Tuesday, September 3, 2019

လူစကားပြောသော ငှက်များ


▇ "လူစကားပြောသော ငှက်များ " ▇

___________
မောင်သုခ
▒▒▒▒▒▒▒▒▒▒▒▒

(၁)

တကယ်တော့ လူစကားပြောတဲ့
ငှက်တို့ ဘာတို့ဆိုတာ သက္ကတဘာသာနဲ့
ရေးသားခဲ့လို့ ဟိုးရှေးရှေးတုန်းက
အသိပေး ဆုံးမ နီတိ ပုံပြင်တွေ ဖြစ်တဲ့
ပဉ္စတန္တရ l ဟိတောပဒေသတို့ အပြင်
ငါးရာ့ငါးဆယ် နိပါတ်တော်တို့
မှာသာ ကြားဖူးကြမှာပါ။

အခုပြောချင်တာက လူစကားပြောသော
စာကလေးငှက်တွေ အကြောင်းပါ။ငှက်က
တကယ်ရော လူလိုတွေးပြီး လူစကားပြော
တတ်သလားလို့  ကျွန်တော့်ကို  တစ်ယောက်
ယောက်က မေးလာရင် သူစကားပြောချင်တဲ့
အခါ ပြောချင်ရင်လည်းပြောမှာပေါ့လို့
ပြန်ဖြေမိမယ်။

(၂)

ခင်များတို့နဲ့တော့ မပြောတတ်ဘူး။
စာကလေးငှက်တွေဆိုတာ ကျွန်တော်နဲ့
သိပ်ကို ရင်းနှီးတဲ့ သတ္တဝါလေးတွေပါ။

မနက်မိုးလင်းတာနဲ့ ကျွန်တော့်အိမ်ရှေ့က
သစ်သားစင် သေးသေးလေး တစ်ဝိုက်မှာ
ဆူညံပွက်လောရိုက်နေတဲ့ ငှက်ကလေးတွေ
အသံကို ကြားရမြဲ။ အဲ တစ်ခါတစ်လေ ကျွန်တော်
အိပ်ရာထများ နောက်ကျပြီဆိုရင် အိမ်ရှေ့
တံခါးပေါက်ဝ စလို့ အိမ်ခေါင်မိုးပေါ် အဆုံး
ဒီကောင်တွေ တစ်အုပ်လုံးနီးပါး ဆူဆူညံညံ
အသံပေးပြီး လာနှိုးတတ်ကြသေးရဲ့ ။

(၃)

စာကလေးတွေနဲ့ ကျွန်တော် အတော်လေး
ရင်းနှီးလာတဲ့အခါ သူတို့ဟာ ကျွန်တော့်ကို
မြင်ရင် မကြောက်ကြတော့ဘူး။ သူတို့စားဖို့
ဆန် ပုံပေးနေတုန်း အခါတောင် အနားနား
ကပ်လာတာမျိုး တွေ့ရတယ်။

သူတို့ကို အန္တရာယ် မပြုတဲ့သူလို့ ယုံကြည်သွား
ကြတာလည်း ဖြစ်ပါလိမ့်မယ်။

ဒီအကြောင်းတွေ ပြောပြနေတော့
ခင်များတို့ အမြင်မှာ ဒီလူတော့ ငှက်ကလေး
တွေကို အစာနဲ့ မြူဆွယ်ပြီး သူ့အနား ငှက်တွေ
အုံလာတော့မှ ငှက်စာ ရောင်းစားဖို့

အဲသလိုလည်း မဟုတ်ပါဘူးလေ။
ငှက် ကလေးတွေ မြင်ရတွေ့ရတာကို
ကျွန်တော်က သဘောကျရုံ
သက်သက်ပါ။

(၄)

ဒီလိုနဲ့ စာကလေးတွေအစာကျွေး သူတို့နဲ့
ပလူးပလဲ နေရင်း ထိုင်ရင်း တစ်ရက်တော့
ခြေတစ်ဖက်ပြတ်နေတဲ့ စာကလေးတစ်ကောင်ကို
ထူးထူးခြားခြား တွေ့ရတယ်။

သူ့ခမျာ တစ်ချောင်းတည်းရှိတဲ့
ခြေထောက်ကို အားပြုရင်း အစာ စားရတာ
အတော်တော့  ဂွတီးဂွကျ ဖြစ်နေပုံပါပဲ။
လူဆိုရင်တော့ ဂျိုင်းထောက် ဝှီးချဲ
ဘာညာနဲ့ သူ့ဟာသူ တစ်မျိုးတစ်မည်
အဆင်ပြေ သေးတာပေါ့။

ငှက်ခြေ တစ်ဖက် ပြတ်တဲ့ဘဝကြတော့
တယ်ဆိုးတာ မဟုတ်လားဗျာ ။သူ့ခမျာ အစာကို
စားနေတုန်း တစ်ခြား ငှက်တွေရဲ့ ဆိတ်တာ
ထိုးတာ တွန်းတာ  ရန်လုပ်တာလည်း
အတော့်ကို ခံရတာတွေ့ရတယ်။
ဒီမှာ သတိထားမိတာက လူတွေကြား
မှာတင် မပြောနဲ့ တိရစ္ဆာန်တွေမှာလည်း
ကြီးနိုင် ငယ်ညှဉ်း သဘောတွေ ရှိတာ
သွားတွေ့ရတယ် ဆိုတာပဲ။

ကျွန်တော်လည်း မြင်ရင်တော့
ငှက်တွေ ရန်ဖြစ်တဲ့ကြား ဝင်ဖျန်ဖြေတာမျိုး
လုပ်ပါသေးတယ်။ ဒီကောင်တွေက
အကောင်သာသေးတာ ဒေါသကတော့
တယ်ကြီးတာလား ။

ငှက်တွေဆိုလို့  …
ဟိုငှက်ပါတီဝင်တွေကို စောင်းပြောတယ်
ထင်မှာလည်း ကြောက်ရသေး။ အဲဒီ့ငှက်တွေက
အုပ်တောင့်တယ်ဗျ။ ပြီးတော့ အဆိတ်လည်း
သန်တယ်။ကျွန်တော်ပြောတဲ့ ရန်ဖြစ်တဲ့
ငှက်တွေဆိုတာက စာကလေး ငှက်တွေကို
ပြောတာပါ။ဟိုငှက်အုပ်စုကို ပြောတာ
မဟုတ်ရေးချ မဟုတ်။

(၅)

တစ်နေ့မှာတော့ မနက်တိုင်း ကျွန်တော်
တွေ့နေ မြင်နေကြ ခြေတစ်ဖက်ပြတ်နေတဲ့
စာကလေးငှက်ကို မတွေ့ရဘူး။ အတော့်ကို
ထူးဆန်းတာ မဟုတ်လား။ သူတစ်ခုခုများ
ဖြစ်နေမလား တွေးမိလေရဲ့။

ဒီလိုနဲ့ တစ်ရက်ကနေ နှစ်ရက် …
နှစ်ရက်ကနေ သုံးရက်သာ
ကြာသွားတယ်။

ဒီ ခြေတစ်ဖက်မရှိတဲ့ ငှက်ကလေး
အရိပ် အယောင် ပေါ်မလာဘူး။

ကျွန်တော်လည်း နေမထိ ထိုင်မသာဖြစ်လာရင်း
စိတ်ပူမိလာတယ်။ဒီငှက်က ခြေတစ်ဖက်လည်း
ရှိတာမဟုတ်ဘူး။ အဖမ်းခံရပြီး ရောင်းမယ့်ထဲ
ပါသွားရင်တော့ တစ်ခြားငှက်တွေ သူ့ကို
ဝိုင်းဆိတ်တာနဲ့ သေလောက်တယ်။
ဘာများ လုပ်ရမလဲ။

(၆)

ဒါမှမဟုတ် ဒီငှက်ကလေး လေးဂွစာ
သေနတ်စာများ မိသွားပြီလား။ကြောင်
တွေဘာတွေများ အခုတ်ခံ ထိသွား
ပလား။

အဖမ်းခံရတာဆိုရင်တော့ ကျွန်တော်တို့နားက
ရေလည်ကျောက်တန်းဘုရားမှာ ငှက်ရောင်းတဲ့
ဈေးသည်လေးတွေရှိတယ်။အဲဒီ့မှာ များလား။

တွေးမိမိချင်းပဲ ကျောက်တန်း ရေလည်ဘုရားကို
ထွက်ခဲ့တယ်။ ဘုရားနားရောက်တော့ ကလေးငယ်
လသား အရွယ်ချီထားတဲ့ ထမီပြဲစုတ်စုတ်နဲ့
မိန်းမ တစ်ယောက် ငှက်လှောင်အိမ် ရှေ့ချထားပြီး
နှပ်ချေးကို ဗြိ ခနဲ… ကြွိ ခနဲ  …ညှစ်ရင်း ညှစ်ရင်း…
ဘေးဘီဝဲယာကို လက်နဲ့ လှမ်း လှမ်း ပစ်လို့
စူပုတ်ပုတ် ခပ်တည်တည်နဲ့  ငှက်ရောင်းနေတာကို
တွေ့ရလေရဲ့။သူ့ကြည့်ရတာ ငှက်ရောင်း
နေတဲ့ပုံ မပေါက်ဘဲ ဗိုလ်ချုပ်ဈေး စိန်ဆိုင်က
စိန်သူဋ္ဌေးမကြီး ဟန်ပန်မျိုး ဖြစ်နေတာတော့
အံသြစရာ။

ခက်တာက သူ့အနား
မရောက်ခင်ကတည်းက ကလေးပေါက်
ထားတဲ့ သေးနံ့လား ငှက်ချေးနံ့လား သူ့ကိုယ်က
ထွက်တဲ့ အနံ့လားတောင် မကွဲပြားတဲ့ ဆိုးရွားတဲ့
အနံ့ အသက်တွေကြောင့် ထွက်ပြေးမိ
ချင်စိတ်တောင် ဖြစ်မိတယ်။တကယ့်ကို
ရွံစရာ ပါ။

(၇)

ငှက်လှောင်အိမ်ထဲ မှာ စာကလေးငှက်တွေ
ချည်းပါပဲ။ အများစုကတော့ ထမီစွန်တောင်ဆွဲနေတဲ့
ဈေးသည် ကလေးအမေ ရုပ်လိုပဲ မှုန်ကုပ်ကုပ်နဲ့
ဖြစ်နေတာ တွေ့ရတယ်။ တစ်ချို့ဆို မှိုင်တွေနေပြီး
အစာပြတ် ရေငတ်တာ ကြာလို့ သေချင်စော်နံနေတဲ့
ရုပ်ကလေးတွေ တန်းစီထွက်နေတော့တယ်။
မျက်လုံးလေးတွေ ပေကလပ် ပေကလပ်နဲ့
တကယ့်ကို သနားစရာ။

ကျွန်တော့်ရဲ့ ဇာတ်လိုက်ကျော် ဒုက္ခိတ
ခြေပြတ်လေးကို သေချာရှာနေရင်းက လှောင်အိမ်ထဲက
ငှက်တွေ မြင်နေရတာလည်း အတော့်ကို စိတ်ဆင်းရဲ
မိလေရဲ့။

(၈)

ဟော တွေ့ပါပြီ …

တိုက်တိုက်ဆိုင်ဆိုင်  …

ဒုက္ခိတ ခြေတစ်ဖက်ပြတ် စာကလေးငှက်။

ကြည့်ရတာ တိုက်ပွဲကတော့ အတော်ပြင်းထန်
ခဲ့ပုံပဲ။ ငှက်တွေ အချင်းချင်း သတ်ရင် ဖွတ်ချင်း
ကိုက်တာတောင် ခြေဖျားမမှီဘူးလို့ ကြားဖူးတယ်။
အဲ ခြင်္သေ့ချင်းကိုက်တာတောင် ခြေဖျား
မမှီဘူးထင်ပါရဲ့။

တကယ်ပဲလား မပြောတတ်။ ခြေတစ်ဖက်ပြတ်နေတဲ့
ကျွန်တော့်ရဲ့ ဇာတ်လိုက်ကျော် စာကလေးငှက်ခမျာ
ခေါင်းမှာလည်း အဆိတ်ခံထားရတဲ့ ဒဏ်ရာ
ဗရပွနဲ့။သွေးစ သွေးန အချို့နဲ့။ ရုပ်ကလည်း ခမျာ
မှုန်တိမှုန်ကုပ် နံရိုးအပြိုင်းပြိုင်း နဲ့ သေခါနီး
ရုပ်ဖြစ်နေ တော့လေရဲ့။

(၉)

မျက်စိ မှေးစင်းပြီး မှုန်ကုန်နေတဲ့
သကောင့်သားကို သံဇကာကွက် ဘေးကနေ
လက်ညှိုးနဲ့ လှမ်းတောက်တော့ မော့ပြီး သေချာ
ပြန်ကြည့်လေရဲ့။ ပြီးတော့ တစ်ဆက်တည်း
ငှက်ကနေ လူစကား ထပြောတာက …

" ဟား… ဟေ့လူကြီး ဘယ်ကို လာတာလဲ …???
  လုပ်ပါဦး … ကျုပ်ကို ကယ်ပါဦး … ဒီထဲကကောင်တွေ
  ဝိုင်း ချ ထားတာ သေလုမျောပါးပဲ။ "

ငှက်ကနေ လူစကားပြောတာကို စကြားတော့
ကျွန်တော်ထင်တာ စိတ်က ထင်မိထင်ရာဖြစ်မှာပါလို့
တွေးနေတုန်း သူ့ဘေးနားက ငှက်တစ်ကောင်က
" ဟာ ဒီကောင် ခြေတစ်ဖက်သာ မပါတာ
   အငြိမ်မနေဘူးဗျ။ အကျိုးဆော့ အကန်းမော့ဆိုတာ
   ခင်များ ကြားဘူးတယ် မဟုတ်လား …တစ်ကောင်တည်း
   နဲ့ ကမ္ဘာပျက်တာ ကြနေတာပဲ… အဲဒါကြောင့် ဝိုင်းဆိတ်
   ခံရတာ …လုပ်ဦးဗျာ … ကျွန်တော်တို့ကိုလည်း
  ကယ်ပါဦး … ထုတ်ပေးပါဦး … "

(၁၀)

ငှက်တစ်ကောင်ကလည်း စကား
ပြောပြန်ပါတယ်။

" ရှင်တို့ လူတွေ သိပ်ရက်စက်တယ်။
   ကျွန်မဟာ ကလေးအမေတစ်ယောက်ပါ။
   အသိုက်ထဲမှာ ငှက်ပေါက်စ နှစ်ကောင်ခမျာ
   အစာရှာကျွေးမယ့်သူ မရှိ l မိမရှိ ဖမရှိ ဘဝနဲ့
   ဘယ်လောက်တောင် ဒုက္ခရောက်နေရှာမလဲ။
   တွေးကြည့်ပါဦး "

ပြောပြောဆိုဆို မျက်နှာ ညှိုးငယ်စွာနဲ့
တရှုံ့ရှုံ့ ဖြစ်နေလေရဲ့။ သူ့ဘေးနားမှာတော့
ငှက်အဖို ထင်ပါတယ်။ ဖေးမနှစ်သိမ့်နေတာ
တွေ့ရတယ်။

(၁၁)

ဟိုတစ်ပေါက် ဒီတစ်ပေါက်အသံတွေ
ဆူညံနေတဲ့ အချိန်မှာပဲ ဦးခေါင်းမွှေး နီနီနဲ့
ငှက်တစ်ကောင်က အသံကျယ်ကျယ်နဲ့
စကားထပြောတယ်။

" ဒီလူ ကြည့်ရတာ ပြောတော့ဘုရား
   လုပ်တော့ ကားယား လုပ်တတ်တဲ့
    ဗုဒ္ဓဘာသာဝင် နဲ့ တူပါတယ်ကွာ။
    အကူအညီ သွားတောင်းမနေပါနဲ့။
    ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။
    ပုံစံကိုက ကြောင်တောင်တောင်
    ဂေါက်တောက် တောက် ရယ် ။ "

ကျွန်တော်လည်း ဒေါသ ထောင်းခနဲ
ထသွားတယ်။ လူပါးဝတဲ့ ငှက်မွှေးနီ ။
ဘယ့်နှယ့် မဆီ မဆိုင် ဘာသာရေး
ပါလာတာလဲ။ ဒင်းက ဘယ်လောက်
သိလို့လဲ ။

ကျုပ် - နို့ နေစမ်းပါဦး ကို ငှက်မွှေးနီ။
          ဗုဒ္ဓဘာသာဝင်တွေက ဘာဖြစ်လို့လဲဗျ။
          တစ်ချက်လောက် ပြောပြပါဦး ။

(၁၂)

ငှက် - ထင်သားပဲဗျ။ ခင်များကို စတွေ့
        ကတည်းက အူကြောင်ကြောင် နဲ့
ဘာမှ သိမယ့်ပုံ မပေါ်ပါဘူး ထင်ထားတာ။
ကျုပ်ထင်တာ ကွက်တိပဲ။ ဒီလိုဗျ နားထောင်။

သတ္တဝါ အပေါင်းအပေါ်
ရုပ် နာမ် နှစ်ပါး ခန္ဓာ ငါးပါး အနေနဲ့ ရှုမြင်
သုံးသပ်ခဲ့တဲ့ ဗုဒ္ဓဝါဒဟာ မြန်မာပြည်မှာတော့
ယောကျာ်း မိန်းမ ခွဲခြားတဲ့  မဟာပုရိသဝါဒ
ဆိုးကြီးလို ဖြစ်နေတယ်။

အမျိုး သမီး
ရွှေသင်္ကန်း မကပ်ရ။ ဘုရားပေါ်
အမျိုးသမီး မတက်ရ ဆိုတာတွေနဲ့အတူ
သုံးလောကထွဋ်ထား ဘုရားဟာ ခင်များ
တို့တွေနဲ့ တွေ့ကာမှ အထူးကို
မျက်နှာငယ်စရာပဲဗျ။

(၁၃)

ကျုပ် - ကိုငှက်မွှေးနီ ရေ။
         ဒါကတော့ မိရိုးဖလာဓလေ့ရိုးရာပါ။
          ဗုဒ္ဓ ဟောကြားတာတော့ မဟုတ်ပါဘူး။

ငှက် - မိရိုးဖလာ ဓလေ့ နဲ့ ဘုရားဟော
         ဘယ်ဟာ  အရေးကြီးသလဲ ဗျ …???
         ဘာကို လိုက်နာ ပြုမူသင့်လဲ …???
         ဘာကို အလေး ဂရုပြုရမလဲ …???
         ခင်များပဲ  ဖြေပေးစမ်းပါဦး။

         မိရိုးဖလာ ဓလေ့ကြောင့်
         ဘုရားဟောကို ဗြောင် ဆန့်ကျင်ရဲတဲ့
         လူတွေလောက် အောက်တန်း ကျတာ
         ကျုပ်တော့ မတွေ့ဖူးဘူးရယ်။

         ထားပါဦး ဒီတစ်ခု ။ နောက်တစ်ခု
         ဆက်ရအောင်။

(၁၄)

ငှက် -  အိန္ဒိယမှာ ပွင့်တော်မူခဲ့တဲ့
          ဗုဒ္ဓ ဘုရားရှင်ဟာ မြန်မာ့နည်း
မြန်မာ့ဟန် ပုံစံ ပြောင်းလဲ သွားပြီး သကာလ
တိုက်ပုံ ရင်ဖုံး တံဆိပ်ကပ် ခံလိုက်ရပြီး
ဘုရားပေါ်မြန်မာ့ယဉ်ကျေးမှု နဲ့ အညီ
ဝတ်ဆင်ပြီး တက်ကြဖို့ အတင်း
အဓမ္မ  ဖမ်းမလို ဆီးမလို အာဏာပြလို့
ဒေါသတကြီး စီရင်လုပ်ကိုင်မှုတွေကရော
ဘုရားဟောပဲလားဗျ။ ရှင်းပြပါဦး။

ကျုပ် - ဒါကတော့ ဒီလို ရှိပါတယ်
        ကိုငှက် ရေ။ ကျွန်တော်တို့ မြန်မာ့
ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုကို ထိန်းသိမ်း
တဲ့ သဘောပါပဲ။ဘုရားဟောတော့
မဟုတ်ပါဘူး။

(၁၅)

ငှက် - ထားပါဦး ဒီတစ်ခု ။ နောက်တစ်ခု
         ဆက်ရအောင်။

ဗုဒ္ဓ ဘာသာတွေရဲ့ အထင်ကရ
စေတီပုထိုးများ ပတ်ပတ်လည်မှာ
ဗုဒ္ဓဝါဒ နဲ့ ဆန့်ကျင်ဘက် ဂြိုလ်တိုင် နံတိုင်
တွေကို မျက်နှာပြောင်တိုက် ခပ်တည်တည်
ထားရှိကြပြီး  အုန်းပွဲ ငှက်ပျောပွဲ နဲ့
သစ်သီးစိမ်းတွေ ဘုရားကို
ကပ်လှူကြတာရော ဘုရားအလိုတော်
ကျ ပဲလားဗျ။ ပြောပါဦး။

ကျုပ် - ဒါကလည်း ဘုရားဟောတော့
         မဟုတ်ပါဘူး ကိုငှက်ရေ။
         မိရိုးဖလာအယူဝါဒတွေနဲ့
         ဘာသာဝင်တွေရဲ့ အလွဲ
         တစ်ချို့ပါ။

(၁၆)

ငှက် - ထားပါတော့ဗျာ ။ခင်များတို့
        လူတွေက စကားပြောရင် ဝေ့လည်
        ကြောင်ပတ်နဲ့။ဘုရားဟောတော့မဟုတ်
         ဆန့်ကျင်ဘက် လုပ်ချင်ရာလုပ်ကြတာတောင်
        ဆင်သားရေကို ဆိတ်သားရေနဲ့ ဖုံးချင်သေး။
        နောက်ဆုံး တစ်ခုဆက်ရအောင်။

သတ္တဝါတွေ အပေါ် ညှဉ်းဆဲ
နှိပ်စက်တာကို မလိုလား ခဲ့တဲ့
ဗုဒ္ဓဝါဒ သိလျက်နဲ့ စေတီ ဘုရားတွေ ရှေ့က
ငှက်လှောင်အိမ် နဲ့ ငှက်ရောင်းချသူကြား
လှောင်အိမ်ထဲ သေဆုံးလု ဆဲဆဲ
ကျုက်တို့ ငှက်တွေ ရဲ့ အခုလို
သေလု မျောပါး ဘဝတွေကရော
ဗုဒ္ဓ ဘုရားရှင် ဟောခဲ့တဲ့ တရားနဲ့
ကိုက်ညီရဲ့လားဗျ။

ကျုပ် - ဒါက စားဝတ်နေရေးအတွက်
         အလုပ်လုပ်ကြရတဲ့ သဘောပါ။
         အရာတိုင်းကို ဗုဒ္ဓဝါဒ ပေတံကြီး
        တကားကား နဲ့ လိုက်တိုင်းလို့
        မရပါဘူး ကိုငှက် ရေ။တစ်ကဏ္ဍ
        ဆီရယ်ပါ။

(၁၇)

ကျွန်တော်ပြောတဲ့ စကားအဆုံးမှာ
ဦးခေါင်းမွှေး နီကြောင်ကြောင် နဲ့
ငှက်ဟာ အသံကျယ်ကြီးနဲ့
ထ ရယ် ပါတော့တယ်။ တစ်ဆက်တည်း
ပြောတာက…

ငှက် -  နေရာတိုင်း ဗုဒ္ဓဝါဒ ပေတံကြီး
          တကားကား နဲ့ လိုက်ပြီး တိုင်းတတ်
          ထွာတတ်တဲ့  ဗုဒ္ဓဘာသာဝင်
          လူတစ်ယောက်က အရာတိုင်းကို
           ဗုဒ္ဓဝါဒ နဲ့ လိုက်တိုင်းလို့ မရဘူး
           ပြောတာကြားတော့ ရီချင်လို့ပါဗျာ။
           ဟား - ဟား  - ဟား ………………
           ……………………………………………

(၁၈)

ကျွန်တော်လည်း ငှက်တွေက
စကားပြောတာကို တအံ့တသြဖြစ်နေရင်း 
ဒီခေါင်းမွှေးနီကြောင်ကြောင် နဲ့ စကားကပ်သပ်
ပြောတတ်တဲ့ ဒီငှက်ကို စကားယှဉ်ပြော
မရမှန်း သိတာနဲ့ လိုရင်းအမြန် ရောက်ဖို့
ငှက်ရောင်းတဲ့ ဈေးသည်ဘက်
လှည့်ပါတော့တယ်။

ဈေးသည်ကလေးအမေကို
လှမ်းကြည့်တော့ သူ့ကလေး တင်ပါးကို ဖျောင်းခနဲ
နေအောင် ဆော်ရင်း " ဟဲ့ မသာလေး နို့တိုက်တာ
ကောင်းကောင်း မဆို့ဘူး … ပြတ်ထွက်အောင်
ကိုက်ရသလားဟဲ့ … အန် … ဆောက်ချိုးက
နင့် အဘ သေချင်းဆိုးတွေ အတိုင်းပဲ …
ပြည်သူတွေ ကျွေးတာစားသောက် မြို စို့ ပြီး
ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်တဲ့ အမျိုး …
ဈေးရောင်းမကောင်းရတဲ့ ကြားထဲ …"

ကျွန်တော့် မျက်စောင်းထိုးပြီး ပြောတဲ့
ငှက်သည်မစကားကြောင့် ငှက်တွေ လူစကားပြောတဲ့
အကြောင်း ပြောဖို့တောင် တွန့်သွားမိရဲ့ …
မဖြစ်ဘူး ဒုက္ခိတ ပျားတုပ်ဖြစ်နေကြတဲ့
ငှက်ပြဿ     နာကို အမြန်ရှင်းမှ …မဟုတ်ရင်
ဒီငှက်တွေ ပါးစပ်ဖျားမှာ ဗုဒ္ဓဘာသာပါ
နာမည်ပျက်နေပြီ။

(၁၉)

ငှက်တစ်ကောင်လွှတ်ရင် ဘယ်လောက်လဲ
ဈေးမေးကြည့်တော့ တစ်ကောင်ငါးရာ
ဆယ့်နှစ်ကောင်ကို ငါးထောင်ဆိုလေရဲ့။
ငှက်တွေ လှောင်အိမ်ထဲ ရေကြည့်တော့
နှစ်ဆယ့်နဲ့ ခုနှစ်ကောင် တိတိရှိတယ်။

ခက်တာက အိတ်ထဲ ပိုက်ဆံ
တစ်သောင်းနဲ့ တစ်ရာသာ ပါတယ်။
တစ်ရာကတော့ အပြန်ကားခ။ တစ်သောင်းနဲ့
နှစ်ဆယ့်ကိုးကောင်လုံး လွှတ်ပေးလို့ အကုန်ရရင်
အဆင်ပြေတာမို့ ငှက်တွေအကုန်
လွှတ်ပေးမယ်။ တစ်သောင်းထားပေးဖို့
ငွေတစ်သောင်းသာ ပါကြောင်း ပြောတော့
တစ်သောင်းနှစ်ထောင် တောင်းရဲ့။

(၂၀)

တကယ်တော့ဖြင့် ဒီခေတ်မှာ ငွေတစ်သောင်း
ဆိုတာ အတော်လေး တန်ဖိုးရှိပါတယ်။
ကျွန်တော်ဆိုင်ထွက် ဈေးရောင်းလို့
ငွေတစ်သောင်းရအောင် ဘယ်လိုရှာရတယ်
ဆိုတာ ကောင်းကောင်းကြီး သိတာပေါ့။

ရှိစု မဲ့စု စည်းစိမ်ပြုတ် ငွေတစ်သောင်းကို
ပုံအောပြီး  ဈေးညှိရင်း ငှက်သည်မ လည်း
နှပ်ချေးကို ဗြိ ခနဲ ကြွိခနဲ  ညှစ်ရင်း ညှစ်ရင်း
ဘေးဘီဝဲယာကို လက်နဲ့ လှမ်း လှမ်း ပစ်ရင်း
စိန်ကုန်သည်ကြီးလို စူပုတ်ပုတ် ခပ်တည်တည်နဲ့
နောက်ဆုံး တစ်ခေါက်မှာတော့  ဈေးညှိတာ
တစ်သောင်းနဲ့  အဆင်ပြေ  သွားလေရဲ့ ။

(၂၁)

လှောင်အိမ်ဖွင့်လိုက်တယ် ဆိုရင်ပဲ
ငှက်တွေ အလုအယက် တိုးထွက်ပြီး လေထဲ
ပျံတက်သွားတာကို တွေ့ရတော့
ကြည်နူးစရာပါပဲ။

လှောင်အိမ်ထဲက ထွက်ရင်း ငှက်တွေ အများစု
ကတော့ ကျွန်တော့်ကို ကျေးဇူးစကား
ဆိုသွားကြလေရဲ့ ။

ခေါင်းမွှေး နီကြောင်ကြောင်နဲ့
ငှက်ကတော့ ငှက်ကန့်လန့်ဆိုတော့ကာ
ပြောသွားသေးတာက …

" ခင်များတို့ ဗုဒ္ဓဘာသာ
    ဝင်တွေလည်း နိဗ္ဗာန် မြန်မြန် ရမှ …

ငှက်ဖမ်းရောင်းတဲ့ ဈေးသည် တွေလည်း
သိန်းတစ်သောင်းခွဲထီ ပေါက်မှ ကျုပ်တို့
ငှက်တွေလည်း ဝဋ်မြန်မြန်
ကျွတ်မှာပါဗျာ …

မဟုတ်ရင် အဖမ်းခံရလိုက်
ပြန်လွှတ်လိုက် နဲ့  အေးအေးကို
နေရတယ် မရှိပါဘူး …  " လို့
မကျေမချမ်း ဆိုသွားကြလေရဲ့ ။

(၂၂)

ဟော …
နောက်ဆုံး ငှက် ကလေး နှစ်ကောင်သာ
ကျန်တော့တယ်။

ကျွန်တော့်ရဲ့ ဇာတ်လိုက်ကျော်
ဒုက္ခိတ ခြေတစ်ဖက်ပြတ် ငှက်ကလေးနဲ့
နောက်တစ်ကောင် အတူတွဲပြီး အပေါက်ဝကို
ထွက်လာလေရဲ့ ။သူပြောတာက…

" အချုပ်အနှောင်က ကယ်ပေးတာ ကျေးဇူးပဲဗျာ …
  ကျွန်တော်တော့  ဒီလှောင်အိမ်ထဲမှာ ဘဝလက်တွဲဖော်
  ရှာတွေ့သွားပြီ။ တစ်ခြားငှက်တွေ ဝိုင်းသမတုန်း
  သူက ကျုပ်ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး
  ဟိုကောင်တွေကို ပြန်ဆော်တာဗျ။ အဲဒါကြောင့်
   မသေတာ ကံကောင်း ။  ဟိုး ပင်လယ်ဝဖက်
   တောမှာတော့ ငှက်ဖမ်းသမား မရှိဘူးကြားတယ်။

   အဲဒီ့ဘက်ပဲ သွားပြီး ဘဝသစ်တည်တော့မယ်။
   ခင်များတို့ဒီက လူတွေရဲ့ ကုသိုလ်-အကုသိုလ်
   အရောင်းအဝယ်နဲ့ အမျိုး ဘာသာ သာသနာတွေ
   လေလုံးထွားပြီး ပေါက်ပန်းလေးဆယ်
   လုပ်ကြတဲ့ကြား ငှက်တွေဘဝလည်း 
    မလွယ်ဘူးလေ။
  
     ဘာသာရေး ဗန်းပြပြီး ဆူညံလွန်းတဲ့
     လော်စပီကာသံကြောင့် ငှက်တွေလည်း
     ငရဲကျတဲ့ အတိုင်းပဲ။

       လေးဂွ နဲ့ လေသေနတ်ကိုင်ပြီး
       လက်တည့်စမ်းတဲ့ သူတွေကြောင့်လည်း
       ငှက်တွေ ဒုက္ခိတ  ဖြစ်ရတာ များတဟ်။

    လွတ်ရာ ကျွတ်ရာ သွားပြီဗျို့ …
    နှုတ်ဆက်ခဲ့တယ် ………………………
     ………………………………………………

အံမယ် …  သကောင့်သားက
မိန်းမတွေ ဘာတွေတောင် ရသွားပြီကိုး …
ကောင်းပါတယ်လေ ။ ဒီမြို့ပြမှာ နေသရွေ့
အစာနဲ့ မျှားပြီး ထောင်ချောက်ဆင် အဖမ်း
ခံရတာမျိုးတွေထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး
မဟုတ်လား။

(၂၃)
  
တကယ်တော့ လူစကားပြောတဲ့
ငှက်တို့ ဘာတို့ဆိုတာ သက္ကတဘာသာနဲ့
ရေးသားခဲ့လို့ ဟိုးရှေးရှေးတုန်းက
အသိပေး ဆုံးမ နီတိ ပုံပြင်တွေ ဖြစ်တဲ့
ပဉ္စတန္တရ l ဟိတောပဒေသတို့ အပြင်
ငါးရာ့ငါးဆယ် နိပါတ်တော်တို့မှာသာ
ကြားဖူးကြမှာပါ။

ငှက်တွေက တကယ်ရော
လူလိုတွေးပြီး လူစကားပြော
တတ်သလားလို့ တစ်ယောက်ယောက်က
မေးလာရင်  ခင်များကို သူစကားပြောချင်တဲ့အခါ
ပြောချင်ရင်လည်း ပြောမှာပေါ့လို့
ကျွန်တော် ပြန်ဖြေမိမယ်။

(၂၄)

ခင်များတို့နဲ့တော့ မပြောတတ်ဘူး။
စာကလေးငှက် တွေဆိုတာ ကျွန်တော်နဲ့
သိပ်ကို ရင်းနှီးတဲ့ သတ္တဝါလေးတွေပါ။

မနက်မိုးလင်းတာနဲ့ ကျွန်တော့်အိမ်ရှေ့က
သစ်သားစင် သေးသေးလေး တစ်ဝိုက်မှာ
ဆူညံပွက်လောရိုက်နေတဲ့ ငှက်ကလေးတွေ
အသံကို ကြားရမြဲ။ အဲ တစ်ခါတစ်လေ ကျွန်တော်
အိပ်ရာထများ နောက်ကျပြီဆိုရင် အိမ်ရှေ့
တံခါးပေါက်ဝကစလို့ အိမ်ခေါင်မိုးပေါ်အဆုံး
ဒီကောင်တွေတစ်အုပ်လုံးနီးပါး ဆူဆူညံညံ
အသံပေးပြီး လာနှိုးတတ်ကြသေးရဲ့ ။
………………………………………
………………………………………………
……………………………………………………

                                မောင်သုခ
                              (31-Aug-2019)

No comments:

Post a Comment