▇ " ခြင်္သေ့ နှင့် ဒေါင်း ပုံပြင် " ▇
_________
မောင်သုခ
▒▒▒▒▒▒▒▒▒
(၁)
နိုင်ငံရေး အကြောင်းတွေ မပြော
ချင်ပါဘူး။ အမှန်အတိုင်းပြောရရင်
(၆၆/ဃ) ကြောက်လို့ပါ။စီးပွါးရေးပဲ
အေးအေး လုပ်ချင်တယ်။
ကြောက်ကြောက်နဲ့ပဲ
နိုင်ငံရေးနဲ့ မဆိုင်ဘူးထင်တဲ့
ပုံပြင်လေး တစ်ပုဒ် ပြောပါရစေ။ :P
(၂)
တစ်ခါတုန်းက တောအုပ်တစ်အုပ်မှာ
ခြင်္သေ့တစ်ကောင် နဲ့ ဒေါင်းငှက်တစ်ကောင်
ဆုံကြတယ်။
ခြင်္သေ့ဟာ ဒေါင်းကို စမြင်မြင်ချင်း
ဘယ်လိုသတ္တဝါမှန်း မသိတာကြောင့်
စူးစမ်းတယ်။ဘာအစွမ်းအစများ
ရှိလေသလဲပေါ့။
(၃)
ဒေါင်းဟာ အသံစူးစူးနဲ့ တစ်ချက်
တစ်ချက် အော်လိုက်တိုင်း ခြင်္သေ့ဟာ
ထိတ်လန့်လို့နောက်ဆုတ် လေရဲ့။ဒီလိုနဲ့
ခဏကြာတော့ ခြင်္သေ့ဟာ ဒေါင်းငှက်
အနားသွားပြီး လက်နဲ့ အသာ လှမ်း
ပုတ်ဟန် ပြုတယ်။
ဒေါင်းငှက်ကလည်း စွေ့ကနဲ
ဘေးကို ပြေးလို့ နှုတ်သီးချွန်ချွန်လေးနဲ့
ထိုးဖို့ ဟန်ပြင်လေရဲ့။ခြင်္သေ့ဟာ
ဒေါင်းငှက်ရဲ့ ချွန်ထက်နေတဲ့ နှုတ်သီး
ကိုလည်း ထိတ်လန့်သွားရဲ့။
(၄)
နောက်တော့ ခြင်္သေ့ဟာ ဒေါင်းငှက်
အနားသွားပြီး ပါးစပ်ကို ကျယ်ကျယ်ဟလို့
ကိုက်တော့မယ့်ပုံ ပြု ပြန်တယ်။
ဒေါင်းငှက်ကလည်း လေပေါ်ကို
အမြင့်ကြီး ပျံဝဲတက်ပြီး သူ့ရဲ့ခြေထောက်
နှစ်ချောင်းနဲ့ တိုက်ခိုက်ဖို့ ဟန်ပြင်တယ်။
ခြင်္သေ့ဟာ ဒေါင်းငှက်ရဲ့ မာကျောလှတဲ့
ခြေထောက်တွေနဲ့ လေပေါ်ပျံတက်နိုင်တဲ့
တောင်ပံတွေကိုလည်း သတိ ပြုမိ
သွားတယ်။
(၅)
ခြင်္သေ့ရဲ့ စူးစမ်းမှုက ဒေါင်းငှက်ရဲ့
အစွမ်းအစ အစစ်အမှန်ကို သိလိုတာပါ။
ဒါမှ သူဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ဖို့။
ခြင်္သေ့က တစ်ဖြည်းဖြည်း နည်းမျိုးစုံ
သုံးပြီး စမ်းသပ်လိုက်တာ ဒေါင်းငှက်ရဲ့
အကြောင်းစုံနဲ့ အစွမ်းအစ ဘယ်လောက်
ရှိတယ် ဆိုတာ တော်တော်များများ
သိသွားလေရဲ့။
(၆)
ဒါပေမယ့် ခြင်္သေ့က အလျင်စလို
ဘာမှ မဆုံးဖြတ်သေးပါဘူး။ နောက်ဆုံး
အကြိမ် ဟိန်းဟောက်သံ ပြု ရင်း လက်နဲ့
ပုတ်မလို ခြိမ်းခြောက်လိုက်တယ်။
ဒေါင်းငှက်ကလည်း သူ့ရဲ့ နောက်ဆုံး
အစွမ်းအစ ပြဖို့ ကျန်နေတဲ့ အရာကို ထုတ်ပြ
လိုက် တော့တယ်။ အဲဒါကတော့ သူ့ရဲ့
လှပလွန်းတဲ့ အမြီးကို မိုးပေါ် အစွမ်းကုန်
ဖြန့်ကားပြီး လှလှပပ ကပြ လိုက်တာပါ။
ခြင်္သေ့ဟာ စကားတစ်ခွန်းကို
ရေရွတ်ပြီး သူ့ရဲ့ စမ်းသပ်ခြင်းကို
အဆုံးသတ်လိုက်တယ်။သူပြောတာက
" အော် မင်းရဲ့ အစွမ်းအစက ဒါအကုန်ပဲကိုး"
လို့ ပြောဆို ရေရွတ်လိုက်တာပါပဲ။
(၇)
ပုံပြင်လေးရဲ့ အဆုံးသတ်မှာတော့
ဒေါင်းငှက်ဟာ ခြင်္သေ့ရဲ့ ကိုက်ခဲ သတ်ဖြတ်
ခြင်းကို ခံလိုက်ရတယ်။
အကြောင်းကတော့ ခြင်္သေ့ဟာ
ဒေါင်းငှက်ရဲ့ အစွမ်းအစ အစစ်အမှန်ကို
သိရအောင် စမ်းသပ်တဲ့ ကာလတစ်
လျှောက်လုံး ဒေါင်းငှက်ဟာ တကယ်ထိရောက်တဲ့
တုန့်ပြန်ခုခံမှု တစ်ခုမှ မလုပ်ခဲ့ဘဲ ဟန်ရေးပြနေ
တာနဲ့တင် အချိန်တွေ ဖြုန်းတီးပစ်ခဲ့တာ
ကြောင့်ပါ။
(၈)
ကျွန်တော်တို့ လက်သန်းတွေ
မင်အစွန်းခံပြီး ပြည်သူ့အစိုးရသစ်ကို
တင်မြှောက်ခဲ့ကြတယ်။ တစ်ဖြည်းဖြည်း
ပြောင်းလဲလာတဲ့ အပြောင်းအလဲကို
ကြိုဆိုပါတယ်။(အားတော့မရပါ။)
အောက်ခြေထိ ဆင်းပြီး ကြည့်စေ
စုံစမ်းစေချင်တယ်။အထက်ကသာ ဟန်ရေး
ပြပြီး ပြောင်းလဲနေတာ အောက်ခြေမှာတော့
အရင်တိုင်းဖြစ်နေတာတွေ l အရင်ထက်ပို
ဆိုးလာတာတွေ များလှတယ်။
(၉)
အကြံပြုချင်တာက
တကယ်ထိထိရောက်ရောက်
ကိုင်တွယ်ရမယ့်နေရာတွေမှာတော့
ဟန်ရေး မပြစေချင်တာ အမှန်ပါ။
ပုံပြင်ထဲကလို ဟန်ရေးပြလွန်းတဲ့
ဒေါင်းငှက် ခြင်္သေ့ ရဲ့ ကိုက်သတ်တာကို
ခံရမှာ စိုးတာကြောင့်ပါပဲ။
မောင်သုခ
(19 - Sep - 2019)
No comments:
Post a Comment