ်ဖို့လာတာကို
သတ်ဖို့ ဆို သတဲ့လား…??? "
-----------------------------
ဒါ့ကြောင့် စောလူးမင်းက ကျန်စစ်သား
အပေါ် စွပ်စွဲ ပြစ်တင်တာကတော့
" ကျန်စစ်သား ငါ့ကို သတ်ဖို့ ခိုးနေပြီ "
လို့ ငရမန်နဲ့ သူ့လူတွေကြားအောင်
ဟစ်အော်ပြီး ဆိုလေတယ်။
အသက်စွန့်ပြီး ကယ်တင်ပေမယ့်
မဟုတ်တမ်းတရား စွပ်စွဲပြစ်တင်ခံရတဲ့
ကျန်စစ်သားခမျာ ရန်သူတွေ ဝိုင်းလာတော့
စောလူးမင်းကို မခေါ်နိုင်တော့ဘဲ ကိုယ်လွတ်
ရုန်းပြေးရတော့ လေရဲ့။
ဒီအကြောင်းအရာကတော့
ကျွန်တော်တို့လို သာမာန်လူ မဆိုထားနဲ့။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ကျန်စစ်သား
လို လူမျိုးတောင် စေတနာ အစော်ကားခံရပြီး
စွပ်စွဲ ပြစ်တင်ခံခဲ့ရပုံကို ဖော်ပြနေပါတယ်။
(၉)
ကျွန်တော်တို့ ရော။
အပြစ်မရှိတဲ့ တစ်စုံ တစ်ဦးအပေါ်
စွပ်စွဲ ပြစ်တင်တာတွေ ပြုလုပ်
ခဲ့ကြဖူးလား…???
ကိုယ်နားလည်မှု လွဲမှား l
အမြင်မှားပြီး စွပ်စွဲ ပြစ်တင်မိ သူအပေါ်
ကိုရော ဝန်ချ တောင်းပန်တာမျိုးတွေ
ပြုခဲ့ဖူးသလား…???
ကိုယ်တိုင်ရော မှန်နေပါလျက်နဲ့
တစ်ခြားသူတွေရဲ့ စွပ်စွဲပြစ်တင်
မှုကို ခံခဲ့ရဖူးသလား …???
ပြန်စဉ်းစား ကြည့်ကြလို့
လူအချင်းချင်း အထင် အမြင်
မှားယွင်းမှုတွေနဲ့ စွပ်စွဲပြစ်တင်မှုတွေကို
ဖြေလျှော့နိုင်ကြ ပါစေကြောင်း
အကြံပြုရင်း ………………………
………………………………………………
…………………………………………………
မောင်သုခ
(12- Sep - 2019)
No comments:
Post a Comment