▇ " လက်ညှိုး တစ်ချောင်းရဲ့ ရာဇဝင် " ▇
_________
မောင်သုခ
▒▒▒▒▒▒▒▒▒▒
(၁)
လူသားတစ်ယောက်ဖြစ်လာပြီဆိုရင်
လူ့ ခန္ဓာဖွဲ့စည်းပုံ အရ များသောအားဖြင့်
လူတစ်ယောက်မှာ လက်ညှိုး နှစ်ချောင်းစီ
ပါလာတတ်ကြပါတယ်။
ကျွန်တော်တို့ လူမှုဆက်ဆံရေးမှာ
တစ်စုံတစ်ခုကို ညွှန်ပြကြတဲ့အခါ ဒီလက်ညှိုး
လေးကို အသုံးပြုတတ်ကြသလို စိတ်ဆိုး
ဒေါသထွက်တဲ့အခါမှာလည်း အချို့
လူတွေဟာ လက်ညှိုးထိုးပြီး စကား
ပြောတတ်ကြလေရဲ့။
တကယ်တော့ ဒီလက်ညှိုးလေးတွေဟာ
ပေါ့သေးသေးတော့ မဟုတ်ဘူး။ လူ့သမိုင်း
တစ်လျှောက်မှာ သူဟာ ကြီးမားသော အခန်း
ကဏ္ဍတွေ ကနေ ထင်ရှားစွာ ရပ်တည်
ခဲ့ကြတယ်။
လက်ရှိအနေနဲ့လည်း ကွန်ပျူ တာကို
ကိုင်တွယ်အသုံးပြုရာမှာ ဖြစ်စေ။မိုလ်ဘိုင်း
ဖုန်းတွေကို ကိုင်တွယ်အသုံးပြုရာမှာ
ဖြစ်စေ လက်ညှိုးလေးတွေဟာ မရှိမဖြစ်
အသုံးချစရာ ဖြစ်နေတာကို ထင်ရှားစွာ
တွေ့ရပါလိမ့်မယ်။
အလွန်စိတ်ဝင်စားစရာ ကောင်းလှတဲ့
လက်ညှိုးလေးတွေရဲ့ ရာဇဝင်ကို
ကြည့်ကြရအောင်။
(၂)
" လက်ညှိုး ညွှန်ရာ ရေဖြစ်သတဲ့ "
ကျွန်တော်တို့ ငယ်ငယ်က အိပ်ရာဝင်
ပုံပြင်တွေမှာ " လက်ညှိုး ညွှန်ရာ ရေဖြစ်တယ် "
လို့ ထင်မှတ်နားယောင်ခဲ့ကြဘူးတဲ့ ရှင်ဘုရင်
တစ်ပါးရှိတယ်။ သူကတော့ အလောင်းစည်သူ
မင်းပါ။
ဟုတ်တာ မဟုတ်တာ အပထား
ကလေးတွေရဲ့ စိတ်ကူးထဲမှာ လက်ညှိုး
ညွှန်ရင် ရေဖြစ်တယ်ဆိုကြတဲ့ ဒီရှင်ဘုရင်ဟာ
မှော်ဆရာလိုလို ဘာလိုလိုနဲ့ လူစွမ်းကောင်း
တစ်ဦး ဖြစ်ခဲ့တယ်။
အသက်အရွယ်ရလာတဲ့အခါ သေချာ
စိစစ်ကြည့်တော့ အလောင်းစည်သူမင်းဟာ
ဖောင်တစ်လက်နဲ့ ရေလမ်းခရီး အတော်သွား
ခဲ့တဲ့ ဘုရင်တစ်ပါးပါ။ရေလယ်ခေါင် အမြဲ
ရောက်ခဲ့တဲ့ ဒီဘုရင်မှ လက်ညှိုးညွှန်ရာ
ရေမဖြစ်ရင် ဘယ်သူများ ဖြစ်ပါတော့မလဲ။
ဘယ်လိုဖြစ်ဖြစ် ကလေးဘဝမှာတော့
အလောင်းစည်သူမင်းရဲ့ လက်ညှိုးဟာ
ရေထွက်ခဲ့တာ အမှန်ပါပဲ။
(၃)
" ဘုရားစင်စစ် ဧကန် ဖြစ်မတဲ့ "
ဗုဒ္ဓ မြတ်စွာဘုရားရှင်ရဲ့ ဘဝအကြောင်းကို
ပြောဆိုကြတဲ့အခါ သူရှင်သန်ရာကာလ
အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင် အခြေအနေကို
သတိပြုဖို့ လိုပါတယ်။
အိန္ဒိယမှာ ထိုခေတ်အခါက
စကြာဝတေးမင်းတို့ ဘုရားတို့ ဗေဒင်ပညာ
တို့ဆိုတာ အင်မတန်မှကို ခေတ်စားနေတဲ့
အချိန်အခါပါ။
သိဒ္ဓတ္ထမင်းသားကို မွေးတဲ့အခါ
တိုင်းပြည်ရဲ့ ဗေဒင်ပညာရှင် အကျော်အမော်
တွေဟာ စကြာဝတေးမင်းဖြစ်ရင်ဖြစ် ဒါမှမဟုတ်
ဘုရား ဖြစ်ရမယ်လို့ နှစ်မျိုး နှစ်ခွ ဟောကြ
ပြောကြလေရဲ့။အသက်အငယ်ဆုံး ကောဏ္ဍည
ပုဏ္ဏားကတော့ လက်ညှိုးတစ်ချောင်းတည်းကို
တိကျသေချာစွာထောင်ပြီး ဘုရားဖြစ်မယ်လို့
တစ်ခုတည်းသော အဟောကို ဟောကြား
လေသတဲ့။
ကောဏ္ဍည ပုဏ္ဏားရဲ့ လက်ညှိုးကတော့
ကမ္ဘာကျော် လက်ညှိုးတစ်ချောင်းပါပဲ။
(၄)
" တရုတ်ဘုန်းတော်ကြီးရဲ့ လက်ညှိုး "
အခု မျှဝေမှာကတော့ တရုတ်ဒဏ္ဍာရီ
ပုံပြင်တစ်ခုထဲက ဗေဒင်အလွန်မှန်တယ်လို့
နာမည်ကျော်ကြားတဲ့ တရုတ်ဘုန်းတော်ကြီးရဲ့
လက်ညှိုး အကြောင်းပါ။ဒီလက်ညှိုးလေး
အကြောင်းမှာ ထူးခြားတာက ရီစရာ
ဟာသအနေနဲ့ တွေးနိုင်သလို သတိပြု
ဆင်ခြင်စရာ အနေနဲ့လည်း ဆင်ခြင်
မိနိုင်စေတာကိုပဲ။
-------------
-----------------
တစ်ခါတုန်းက စာမေးပွဲဖြေပြီး
ပြန်လာတဲ့ သူငယ်ချင်းသုံးယောက်ဟာ
ဗေဒင်အလွန် မှန်တယ်လို့ နာမည်ကြီးတဲ့
တရုတ်ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိ
လာပါတယ်။
စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသား
သုံးယောက်စလုံး ဘုန်းတော်ကြီးကို
တရိုတသေ ဂါဝရ ပြုကြတယ်။
သူတို့ထဲတစ်ယောက်က
" ဘုန်းတော်ကြီး …
ကျွန်တော်တို့ သုံးယောက် စာမေးပွဲ
ဖြေဆိုပြီး ပြန်လာပါတယ်။ဘယ်သူက
အောင်လို့ ဘယ်သူက စာမေးပွဲ ကျတယ်
ဆိုတာ သိလိုပါတယ်။ ဒါ့ကြောင့် ဗေဒင်
ဟောကြားပေးပါ ဘုန်းတော်ကြီး " လို့
တင်လျှောက်တယ်။
ဒီအခါမှာ သားမြီးယပ်ကို ကိုင်ပြီး
ယပ်ခတ်နေတဲ့ ဘုန်းတော်ကြီးဟာ
မျက်လုံးကို တည်ငြိမ်စွာ မှိတ်လိုက်ပါတယ်။
တစ်ခဏကြာတော့ မျက်လုံးကို ပြန်ဖွင့်လိုက်
ပြီး သူ့ညာဘက် လက်ညှိုး တစ်ချောင်းကို
ထောင်ပြလိုက်ပါတယ်။
ဒီတော့ ကျောင်းသား လူငယ်လေးတွေက…
" အဲဒါ ဘာအဓိပ္ပါယ်လဲ ဘုန်းတော်ကြီး "
" နတ်က ပြောတယ်။ အဓိပ္ပါယ်ကို
မပြောရဘူးတဲ့။ ကိုယ့်စိတ်အထင်
ကိုယ့်အတွေးနဲ့ ကိုယ့်ဟာကိုယ် ကောက်ယူ "
လို့ မိန့်ကြားလိုက်လေရဲ့။
စာမေးပွဲ ဖြေဆိုပြီး ပြန်လာတဲ့
ကျောင်းသားသုံးယောက်ဟာ ဘုန်းတော်ကြီး
မိန့်ကြားတာကို အချင်းချင်း အပြန်အလှန်
ပြောဆိုရင်း ငြင်းခုန်ရင်း ခေါင်းကုတ်
ဖင်ကုတ်ရင်း ပြန်သွားကြလေရဲ့။
ဒီကိစ္စကို ထိုင်ကြည့်နေတဲ့ ဘုန်းတော်ကြီးရဲ့
တပည့်ဖြစ်သူဟာ ဆရာသမားဘုန်းတော်ကြီးကို
ရိုက်စားလုပ်နေတယ်လို့ ထင်မှတ်ပြီး …
(A)
" ဘုန်းတော်ကြီး စောစောက စာမေးပွဲ
ဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသား သုံးယောက်
အနက် တစ်ယောက်က စာမေးပွဲအောင်ပြီး
နှစ်ယောက်က ကျရင်ကော"
" အဲဒီ့ စာမေးပွဲအောင်မယ့် တစ်ယောက်ကို
ငါပြောတာ "
(B)
" အဲ … ဒါဆို ကျောင်းသား နှစ်ယောက်က
စာမေးပွဲအောင်ပြီး ကျောင်းသားတစ်ယောက်က
ကျရင်ကော"
" စာမေးပွဲ ကျမယ့် ကျောင်းသားကို ငါပြောတာ"
(C)
" အင်း.…ထားပါတော့ ကျောင်းသား သုံးယောက်
စလုံး စာမေးပွဲ ကျရင်ရော "
" ဒီတစ်ခါတော့ မင်းတို့ သုံးယောက်စလုံး
စာမေးပွဲ ကျပြီလို့ ငါပြောတာ "
(D)
" အော် .. ဒါဆို ကျောင်းသား သုံးယောက်စလုံး
စာမေးပွဲ အောင်ရင်ရော "
" ဒီတစ်ချီတော့ မင်းတို့ သုံးယောက်စလုံး
စာမေးပွဲ အောင်ပြီလို့ ငါ ပြောတာ "
တရုတ် ဒဏ္ဍာရီ ပုံပြင်လာ ဘုန်းတော်ကြီးရဲ့
လက်ညှိုး တစ်ချောင်းဟာလည်း အလွန်
မှန်လွန်းတဲ့ လက်ညှိုးတစ်ချောင်းပါပဲ။
--------------
-------------------
(၅)
" မုဒြာ ရဲ့ လက်ညှိုး "
မုဒြာဆိုတာကတော့ သက္ကတစကားလုံးပါ။
လက်နေဟန်ကို ပြောတာဖြစ်ပြီး။ ဘုရားရှင်
တရားဟောကြားတဲ့အခါ လက်ဟန် အနေ
အထား သဏ္ဍာန်ကို ပြောဆို ဖော်ပြကြတယ်။
ဟုတ်တာ မဟုတ်တာ အသာထား။
လက်ညှိုး အကြောင်း ပါလာပြီမို့
မျှဝေပါရစေ။
ဘုရားရှင် တရားဟောကြားတဲ့အခါ
လက်ဟန်အနေအထားအမျိုးမျိုး ကို
တရားဟောကြားတဲ့ အကြောင်းအရာ l
ဆိုလိုရင်း အဓိပ္ပါယ် စတာတွေကို မုဒြာ
ဆိုတဲ့ စကားရပ်နဲ့ ဖော်ပြကြပါတယ်။
ဘုရားရှင်ဟာ ဒီမုဒြာတွေကို တကယ်ပဲ
အသုံးပြုခြင်း ဟုတ်/ မဟုတ် ဆိုတာကတော့
အငြင်းပွါးစရာ ရှိတာမို့ ကျော်လိုက်ပြီး ပိုစ့်
ဆိုလိုရင် လက်ညှိုး အကြောင်းကို
ဆက်ရရင်။
(၆)
မုဒြာတွေထဲက လက်ဟန်များမှာ
ညာဏမုဒြာ(Jnana Mudra)l သန္ဒဿနမုဒြာ
(Sandassana Mudra)/ (Samdarshana Mudra )l
ဝိတက္ကမုဒြာ(Vitarka Mudra) lဥတ္တရဗောဓိမုဒြာ
(Uttarabodhi Mudra) အစရှိတဲ့ လက်ဟန်
တွေမှာ လက်ညှိုးကို အဓိက အသုံးပြု
ထားတာတွေ့ရတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ လက်ညှိုးတစ်ချောင်း
ကတော့ နိဗ္ဗာန်ကို ညွှန်ပြနေတဲ့
လက်ညှိုး တစ်ချောင်းပါပဲ။
မောင်သုခ
(18 - Sep - 2019)
No comments:
Post a Comment