Tuesday, September 3, 2019

ပွန်းတစ်ကောင်ရဲ့ ပုံပြင်


▇ "  ပွန်းတစ်ကောင်ရဲ့ ပုံပြင်  " ▇

___________
မောင်သုခ
▒▒▒▒▒▒▒▒▒▒▒▒

(၁)

စစ်တုရင် ကစားရုပ် တွေကို
အမျိုးအစားအနေနဲ့ တိတိကျကျ
ခွဲလိုက်ရင် မြန်မာအခေါ်အဝေါ်အရ
ဘုရင် l ဘုရင်မ l မြင်း l စစ်ကဲ l ရထား l
ပွန်း  ဆိုပြီး ခြောက်မျိုးသာ
ရှိပါတယ်။

(၂)

စစ်တုရင် ကစားရုပ်ကိုယ်စီဟာ
သက်ဆိုင်ရာ စွမ်းဆောင်မှုကိုယ်စီ
ကိုယ်စီ အမျိုးမျိုးရှိတဲ့ အထဲမှာ မှ ပွန်း
ကစားရုပ်လေးမှာတော့ ထူးထူးခြားခြား 
ဘယ်ကစားရုပ်နဲ့မှ မတူညီဘဲ
စွမ်းဆောင်သော အရာတစ်ခုကို
တွေ့ရပါလိမ့်မယ်။

ဒါကတော့ ပွန်း ကစားရုပ်လေးဟာ
တစ်ခြားတစ်ခြားသော ကစားရုပ်တွေလို
နောက်ဆုတ်သော အပြုအမူကို
ဘယ်တော့မှ မလုပ်ခြင်းပဲ။

ကျွန်တော်တို့
ဘဝစစ်မြေပြင်အတွက်တော့ ဒါလေးကို
နည်းနာယူရရင် ဘယ်လောက်ကြီးမားတဲ့
အခက်အခဲ အတားအဆီးကိုကြုံကြုံ
ပွန်း ကစားရုပ်လေးလို နောက်မဆုတ်ဘဲ
ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့သတ္တိကို မွေးမြူ
နည်းယူလို့ ရနိုင်တယ်။

(၃)

အရေးကြီးတဲ့ နောက်တစ်ချက်
ကတော့ ပွန်းကစားရုပ်လေးတွေဟာ
စစ်တုရင်ကစားပွဲတိုင်းမှာ မိမိလုပ်စရာ
ရှိတဲ့ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်
ဆောင်တတ်တဲ့ အလေ့အထပါ။

ဒီအလေ့အထကလည်း ကျွန်တော်တို့
ဘဝ အောင်မြင်ဖို့ အတွက် အဓိကကျတဲ့
လမ်းကြောင်းတစ်ခုကို ညွှန်ပြနေတယ်။

(၄)

ကျွန်တော်တို့ ဘဝမှာရော မိမိတို့
ဘဝအောင်မြင်ဖို့ အတွက် လုပ်စရာ
ရှိတဲ့ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ကြ
ပါရဲ့လားလို့  မေးလာရင် ပြန်ဖြေဖို့
ခက်လှပါတယ်။

ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး
ပုံပြင်လေး တစ်ပုဒ်ကို အလျင်းသင့်တုန်း
မျှဝေပါရစေ။

(၅)

ရွာတစ်ရွာမှာ လူတစ်ယောက်ဟာ
သူ့အိမ်အတွက် ရေတွင်း တစ်တွင်းကို
တူးနေတာ ဆယ့်ငါးပေလောက် နက်
သွားပါပြီ။ဒါပေမယ့် ရေကတော့ ထွက်
မလာပါဘူး။အိမ်ရှေ့ကနေ ဖြတ်သွားတဲ့
ဗေဒင် ပညာရှင်တစ်ယောက်ဟာ
ဒါကို တွေ့သွားပြီး " မိတ်ဆွေ ခင်များ
ရေတွင်း တူးနေတဲ့ နေရာဟာ နက္ခတ်
မတည့်ဘူးဗျ။ အရပ်မျက်နှာ မှားနေတယ်။
ဟောဟိုဘက်မှာ တူးရမှာဗျ လို့ အကြံ
ပေးသွားလေရဲ့။

ဒါနဲ့ သူလည်း ဗေဒင်ပညာရှင်
ညွှန်ပြတဲ့ နေရာကို ရွှေ့လို့ နေရာ
ပြောင်းပြီး ရေတွင်းကို ထပ်တူး
ပါတော့တယ်။

(၆)

ဒီလိုနဲ့ ဗေဒင်ပညာရှင် ညွှန်ပြတဲ့
နေရာကို တူးကောင်းကောင်းနဲ့ တူး
လိုက်တာ ပေနှစ်ဆယ်သာ နက်သွားတယ်။
ရေကတော့ လုံးဝ ထွက်မလာ ပြန်ပါဘူး။
စိတ်ပျက် လက်ပျက် ဖြစ်နေတုန်း သူ့
အိမ်ရှေ့က ဖြတ်သွားတဲ့ ရေကြောရှာတဲ့
ပညာရှင်ဟာ ဒါကို တွေ့တဲ့အခါ နေရာ
တစ်ခုကို အကြံထပ်ပေးပါတော့တယ်။

ခင်များ တူးတာ နေရာတွေ မှားနေတာဗျ။
ဒီနေရာကို တူးမှ ရေထွက်မယ် ဆိုပြီး
နေရာ တစ်ခုကို ထပ်ညွှန်သတဲ့။

(၇)

ဒီလိုနဲ့ တတိယအကြိမ် တွင်းကို
တူးလိုက်တာ နှစ်ဆယ့်ငါးပေသာ
နက်သွားတယ်။ ရေကတော့ ထွက်
မလာပြန်ပါဘူး။

ဒီမှာပဲ အိမ်ရှင်မ ဖြစ်သူဟာ
ဒေါသတကြီးနဲ့ သူ့ကို ပြောလာ
ပါတော့တယ်။ ရှင်သူများ ပြောတဲ့
နေရာတွေ လျှောက်လျှောက် တူးတာ
ရေတစ်စိမှလည်း ထွက်မလာဘူး။

ဒီတစ်ခါ ကျုပ်ပြောတဲ့ နေရာကို
တူးဆိုပြီး အိမ်ရဲ့ ညာဘက်ဒေါင့်ကို
လက်ညှိုးထိုးပြပြီး သကာလ စွေ့ကနဲ
စောင့်ကနဲ အိမ်ပေါ် ပြန်တက်သွား
ပါတော့တယ်။

(၈)

ဒါနဲ့ပဲ မိန်းမစကား နားထောင်ပြီး
သူမ ညွှန်ပြတဲ့ နေရာမှာ ရေတွင်းကို
ထပ်တူးလိုက်တာ ပေသုံးဆယ်သာ
နက်သွားပြန်တယ်။ရေကတော့ တစ်စိမှ
ထွက်မလာ ပြန်ပါဘူး။

ရေတွင်းတွေ တစ်တွင်းပြီး တစ်တွင်း
တူးလိုက်တာ အချိန်လည်း လင့်သွားပါပြီ။
ခြေကုန်လက်ပန်းလည်း ကျသွားပြီ။
ရေကလည်း မထွက်သေး။

(၉)

စိတ်ပျက် လက်ပျက်နဲ့
ဖြတ်ခနဲ တွေးလိုက် မိတာကတော့
အင်း ငါရေတွင်းတွေ တစ်တွင်းပြီး
တစ်တွင်း သူများညွှန် ပြတာရော
မိန်းမညွှန်ပြတာပါ တူးလိုက်တာ
အားလုံး စုစုပေါင်း လိုက်ရင်
ပေကိုးဆယ်တောင်
ဖြစ်သွားပြီပဲ။

တကယ်လို့
တစ်နေရာတည်းကိုသာ တစ်စိုက်
မတ်မတ် ပေကိုးဆယ်လောက်
တူးခဲ့မယ်ဆို ဒီရွာရဲ့ ရေခံ l မြေခံ
အရ ရေကောင်းကောင်း ထွက်ဖို့
ဖြစ်နိုင် နေပြီ။ မိုက်လိုက်လေခြင်းလို့
တွေးမိသွားလေရဲ့။

(၁၀)

ကျွန်တော်တို့ ဘဝတွေမှာလည်း
အထက်ပါ ပုံပြင်လေးထဲကလို
ဟိုဟာ လုပ်လိုက် ဒီဟာ လုပ်
လိုက်နဲ့  စမ်းတစ်ဝါးဝါး လျှောက်
လျှောက် လုပ်မိတတ်တာတွေ
ရှိတတ် ပါတယ်။

တကယ်တော့ အလုပ် လုပ်တဲ့အခါ
တစ်စိုက်မတ်မတ် လုပ်ကိုင် တတ်ခြင်း
ဟာလည်း အောင်မြင်မှု ရဲ့သော့ချက်
ဖြစ်နေတတ်တာကိုသတိထားစရာ ပါ။

ဘယ်အလုပ် မဆို တစ်စိုက်မတ်မတ်
သေသေချာချာ လုပ်ကိုင်တဲ့အခါ အလုပ်ရဲ့
အသီးအပွင့်ကို ခံစားရဖို့ ပိုပြီး
လွက်ကူစေနိုင်ပါတယ်။

(၁၁)

မြင်းတစ်ကောင်ဟာ ပြေးတဲ့
နေရာမှာတော့ သူဟာ ထိပ်ပါ။

ငါးတစ်ကောင်အတွက်တော့
ရေကူးတဲ့ နေရာမှာ တစ်ခြား
သတ္တဝါတွေ လိုက်မှီဖို့
မလွယ်ဘူး။

သိန်းငှက်ဟာ ပျံသန်းတဲ့ ငှက်
တွေထဲမှာ အစွမ်းအစ အလွန်
ရှိတဲ့ ငှက်တစ်ကောင်ပါ။

(၁၂)

ဘဲကြတော့ ဒီလို မဟုတ်ပါဘူး။
ရေထဲလည်း စပ်စပ် ။လေပေါ်လည်း
ဟုတ်တိပတ်တိ ပျံနိုင်တာ မဟုတ်ဘူး။
ကုန်းပေါ် ပြေးဆိုရင်လည်း ယက်ကန်
ယက်ကန် နဲ့ ခရီးသိပ်မရောက်လှတဲ့
သတ္တဝါရယ်ပါ။

ကျွန်တော်တို့ လူတွေ
အနေနဲ့ကတော့ ကိုယ့်ဘဝကို
ကိုယ်တိုင် ရွေးချယ် ထုဆစ်ဖို့ အခွင့်
အရေး လက်ဝယ် ရှိကြတာကြောင့်
ဘဝ အောင်မြင်မှု သော့ချက်ကို
ကောင်းစွာ ရွေးချယ် နိုင်ကြဖို့
အခွင့်အရေး ရှိပါတယ်။

(၁၃)

ပွန်းကစား ရုပ်လေးအကြောင်း
ဆက်ပြော ရရင် ပွန်း ကစားရုပ်လေးဟာ
သူ့အရှေ့မှာ ဘယ်လောက်အင်အားကြီးတဲ့
တစ်ဖက် စစ်သူရဲ(ရန်သူ) ကို ကြုံကြုံ
အသေ သာခံသွားမယ်  နောက်မဆုတ်
ဘူးဆိုတဲ့  မူဝါဒ ကို လက်ကိုင်
ပြုထားပါတယ်။

ဒါ့ကြောင့်လည်း သူဟာ
စစ်ဘုရင်လုတဲ့ စစ်မြေပြင်မှာ အသေခံ
စစ်သူရဲကောင်း တစ်ယောက်
ဖြစ်နေတာပါ။

(၁၂)

ကျွန်တော်တို့ ဘဝနေထိုင်မှုမှာ
မိမိအင်အား l လက်ရှိအခြေအနေ l
ရာထူး ဂုဏ် စတာတွေကို ချိန်ဆပြီး
မျိုသိပ်လိုက်ရတာတွေ l နောက်ဆုတ်
ရတာတွေ  အလွန်များပြား
လွန်းလှပါတယ်။

အကြိမ်ကြိမ်  အခါခါ  အလျှော့
ပေးလိုက်ရတာတွဟာ တောင်ပုံ
ရာပုံပါ ။

ကျွန်တော်တို့ ဘဝနေထိုင်မှုမှာ
တကယ်တမ်း ဖြစ်ချင်တာကတော့
ပွန်းကစားရုပ်လေးလို နောက်မဆုတ်တမ်း
ပန်းတိုင်ကို တစ်စိုက်မတ်မတ် ရှေ့ဆက်
သွားချင် တော့တာပါပဲ။

_______________
________________

▇ "  ပွန်း  " ▇

___________
မောင်သုခ
▒▒▒▒▒▒▒▒▒▒▒▒

(၁)

နောက်ဆုတ်ဖို့ဆိုတာ
ငါနဲ့ မပက်သက်တဲ့
ဝေါဟာရ ..

(၂)

ငါ့ဦးတည်ရာ ပန်းတိုင်
မယိမ်းမယိုင် ဆက်လှမ်း…

(၃)

ဒဏ်ရာတွေ
ဘယ်လောက်မွန်း…

လမ်း ဘယ်အခါ မယွန်း…
ငါဟာ
" ပွန်း " ပါပဲ …

            

                                   မောင်သုခ
                                (2- Sep -2019) 

No comments:

Post a Comment