Monday, November 11, 2019

နတ်ဆိုး တွေ တကယ်ရှိသလား

" နတ်ဆိုး တွေ တကယ်ရှိသလား…??? "

__________
မောင်သုခ
____________

[၁]

မြန်မာတွေရဲ့ ရှေးရိုးစဉ်လာ ယုံကြည်
မှုတွေအရရော ရှေးအစဉ်အဆက်
ဆိုစမှတ်ပြုခဲ့ကြတဲ့ လောကီပညာတွေ
အရရော ပုဏ္ဏကတိုက်တာတို့ l လူပြု
စားတာတို့ l အောက်လမ်းတိုက် l နတ်တိုက် l
စီမံ l တူစာ l ပေစာ lခြေရာယူကောက် l
စုန်းမြှောက်နတ်ကြွ lပုဏ္ဏက l အစိမ်းတိုက် l
သူရဲတိုက် lအာတပ္ပနအတတ် l အဋ္ဌသာခါ
နမန္တာ l  ကြိပ်လိပ်သေ သားရေလိပ် l
သင်တိုင်းစွပ် l ရန်သွပ် l ရန်စီး  l အင်းကြီးစိဏ္ဏကံ l
နာမ်နှိမ် နာမ်ဆုတ် l အဋ္ဌမုတ်နောက်ပြန်ချ l ဖီလာရုပ်
ရှစ်ဋ္ဌာန l ပေတကင်းသင်း l အင်းမြှုပ်ပြုစား l
သမားတို့ပညာ ယတြာအစီအမံ l ကဝေကိုးဆယ့်ကိုး l
မြေဖုတ်ဘီလူး လေးဆယ့်လေး lမတြာအပါး
ဆယ့်ရှစ်ပါး l သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာ l မြို့ရဲ l ရွာရဲ l
တောရဲ l တောင်ရဲ အစရှိသည်ဖြင့်
တစ်စုံတစ်ဦးကနေ တစ်စုံတစ်ဦးကိုဖြစ်စေ
မမြင်ရတဲ့ ပရလောကသားတွေကနေ
လူတစ်ဦးဦးကို ဖြစ်စေ စီးပွါးရေး l  ကျန်းမာရေး l
လူမှုရေးတွေမှာ အနှောင့်အယှက်ပြုလုပ်
နိုင်ကြကြောင်း မိရိုးဖလာ ယုံကြည်မှုတွေ
ရှိခဲ့ကြပါတယ်။

တစ်ချို့သော နေရာတွေမှာလည်း
တစ်ဦးတစ်ယောက်ချင်းကို ဖြစ်စေ l
အုပ်စုလိုက်ကို ဖြစ်စေ ပူးကြတာ ကပ်ကြတာ
ဆိုပြီး ပြောဆိုတာမျိုးတွေ တွေ့ရတတ်တယ်။
စိတ်ပညာအရတော့ Hysteria လို့
သုံးသပ်ကြပြီး အမျိုးသမီးတွေမှာ အဖြစ်များ
ကြောင်း ပြောဆိုကြပေမယ့် တကယ့်လက်တွေ့
မှာတော့ (အင်းစိန်)အကျဉ်းထောင်လို
ယောကျာ်းသားများသာ သီးသန့်ရှိတဲ့ နေရာ
တွေမှာလည်း ရံဖန်ရံခါ ဖြစ်လေ့ရှိတာကို
တွေ့ရတယ်။

[၂]

ဒီလို အုပ်စုလိုက်ဖြစ်စေ တစ်ဦးတစ်ယောက်
ချင်းမှာ ဖြစ်စေ ပူးကြ ကပ်ကြသလိုနဲ့
စိတ်ကယောက်ကယက် ဖြစ်သလို
ဖြစ်ကြတဲ့ ဖြစ်စဉ်တွေမှာ ချုပ်ငြိမ်း
အဆုံးသတ်ပုံ မျိုးစုံနဲ့ အဆုံးသတ်လေ့ရှိတာ
ကိုလည်း သွားတွေ့ရပါတယ်။

ဒီလိုမျိုး ဖြစ်ကြတဲ့ တစ်ချို့အစုအဖွဲ့နဲ့
တစ်ချို့တစ်လေ တွေကတော့ အချိန်တိုကာလ
တစ်ခုအထိ သွေးပျက်ဖွက် အမူအယာတွေကို
တွေ့ရ မြင်ရတတ်ပြီး မည်သည့် စိတ်ရောဂါ
အထူးကု သမားတော် l မည်သည့်လောကီ
ဆရာ l မည်သူ တစ်ဦးတစ်ယောက်ရဲ့
အကူအညီ တစ်စုံတစ်ရာမှ မလိုအပ်ပါဘဲ
သူ့အလိုလို ပြန်လည်တည်ငြိမ် ကောင်းမွန်
သွားတတ်ကြတယ်။

တစ်ချို့ဖြစ်စဉ်တွေမှာတော့
ခန္ဓာကိုယ်ကျန်းမာရေး နဲ့ စိတ်ရောဂါ သဘော
သဘာဝအရ ပြန်လည်ကုစားကြလို့ ကောင်းသွား
ကြတာတွေ ရှိကြသလို တစ်ချို့ဖြစ်စဉ်တွေမှာတော့
သက်ဆိုင်ရာ ဘာသာတရားရဲ့ လောကီဆရာတွေ
ကြောင့် အကြောင်းတိုက်ဆိုင်စွာ ပြန်လည်
ကောင်းမွန်သွားကြတာမျိုးတွေ ရှိတတ်တာ
ကိုလည်း တွေ့ရပါတယ်။

ဒီလို ပုံစံအမျိုးအစား အမျိုးမျိုး ရှိနေတဲ့
အထဲကမှ လူပူး လို့ ခေါ်ဆိုတဲ့ မိမိအလိုရှိရာ
တစ်ခုခုကို ရရှိအောင် ဟန်ဆောင်ပူးကပ် သဏ္ဍာန်
လုပ် သရုပ်ဆောင် မရူးဘဲ ရူးချင်ယောင်ဆောင်ပြီး
မာနေလျက်နဲ့ မမာချင်ယောင်ဆောင်ကာ
ခေါင်းကိုက် ဖင်ကိုက် ဟန်ဆောင်တတ် တဲ့
လူပူးလို အတုအယောင် တွေလည်း များစွာ
ရှိတတ်ပါသေးတယ်။

[၃]

အထက်ပါ ကိစ္စတွေ ဖြစ်ပေါ်လာတဲ့အခါမှာ
ရှေးရိုးအတိုင်း ဘာသာတရားတွေအပေါ်
မိရိုးဖလာယုံကြည်ကြသူတွေနဲ့ခေတ်ပညာတတ်
လူငယ်တွေ အကြားမှာ အမြင်ကိုယ်စီ ရှုထောင့်
ကိုယ်စီနဲ့  အငြင်းအခုန် ဖြစ်တတ်ကြတယ်။

ခေတ်ပညာတတ် လူငယ်တွေက
သိပ္ပံနည်းပညာ နဲ့ စိတ်ပညာအခေါ်အဝေါ်
အဖြစ်အပျက်များကို သက်သေပြု ကြပြီး
ရှေးရိုးအတိုင်း မိရိုးဖလာယုံကြည်ကြသူတွေ
ကတော့ မမြင်ရတဲ့နယ်ပယ်က နတ်တွေ l
သူရဲ တစ္ဆေတွေ နဲ့အတူ ဘာသာရေးကျမ်း
ဂန်လာ အချက်များအပြင် လောကီပညာ
ရပ်များကို သက်သေပြု လက်ညှိုး
ထိုးလေ့ ရှိကြတယ်။

[၄]

ဒီငြင်းခုန်ပွဲတွေကို ကြည့်လိုက်ရင်
ဘာသာတရားတွေ နဲ့ ဘာသာမဲ့တွေ
မပျောက်ကွယ်နိုင်ပဲ တိုးတက်ကြီးပွါးလာကြမြဲ
လာကြတာကြောင့် ဘယ်ဖက်ကမှတော့
ယနေ့အထိ အပြတ် အသတ်အသာရရှိပြီး
အောင်လံထူနိုင်တာကို မတွေ့ရသေးပါဘူး။

ဘာဖြစ်လို့ဆိုတော့ ခေတ်ပညာတတ်
လူငယ်တွေရဲ့ သိပ္ပံပညာ ဆေးပညာနဲ့
စိတ်ပညာအရ အဆိုပါကိစ္စရပ်တွေ အလားတူ
ဖြစ်ပေါ်လာတဲ့အခါ လက်တွေ့ကျကျ
ဖြေရှင်းနိုင်စွမ်းမှာ ချို့ယွင်း ချက်တွေ ရှိနေပြီး
တစ်ဖက်က ဘာသာရေး ယုံကြည်မှု
အသီးသီးမှာ ဆိုရင်လည်း ကျမ်းဂန်လာ
အချက်တွေဟာ သေချာတိကျတဲ့ အမှန်တရား
အဖြစ် သက်သေပြနိုင်ဖို့ လိုအပ်ချက်တွေ
ရှိနေတာကို အပြန်အလှန် တွေ့ရတဲ့
အတွက်ပါပဲ။

[၅]

တကယ်တော့ ဒီလို ငြင်းခုန်မှုတွေ
အဆုံးသတ်ဖို့အရေးကိစ္စမှာ ဘာသာရေး
ယုံကြည်မှုတွေထဲက သက်ဆိုင်ရာ နတ်ဆိုး l
စေတန် l ရှိုက်သွာန် l ဂျင်န် တွေကို လုံးဝ
မရှိကြောင်း အလိမ်အညာတွေဖြစ်ကြောင်းကို
ဒါတွေအပေါ် မယုံကြည်သူများဘက်က
တိကျ ထင်ရှား လက်တွေ့ကျတဲ့
သက်သေပြနိုင်မှု မျိုး ဖြစ်ဖြစ်…

ဘာသာရေး ကျမ်းဂန်လာတွေကို
ယုံကြည်ကြသူများ အနေနဲ့လည်း
နတ်ဆိုး lစေတန် l ရှိုက်သွာန် l ဂျင်န် တွေ
ဒီလောက ကမ္ဘာမှာ အခိုင်အမာ ရှိနေကြကြောင်း
သက်သေ ပြနိုင်တာမျိုးဖြစ်ဖြစ် တစ်ဖက်ဖက်ကနေ
ထင်ထင်ရှားရှား တိတိကျကျ လက်တွေ့ မျက်မြင်
သက်သေပြနိုင်တဲ့ တစ်နေ့ကြရင်တော့ဖြင့် ရှင်းရှင်း
လင်းလင်း ဖြစ်သွားမယ် မြင်မိပါတယ်။

[၆]

ဒီလို လောကီပညာတွေနဲ့ မမြင်ရ
မတွေ့ရတဲ့ နတ်ဆိုး l စေတန် l ရှိုက်သွာန် l
ဂျင်န် တွေဟာဖြင့် ယနေ့ခေတ်ကမ္ဘာမှာထင်ရှားတဲ့
ကိုးကွယ် ယုံကြည် လက်ခံသူများပြားလှသော
ဘာသာတရားတွေနဲ့ ဆက်နွယ်ခဲ့ကြပြီး
လူတွေရဲ့ ယုံကြည်စွဲလမ်းမှုဆီကို တစ်ဆင့်ချင်း
စီးဆင်းခဲ့တာမျိုးလည်း ဖြစ်ခဲ့တယ်။

တကယ့်အရင်းအမြစ်ကို ပြောရရင်တော့
လူသားတို့ရဲ့ အကြောက်တရားကို အခြေခံပြီး
ဘာသာတရားဆိုလို့ မည်မည်ရရ အမည်မတပ်
နိုင်သေးတဲ့ ရှေးဦးလူသားတွေရဲ့ လူ့အဖွဲ့အစည်း
မှာကို အဆိုပါ မမြင်ရတဲ့ မမြင်နိုင်တဲ့ စွမ်းအားရှိတဲ့
အရာတွေကို ယုံကြည်ကိုးကွယ်မှုတွေ
ရှိခဲ့ကြပါတယ်။

လေနဲ့ ပက်သတ်ရင် လေမှာနတ်ဒေဝတာ
အကြီးအကဲ ရှိနေတာမျိုး ။ အစရှိသဖြင့် မီး l မြေ l
ရေ တွေမှာလည်း အလားတူ ဆိုင်ရာအကြီးအကဲ
နတ်ဒေဝတာတွေ ရှိနေပြီး ချုပ်ကိုင် စီရင် ဖန်တီး
ကြတယ်လို့  ရှေး ခေတ်ဦး လူသားတွေမှာကတည်း
က စတင်လို့ ယနေ့ခေတ်အခါရဲ့ ဘာသာရေး
ကျမ်းဂန်တွေထဲ အထိ ဒီလို ယုံကြည်မှုတွေဟာ
စွဲမြဲ အမြစ်တွယ်လျက်ရှိနေဆဲပါပဲ။

ဒီလို လောကီပညာတွေနဲ့ မမြင်ရ
မတွေ့ရတဲ့ နတ်ဆိုး l စေတန် l ရှိုက်သွာန် l
ဂျင်န် တွေဟာ ဘာသာတရားတွေနဲ့ ဘယ်လိုများ
ပက်သတ် ဆက်နွယ်နေသလဲ ဆိုတာကို
ဖော်ပြရရင် ဖြင့် …………
………………………………………
……………………………………………

[၇]

" ခရစ်ယာန်ဘာသာ နှင့်
   နတ်ဆိုးစွဲကပ်သောသူ "

ခရစ်ယာန်ဘာသာ သမ္မာကျမ်းစာ၏
ဓမ္မသစ်ကျမ်း (မာကု 1:23-24-25-26-27-28)
တွင် နတ်ဆိုးစွဲကပ်သော သူတစ်ယောက်အား
ယေရှုက ဆုံးမအာဏာထားသောအကြောင်း
ပါရှိလေ၏။

တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍
ထိုသူမှ ယေရှုအား " ဪ နာဇရက်မြို့သားယေရှု၊
ကိုယ်တော်သည်  အကျွန်ုပ်တို့နှင့် အဘယ်သို့
ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှာ
လာသလော။ ကိုယ်တော်သည်
အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။
ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ
ဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။

ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။
ထိုသူ၏အထဲက ထွက်သွားလော့ဟု
ဆုံးမတော်မူလျှင် ညစ်ညူးသောနတ်သည်
ထိုစွဲဝင်နေသောသူကို တောင့်မာစေပြီးမှ၊
ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။

လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊
ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်း
အသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသော
နတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည်
နားထောင်ကြသည်တကားဟု အချင်းချင်း
မေးမြန်းပြောဆိုကြ၏။အဆိုပါ သတင်းတော်
သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌
ချက်ချင်း နှံ့ပြားကျော်စောလေ၏။

[၈]

" နတ်ဆိုးများအား နိုင်သော
  ယေရှု၏ တပည့်များအကြောင်း "

ခရစ်ယာန်ဘာသာ သမ္မာကျမ်းစာ၏
ဓမ္မသစ်ကျမ်း (ရှင်မဿဲ   10:1) /
(လုကာ 10:17-18-19-20) တို့တွင်
စေတန်နှင့် နတ်ဆိုးများအကြောင်း
အောက်ပါအတိုင်း ပါဝင်သည်။

တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို
ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို
နှင်ထုတ်ခြင်းငှာလည်းကောင်း၊ အနာရောဂါ
အမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာလည်းကောင်း
အခွင့်ပေးတော်မူ၏။ (Matthew-10:1)

ခုနစ်ကျိပ်သော တပည့်တော်တို့သည်
ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍ ယေရှုအား
သခင်…ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည်
နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။

ယေရှုကလည်း၊ စာတန်သည်
လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။
သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို
နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော
အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို
အဘယ်ဘေးမျှ မညှဉ်းဆဲရ။

သို့သော်လည်း နတ်ဆိုးကို
နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊
သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌
ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု
မိန့်တော်မူ၏။(Luke-10:17-18-19-20)

ခရစ်ယာန်ဘာသာ၏ သမ္မာကျမ်းစာ၌
စေတန် နှင့် နတ်ဆိုးများအကြောင်း
အမြောက်အများ ပါရှိသော်လည်း
အထက်ပါအတိုင်း အကျဉ်းမျှ ဖော်ပြပြီး
ဖြစ်သဖြင့် အစ္စလာမ် ဘာသာဆီသို့
ဆက်အံ့။

[၉]

" အစ္စလာမ်ဘာသာနှင့် ဆိုးသွမ်းသော
   Jinn ဂျင်န် (နတ်ဆိုး)များ "

အစ္စလာမ်ဘာသာ၏ ကုရ်အာန်ကျမ်းတွင်
ဂျင်န်များအကြောင်း ဖော်ပြပါရှိ၏။
ကုရ်အာန် (15:27) တွင် ဂျင်န်များအား
Allah (الله ) ကိုယ်တိုင်ဖန်ဆင်းခဲ့ကြောင်း
အောက်ပါအတိုင်း ဖော်ပြပါရှိသည်။

15:27.
And We created the jinn before
(him) from the fire of intensely hot wind.
" ဂျင်(န်)သတ္တဝါကို (လူသားအားဖန်ဆင်းတော်
မမူမီ) အလျင်က ပူပြင်းလှစွာသော မီးဖြင့် 
ဖန်ဆင်းတော် မူခဲ့လေသတည်း "

[၁၀]

ကုရ်အာန်ကျမ်းတွင် ပါရှိသော ရှိုက်သွာန်ဟု
ဆိုထားသောအုပ်စုများသည် အဆိုပါ ဂျင်န်များထဲမှ
ဆိုးသွမ်းသော ဂျင်န်များကို ဆိုလို၏။ဂျင်န်များသည်
မမြင်တွေ့နိုင် ကြသောအဖန်ဆင်းခံများဖြစ်ကြပြီး
လူတို့အား နိုးကြားနေစဉ်တွင်လည်းကောင်း
အိပ်ပျော်နေစဉ် တွင်လည်းကောင်း အနှောင့်
အယှက်ပေးနိုင်ကြ ကြောင်း အစ္စလာမ်
ဘာသာအရ ယုံကြည်ကြပေသည်။

ဂျင်န်များတွင် ကွဲပြားခြားနားသော အမျိုး
အစားများရှိကြ၍ ဆိုးဝါးသော ဂျင်န်ကို
ရှိုက်သွာန် ဟု ခေါ်သည်။အလယ်အလတ်
ဆိုးဝါးသော ဂျင်န်ကို ရှိုက်သွာန်မာရိဒ် ဟု ခေါ်သည်။
အဆုံးအစွန်ဆိုးသွမ်းသော ဂျင်န်ကို ရှိုက်သွာန်အီဗ္ဗလီးစ်
ဟု ခေါ်ဆို၏။ လူနှင့် နေထိုင်သော ဂျင်န်ကို
အမ္မါရ် ဟု ခေါ်ဆိုပြီး ကလေးများကို အနှောင့်
အယှက်ပေးသော ဂျင်န်ကိုမူ ရှိုက်သွာန် အရ်ဝါဟ်
ဟု အသီးသီး ခေါ်ဆိုကြလေသည်။

[၁၁]

ဗုဒ္ဓဘာသာ အယူဝါဒအရတော့
သုံးဆယ့်တစ်ဘုံ လောကသားများ ရှိတာကို
လက်ခံယုံကြည်ကြပြီး နတ်ဆိုး l ဘီလူးဆိုးများ
ရှိကြောင်း လက်ခံကြတာကို တွေ့ရပါတယ်။

ဘုရားဟော ပါဠိတော်များမှာလည်း
မေတ္တာသုတ် l အာဋာနာဋိယသုတ် l မဟာ
သမယသုတ် l ရတနသုတ် l မဟာပရိနဗ္ဗာနသုတ်
အစရှိတာတွေမှာ မမြင်ရတဲ့ နတ် l ဗြဟ္မာတွေ
ရှိကြောင်း ဟောကြားချက်တွေ ရှိတယ်။

ဒါ့အပြင် ဒီ နတ်ဆိုးတွေဟာ လူတွေကို
ခြောက်လှန့် နှောင့်ယှက်ပူးကပ်နိုင်ကြောင်းအပေါ်
တစ်ခြားသော ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်
အစရှိတဲ့ ဘာသာများနည်းတူ  လက်သင့်ခံကြပြီး
မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘုရားရှင်တို့ရဲ့
သက်ဆိုင်ရာ ဘာသာရေးကျမ်းဂန်လာစကား
တွေနဲ့ ဒီပြဿ     နာကို ဖြေရှင်းနိုင်ကြောင်း
ယုံကြည်ကြတာ မြင်ရပါတယ်။

[၁၂]

ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို ယုံကြည်မှုတွေနဲ့
အတူ လယ်တီဆရာတော်ကြီးရဲ့ ရောဂန္တရဒီပနီ l
တောင်တွင်းဆရာတော် ခင်ကြီးဖျော်ရဲ့ ကဝေသာရကျမ်း
အစရှိတာတွေမှာ မမြင်အပ်တဲ့ နတ်ဆိုးတွေရဲ့
အနှောင့်အယှက်အကြောင်းနဲ့ အကာအကွယ်
တွေအကြောင်း ဖော်ပြတဲ့ ကျမ်းစာတွေ ရှိသလို…

ခရစ်ယာန်ဘာသာမှာ ဆိုရင်လည်း
Kl DONG KIM ,D.Min,Th.D.,
D.D., S.T.D ရေးသားတဲ့
" BIBLICAL THEOLOGICAL and
PHENOMENAL STUDIES on
' DEMONOLOGY '  " ဆိုတဲ့
ခရစ်ယာန်ဘာသာ ရှုထောင့်ကနေ
ရေးသားထားတဲ့ ဝိဥာဉ်ဆိုးများ အကြောင်း
စာအုပ်တွေရှိပါတယ်။

အစ္စလာမ်ဘာသာ မှာဆိုရင်လည်း 
အလ်ဟာဂ်ျ မောင်လာနာ  မွတ်ဖ်သီ l မိုဟမ္မဒ်
ယူစွဖ် (အဆ်အဒီ) ဓမ္မသတ်မှူးနှင့် ကျောင်းအုပ်
ဆရာကြီး ဂျာမေအာ အဆ်အဒီယာ (ရန်ကုန်)
ရေးသားတဲ့ " အစ္စလာမ့် ရှုထောင့် ဂျင်န်
ရှိုက်သွာန် လောက " ဆိုတဲ့ ကျမ်းစာအုပ်
လိုမျိုး မမြင်ရတဲ့ နတ်ဆိုးတွေအကြောင်းကို
အစ္စလာမ်ဘာသာရဲ့ ရှုထောင့်ပိုင်းကနေ
ဖော်ပြထားတဲ့ ကျမ်းစာအုပ်တွေ
ထွက်ရှိပါတယ်။

[၁၃]

ဒီလောက်ဆိုရင် လောကီပညာတွေနဲ့ မမြင်ရ
မတွေ့ရတဲ့ နတ်ဆိုး l စေတန် l ရှိုက်သွာန် l
ဂျင်န် တွေဟာ  ကမ္ဘာမှာထင်ရှားတဲ့ ကိုးကွယ်
ယုံကြည် လက်ခံသူများပြားလှသော ဘာသာ
တရားတွေနဲ့ ဆက်နွယ် နေကြပြီး  လူတွေရဲ့
ယုံကြည်စွဲလမ်းမှုဆီကို တစ်ဆင့်ချင်း
စီးဆင်းခဲ့တဲ့ အကြောင်း ထင်ရှား
လောက်ပါပြီ။

ဒီလို ဘာသာရေး ကျမ်းဂန်တိုင်း
လိုလိုမှာ ပါဝင်တဲ့ နတ်ဆိုး l ရှိုက်သွာန် l
စေတန် l မာရ်နတ်  အစရှိတာတွေဟာ
ကျွန်တော်တို့ လူ့လောကမှာ တကယ်ကိုပဲ

ဘာသာရေး ကျမ်းဂန်လာ ဂျင်းတွေ
ဖြစ်နေမလား …????

အဆိုပါ နတ်ဆိုး l ရှိုက်သွာန် l စေတန် l
မာရ်နတ်  တွေ တကယ် မရှိကြောင်း နဲ့
ဆန့်ကျင်ဘက် ရှုထောင့် အနေနဲ့
တကယ့်ကို ရှိနေတဲ့ အကြောင်း တိကျ သိသာ
ထင်ရှားတဲ့  လက်တွေ့ကျကျ ထုတ်ဖော်
ပြသမှုမျိုး  သက်သေပြမှု မျိုး ကို 
သက်ဆိုင်သူတွေဆီကနေ ကျွန်တော်တို့
လူသားတွေဟာ မျှော်လင့်စောင့်စား
နေကြတဲ့အကြောင်း ဖော်ပြရင်း …
……………………………………………
………………………………………………
……………………………………………………

                              မောင်သုခ
                            (23 - Apr - 2019)

No comments:

Post a Comment