Tuesday, August 27, 2019

ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ


" ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ "

___________
မောင်သုခ
_____________

(၁)

" ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ "
အစစ်အမှန်ဟာ
ဘယ်သူ့လက်ထဲမှာလဲ …???

အထက်ပါအတိုင်း
အမေးရှိလာပြီ ဆိုရင် ဒီနိုင်ငံရဲ့
ထေရဝါဒ l မဟာယန တွေက အစပြုလို့
သမိုင်းသုတေသီ ပညာရှင် တွေအလယ်
ဘာသာမဲ့တွေက အဆုံး ' ဒါ အမှန်ပဲ ကွ '
ဆိုတဲ့ ကြွေးကြော်သံ တွေနဲ့အတူ ကိုယ်သန်ရာ
သန်ရာ  အတ္တဗုဒ္ဓ ရဲ့ လမ်းစဉ်တော်မှန်ကျမ်း
မြေပုံတွေကို ထုတ်ပြလို့ လက်တိုင်းမှာ
တင်းတင်းဆုပ် ကိုင်ထားကြရင်း သူ့ထက်ငါ
အစစ် အမှန် ဖြစ်ကြောင်း ငြင်းဆိုကြမယ့်
သဘောရှိလာမလား တွေးမိတယ်။။

တကယ်တော့ " ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ "
အစစ်အမှန်ဟာ ငြင်းခုန်ခြင်းတွေရဲ့
အပြင်ဘက်မှာ ငြိမ်းချမ်းစွာ တည်ရှိနေမှန်း
ဒီနိုင်ငံရဲ့ဗုဒ္ဓဘာသာ အမည်ခံထားတဲ့
အဆဲသန် အငြင်းသန် သူတွေဟာ
ရိပ်မိမယ့်ပုံ မပေါ်ဘူးလို့
ထင်မိတာပါပဲ။

(၂)

ဗုဒ္ဓဟာ သူ့ရဲ့နောက်လိုက်တွေကို
မျက်စိလည် လမ်းမမှားစေဖို့ လမ်းပြမြေပုံ
တစ်ခုကို  မဟာကရုဏာတော်နဲ့
ချန်ထားရစ်ခဲ့တယ်။

ဒီလမ်းပြမြေပုံမှာ ဗုဒ္ဓနဲ့ အနီးဆုံးနေရာကို
လွယ်ကူ ရှင်းလင်းစွာ ရောက်ရှိနိုင်မယ့်
လမ်းညွှန်ချက်တွေ အကျင့် အကြံတွေ
တိကျသေချာစွာ ပါရှိတယ်။

ဒါပေမယ့် လူတိုင်း လူတိုင်းဟာ
ဗုဒ္ဓရဲ့ အနီးဆုံး နေရာကို သွားဖို့ရာမှာ
အကျင့် အကြံ နဲ့ လက်တွေ့ ဘဝ
နေထိုင်လိုက်နာမှု ကို အားကိုးအားထား
ပြုရမယ့်အစား အလွယ်လမ်းစဉ်ဖြစ်တဲ့
အရွတ် အဖတ် l အငြင်းအခုန် l မာန် မာန l
တစ်လွဲ အကြည်ညို လွန်ကဲမှု l ထင်ရာ အနက်
ဖွင့်ဆိုခြင်း  အစရှိတာ တွေနဲ့အတူ ချာချာလည်ရင်း 
" ဗုဒ္ဓ ရဲ့  လမ်းပြမြေပုံ "ကို ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင် မှန်းမသိ ဆန့်ကျင် နေတတ်
ကြတော့တယ်။

ဒီလို ဆန့်ကျင်လွဲမှားနေသူတွေရဲ့
လက်သုံးစကားကတော့
" ငါဟာ  ဗုဒ္ဓ နဲ့ အနီးဆုံး လူ " ဆိုတဲ့
စကားပဲ။

(၃)

ဒီလိုမျိုး ဗုဒ္ဓရဲ့ လမ်းပြမြေပုံကို ဆန့်ကျင်မှန်း
မသိ ဆန့်ကျင်နေတဲ့  အကြည်ညိုလွန်ကဲသူ
သာမာန် လူတန်းစား အုပ်စု တစ်စု ဟာ
" ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ "အပြင်ဘက်
နံဘေးနား ဧရိယာ တစ်ဝက် လောက်ကို
ကပ်လျက် နယ်ချဲ့ရင်း  ဝင်္ကပါ တစ်ခုကို
စတင်ဖန်တီး လိုက်ကြလေရဲ့။ဒီဝင်္ကပါဟာ
ပထမ ဝင်္ကပါလမ်း လို့  လွယ်လွယ်
ခေါ်ကြပါစို့ ။

ဒုတိယမြောက် ဝင်္ကပါလမ်းတစ်ခုဟာလည်း
" ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ "အပြင်ဘက် မှာ
ထပ်မံ ရှိနေပါသေးတယ်။ဒီဝင်္ကပါလမ်းကို
ဖန်တီးသူတွေကတော့ အဋ္ဌကထာ ဆရာကြီး
ရှင်မဟာဗုဒ္ဓဃောသနဲ့ အပေါင်းအပါတွေလို့
ဆိုရင် မှားမယ် မထင်ဘူး။

(၄)

အကြောင်းရင်းကတော့ ရှင်မဟာ
ဗုဒ္ဓဃောသ နဲ့ အပေါင်းအပါတွေဟာ
ဗုဒ္ဓရဲ့ အနီးဆုံးကို အလွယ်တကူ ရောက်ရှိနိုင်ဖို့
အဋ္ဌကထာဆိုတဲ့ လမ်းညွှန်ရာကျမ်းတွေကို
စီရင်ခဲ့ကြပေမယ့် တကယ့် တကယ်မှာတော့
သင့်တင့်စွာ နှလုံး မသွင်းတတ်တဲ့ လူသား
အများစုရဲ့ အကျင့်ဆိုး တွေကြောင့်
" ဗုဒ္ဓ ရဲ့ လမ်းပြမြေပုံ " နဲ့ ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင်စေတဲ့ ဝင်္ကပါလမ်းကြီး တစ်ခုကို
ထပ်မံ ဖန်တီးလိုက် သလိုပဲ ဖြစ်သွားစေ
တော့တယ်။

ဘာဖြစ်လို့ဆို ဗုဒ္ဓဘာသာကို
အလိုဆိုးနဲ့ ထောက်ပြ လေကန်ဖို့
လေ့လာကြသူအပေါင်းဟာ ရှင်မဟာ
ဗုဒ္ဓဃောသ ရဲ့ အဋ္ဌကထာဝင်္ကပါထဲမှာ
ချာချာလည် ပိတ်မိပြီး ဗုဒ္ဓ ရဲ့ အယူဝါဒ
အနှစ်သာရဆီ  ဘယ်တော့မှ
မရောက်နိုင်ကြတော့လို့ပဲ။

(၅)

ပထမ အမျိုးအစားဖြစ်တဲ့
ဗုဒ္ဓ ဘာသာအပေါ် အကြည်ညို
လွန်ကဲသူတွေရဲ့ ဘက်မှာတော့
မိရိုးဖလာ ဓလေ့ရိုးရာ အလေ့အထ
တွေဟာ မသိသူများအဖို့တော့
ဗုဒ္ဓရဲ့ အယူဝါဒ တွေသဖွယ် မြင်မိ
တတ်ကြစေပြီး မှိုလို ပေါများလို့
အမှန်တရားလို  အမြစ်
တွယ်လာပါတယ်။

ဥပမာ အနေနဲ့ ထောက်ပြ
ပြောဆိုရရင် သတ္တဝါ အပေါင်းအပေါ်
ရုပ် နာမ် နှစ်ပါး ခန္ဓာ ငါးပါး အနေနဲ့ ရှုမြင်
သုံးသပ်ခဲ့တဲ့ ဗုဒ္ဓဝါဒဟာ မြန်မာပြည်မှာတော့
ယောကျာ်း မိန်းမ ခွဲခြားတဲ့  မဟာပုရိသဝါဒ
ဆိုးကြီးသဖွယ် ဖြစ်နေပြီး အမျိုး သမီး
ရွှေသင်္ကန်း မကပ်ရ။ ဘုရားပေါ်
အမျိုးသမီး မတက်ရ ဆိုတာတွေနဲ့အတူ
သုံးလောကထွဋ်ထား ဘုရားခမျာ အထူးပင်
မျက်နှာငယ်နေရရှာပါတော့တယ်။

အိန္ဒိယမှာ ပွင့်တော်မူခဲ့တဲ့
ဗုဒ္ဓ ဘုရားရှင်ဟာ မြန်မာ့နည်း မြန်မာ့ဟန်
ပုံစံ ပြောင်းလဲ သွားပြီး သကာလ
တိုက်ပုံ ရင်ဖုံး တံဆိပ်ကပ် ခံလိုက်ရပြီး
ဘုရားပေါ်မြန်မာ့ယဉ်ကျေးမှု နဲ့ အညီ
ဝတ်ဆင်ပြီး တက်ကြဖို့ အတင်း
အဓမ္မ  ဖမ်းမလို ဆီးမလို အာဏာပြလို့
ဒေါသတကြီး စီရင်လုပ်ကိုင်မှု
စတာတွေနဲ့ အတူ အကြည်ညိုလွန်ကဲ မှု
လမ်းစဉ်တွေဟာ ကျွန်တော်တို့ကိုဖြင့်
ဗုဒ္ဓဝါဒ ရဲ့ အနှစ်သာရ နဲ့ အဝေးဆုံးကို
တစ်စ တစ်စ နဲ့ တွန်းပို့  ဝေးကွာသွား
စေတဲ့ အခြေခံ အကြောင်းရင်းတွေ
ဖြစ်နေစေတော့တာပါပဲ။

(၆)

ဒါတွေဟာလည်း တကယ်တမ်း
အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဝါဒ
ရဲ့ ကပ်လျက်က ဝင်္ကပါတစ်ခု အနေနဲ့
ဖြစ်ပေါ်စေတဲ့ အကြောင်းတစ်ခုပါ။

ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရကို
ဝေဖန် ဆန်းစစ် လေ့လာလိုသူတွေဟာ
ဒီလို ဗုဒ္ဓဘာသာထဲက အသားထဲလောက်ထွက်
အကြည်ညိုလွန်ကဲသူတွေရဲ့ ဝင်္ကပါထဲမှာ
ပိတ်မိ အကျဉ်းကျပြီး ဗုဒ္ဓ ရဲ့ အနှစ်သာရဆီ
ချဉ်းကပ်ဖို့ရာမှာ ထပ်မံ လမ်းပျောက်သွားစေ
ပြန်ပါတော့တယ်။

(၇)

နေမင်း လမင်း တို့ အလင်းရောင်နဲ့
ဗုဒ္ဓ ဓမ္မ ရဲ့  အလင်းရောင်ဟာ ပွင့်လင်း
မြင်သာမှသာ တင့်တယ်ကြောင်း ဗုဒ္ဓဟာ
ဘယ်လိုပဲ ဟောခဲ့ ဟောခဲ့ ကျွန်တော်တို့
ဘာသာဝင်တွေကတော့ ဗုဒ္ဓဝါဒနဲ့ လမ်းလွဲ
တွေကို လုပ်ကိုင်ဆောင်ရွက်နေကြရင်း
ဗုဒ္ဓရဲ့ အယူဝါဒ အနှစ်သာရတွေကို
မြေမြှုပ် ပစ်နေကြပြီလို့ ဆိုရင်
လွန်မယ် မထင်ဘူး။

စေတီပုထိုးများ ပတ်ပတ်လည်မှာ
ဗုဒ္ဓဝါဒ နဲ့ ဆန့်ကျင်ဘက် ဂြိုလ်တိုင် နံတိုင်
တွေကို မျက်နှာပြောင်တိုက် ခပ်တည်တည်
ထားရှိကြပြီး  အုန်းပွဲ ငှက်ပျောပွဲ နဲ့
သစ်သီးစိမ်းတွေဟာဖြင့် ဗုဒ္ဓရဲ့
အယူဝါဒ ကို ပျက်ရယ် ပြုနေကြ
သလို မျိုး ဖြစ်နေတော့တာပါပဲ။

(၈)

ဒီနေ့ ဒီအခါမှာသာ ဗုဒ္ဓဟာ
သူဘုန်းပေးဖို့ ဆိုရင် ဇွန်းတွေ ခရင်းတွေ
အပြင် သစ်သီးစိမ်းတွေကို ခွဲခြမ်းစိတ်ဖြာ
ဖို့ အတွက် ဓါးတွေ ဇလုံတွေ ခွက်တွေပါ
အသင့် ယူလာခဲ့ရမယ့် သဘောပါပဲ။

အလွန်ကို မီးခိုးငွေ့တွေ
တထောင်းထောင်း ထနေတဲ့ အမွှေးတိုင်များနဲ့
ပူလောင် နံစော်လွန်းလှတဲ့ ဖယောင်းတိုင်
မီးတွေကြားမှာ ဗုဒ္ဓဟာ  (Mask) အုပ်ပြီး
တရား ဓမ္မ ဟောကြားရမယ့် သဘော
ဖြစ်နေပါပြီ။

(၉)

ရွှေ ငွေ ကို လုံးဝ မတို့ မထိ ခဲ့တဲ့
ဗုဒ္ဓဟာ သူ့ရဲ့ သာဝကတွေ မျက်စ
ပစ်နေတဲ့ ငွေဖလားကြီး နဲ့ မောက်ပြည့်
နေတဲ့ ငွေတွေ ရွှေတွေကို ကြည့်ပြီး
အံ့သြ မှင်သက်မိဦးမယ့်
သဘောပါပဲ။

ဗုဒ္ဓဟာ သူ့ရဲ့ ဆင်းတုတော်
ဦးခေါင်းပေါ်ကနေ ရေတွေ တရဟော
လောင်းချနေကြတာကို ကြည့်ပြီး
အဓိပ္ပါယ် နားမလည်နိုင်အောင်
ဖြစ်ရဦးမယ့် သဘောပါပဲ။

(၁၀)

သတ္တဝါတွေ အပေါ် ညှဉ်းဆဲ
နှိပ်စက်တာကို မလိုလား ခဲ့တဲ့
ဗုဒ္ဓဟာ  စေတီ ဘုရားတွေ ရှေ့က
ငှက်လှောင်အိမ် နဲ့ ငှက်ရောင်းချသူကြား
လှောင်အိမ်ထဲ သေဆုံးလု ဆဲဆဲ
ငှက်တွေ နဲ့  ဗုဒ္ဓဘာသာဝင်တွေကို
ကြည့်ပြီး  သူဟောကြားခဲ့တဲ့
တရားဓမ္မတွေကို ပြန်တွေး ဆင်ခြင်
ကြည့်ဦးမယ့် သဘောပါပဲ။

ဘုရားစေတီတွေ အပေါ်
ဒေါသ တကြီး တရား ငြင်းခုန်ရင်း
သတ်တော့ ပုတ်တော့မယ့် သဏ္ဍာန်
ဖြစ်နေတဲ့ တရားဟော ဆရာ တွေကို
ကြည့်ရင်း ဗုဒ္ဓဟာ ဝေခွဲမရ ဖြစ်ရဦးမယ့်
သဘောပါပဲ။

(၁၁)

ဒီတော့ မေးစရာ ရှိလာတာက

ဗုဒ္ဓ ဘာတွေ
ဟောကြားခဲ့သလဲ …???

ကျွန်တော်တို့ ဘာတွေ
လုပ်နေကြသလဲ…???

ဗုဒ္ဓ ရဲ့ ရိုးရှင်းလှတဲ့
လမ်းပြ မြေပုံ အစစ်အမှန်ဟာ
ဘယ်မှာ လဲ …???

ဒေါသ မောဟ လောဘ
တရားတွေ လျော့နည်း ကင်းစင်ဖို့
အကျင့်တရားကို ဗုဒ္ဓဟာ ဘယ်လိုပဲ
အာပေါက်အောင် ဟောကြားခဲ့ ဟောကြားခဲ့
သင်္ကန်းဝတ် ရဟန်း အချို့က စတင်လို့
ဗုဒ္ဓဘာသာဝင် အများစုတွေ အဆုံး လောဘ
ဒေါသ မောဟ တွေ ကို မာန်မာနအားနဲ့
အစွမ်းကုန်  မြှင့်တင်ရင်း လူ့အသိုက်အဝန်း
ကို ပူလောင်စေလို့ ဗုဒ္ဓရဲ့ အယူဝါဒ
အနှစ်သာရတွေကို ဆန့်ကျင်

(၁၂)

ဥာဏ်အလင်းလေး တစ်ချက်
ပွင့်ရုံနဲ့ ဗုဒ္ဓ ဖြစ်နိုင်တဲ့ ဒီနေ့ ခေတ်အခါမှာ
ကျွန်တော်တို့ ကိုးကွယ်စရာတွေဟာ
သိပ်ကို များပြား လွန်းနေခဲ့တယ်။

သူတို့ ပြောတဲ့ ဟောတဲ့ တရား
ဓမ္မယောင်ယောင် ဒဿ     နတွေဟာ
လောကီရေးရာမှာ အသုံးတည့်တာ
မှန်ပေမယ့် သစ္စာလေးပါး မြတ်တရား
ထက် သာလွန်ကြောင်း ပုံဖော်လာ
ကြသူတွေ များလာတဲ့ အခါ ဗုဒ္ဓရဲ့
လမ်းပြ မြေပုံ အစစ်အမှန်ကို
ရဲရဲ ဝံ့ဝံ့ ဖော်ထုတ် လိုက်နာ
ကျင့်ကြံ ကြဖို့လိုလာပြီဖြစ်ကြောင်း
ခေတ်က တောင်းဆို နေပေမယ့်
ဝမ်းနည်းစရာကောင်းတာကတော့
ကြိုးချည်ပြီးလှေလှော်နေကြတဲ့ ဗုဒ္ဓ
ဘာသာဝင်တွေကြားမှာ ဗုဒ္ဓဝါဒ အစစ်
အမှန်ဟာဒီတိုင်းပြည်က လူအများစု
အတွက် ခရီးမစ နိုင်သေးပါဘူး။

(၉)

ဗုဒ္ဓ ရဲ့ ရိုးရှင်းတဲ့ လမ်းပြမြေပုံနဲ့
အယူဝါဒတွေဟာ ဗုဒ္ဓခေတ်အခါမှာတော့
သာမာန် ပြည်သူအများစု အနေနဲ့ လွယ်လွယ်
ကူကူ သိသာမြင်သာ စေခဲ့ပေမယ့်
ဒီနေ့လို ခေဆ်အခါမှာတော့ အဘိဓမ္မာ
သာ မတတ်ရင် ဗုဒ္ဓ အယူဝါဒကို ဘာ
နကန်းတစ်လုံးမှ မသိနိုင်တော့သယောင်
ပုံဖော်လာကြတာမျိုးတွေဟာ ဗုဒ္ဓအယူ
ဝါဒကို ပဟေဠိ အဖြေညှိစရာ အနေနဲ့
လုပ်ပစ်လိုက် သလို ဖြစ်စေပါတယ်။

ရိုးရိုး ရှင်းရှင်း ကလေးတစ်ယောက်
မေးခွန်း ပြုလာတဲ့ တစ် နဲ့ တစ်ပေါင်းရင်
ဘာအဖြေ ရသလဲ ဆိုတာကို
ပြန်အဖြေ ပေးကြတဲ့ နေရာမှာ
တစ် နဲ့ တစ် ပေါင်းရင် နှစ်ဖြစ်တဲ့
အဖြေတစ်ခုကို ဝေ့လည် ပတ်လည်လုပ်ပြီး
တစ် နဲ့ တစ်ပေါင်းရင် (730) လည်း
ဖြစ်နိုင်သလို တစ် နဲ့ တစ်ပေါင်းရင်
(14) လည်း ရနိုင်တယ်။ဒါ့အပြင်
တစ် နဲ့ တစ်ပေါင်းရင် (60) လည်း
ဖြစ်သေး။ ဒါတင်မကသေး တစ် နဲ့
တစ်ပေါင်း (3) လည်း ရသေးတယ်
ဆိုတာမျိုး သဘော သဘာဝတွေဟာ
ဗုဒ္ဓ ရဲ့ အယူဝါဒ မဟုတ်ပါဘူး။

(၁၀)

မေးခွန်းက ရှင်းပြီး ရိုးသားနေတဲ့ နေရာမှာ
အဖြေပြန်ပေးသူ အနေနဲ့ တိုက်ရိုက်
ဖြေဆို ရမယ့်အစား ပညာပြန်ပြသလို
အနေအထားမျိုး ဖြစ်သွားစေတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့
အထင်ကရ ပုဂ္ဂိုလ်တွေ အနေနဲ့ရော
သက်ဆိုင်သူတွေ အနေနဲ့ ရော ဗုဒ္ဓရဲ့
ရိုးရှင်းတဲ့ အယူဝါဒကို ပြောကြ ဆိုကြတဲ့
နေရာမှာ ဟိတ်ဟန်ထုတ်ပြီး ခက်ခဲနက်နဲတဲ့
ပဟေဠိကြီးတွေလို လုပ်မြဲ လုပ်နေကြမယ်
ဆိုရင် ဗုဒ္ဓရဲ့ အယူဝါဒ အစစ်အမှန်တွေဟာ
သာမာန် ပြည်သူတွေအတွက် အလှမ်း
ကွာနေစေဦး မှာ ဖြစ်ပါတယ်။

ဘာသာခြားနဲ့ ဗုဒ္ဓအယူဝါကို လေ့လာ
လိုသူတွေ အဖို့မှာလည်း ခေါင်းကုတ်
ဖင်ကုတ် ဖြစ်ကြပြီး သကာလ အထူးအဆန်း
ပဟေဠိကြီး တစ်ပုဒ်ကို တွေ့ကြ မြင်ကြ
ရသလို ဖြစ်စေမှာ တွေးတော မိပါတယ်။

(၁၁)

ပိုစ့်အစမှာ မေးခဲ့သလိုပဲ…
ဗုဒ္ဓ ရဲ့ လမ်းပြ မြေပုံ အစစ်အမှန်ဟာ
ဘယ်သူ့လက်ထဲ မှာလဲ …???

ခင်များ လက်ထဲ မှာ ဆိုရင်လည်း
ကျွန်တော့်ကို တစ်ခဏလောက် ငြိမ်းချမ်း
မှုလေး ရရှိအောင် " မကောင်းမှု ရှောင်
ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား "
ဆိုတာမျိုး လေး ဖြစ်ဖြစ် ဗုဒ္ဓရဲ့ အယူဝါဒ
အနှစ် သာရလေးကို အကျဉ်းချုပ် မျှဝေ
ပေးခဲ့ပါဦးလို့တောင်းဆိုရင်း ………
……………………………………………
…………………………………… ………

                       မောင်သုခ
                     (23- Aug - 2019)

No comments:

Post a Comment