Monday, November 11, 2019

" ဗျောက်အိုး ဘယ်ကစလဲ …???"

" ဗျောက်အိုး ဘယ်ကစလဲ …???"
  ⛔💣💣

_________
မောင်သုခ
___________

(၁)

ဗျောက်အိုး ဘယ်ကစသလဲ ဆိုရင်
လမ်းထိပ်ကနေ စပါတယ်။ ဘယ်မှာဆုံး
သလဲ ဆိုရင် မိုးပေါ်မှာ ဆုံးတယ်။ :P

ဝါကျွတ်နဲ့ တန်ဆောင်တိုင်မှာ
ဗျောက်ဖောက်ကြတဲ့ အစဉ်အလာပေါ်လာတာဟာ
ကိုလိုနီခေတ်လောက်မှ စတင်ပေါ်လာတာပါ။

ဗျောက်အိုးဘယ်ကစလဲ …???
တရုတ်ပြည်ကပေါ့။

(၂)

တရုတ်လူမျိုးများရဲ့
အစဉ်အလာ ယုံကြည်မှုအရ
ရှေးအခါက နုယန်(နျှုန်)(Nian) လို့ခေါ်တဲ့
ယူနီကောင်း သတ္တဝါကြီးဟာ ဆောင်းရာသီ
နှောင်းပိုင်း အချိန်ကာလရောက်တိုင်း သူတို့ရဲ့
စိုက်ခင်းတွေကို ဝင်ရောက် စားသောက်
ဖျက်ဆီး တတ်ပါတယ်။

တရုတ်လူမျိုးတွေဟာ မိမိတို့ စိုက်ခင်း
တွေကို ယူနီကောင်းသတ္တဝါကြီး ဘေးရန်
ကနေ တားဆီးဖို့ နည်းလမ်းအမျိုးမျိုးနဲ့
အစွမ်းကုန်  ကြိုးစားခဲ့ကြတယ်။

(၃)

နုယန်(နျှုန်)(Nian) လို့ခေါ်တဲ့
ယူနီကောင်း သတ္တဝါကြီးဟာ အနီရောင်ကို
ကြောက်ပါတယ်။ အနီရောင်ဟာ တရုတ်
လူမျိုးတွေအတွက်တော့ မင်္ဂလာရှိသော
အရောင်ပါ။

ဒါ့အပြင် ယူနီကောင်း သတ္တဝါကြီးဟာ
ဆူညံသံကို ကြောက်တယ်။တောက်ပတဲ့
အလင်းရောင်ကိုလည်း ကြောက်တယ်။
ထူးထူး ဆန်းဆန်း သတ္တဝါတွေကိုလည်း
ကြောက်လန့်တတ်တယ်လို့
ယုံကြည်ကြတယ်။

(၄)

ဒီလို အစဉ်အဆက် ရိုးရာ ဓလေ့အရ  
နုယန်(နျှုန်)(Nian) လို့ခေါ်တဲ့ ယူနီကောင်း
သတ္တဝါကြီး ကြောက်တတ်တဲ့  အနီရောင် l
ဆူညံသံတွေနဲ့ l ထူးဆန်းတဲ့  သတ္တဝါတွေ
နေရာမှာတော့ (ကလေးတွေကို  မျက်နှာဖုံး
အဆန်းလေးတွေ စွပ်ပေးတာမျိုး ) ကို
တရုတ်လူမျိုးတွေဟာ အစဉ်အဆက်
ပြုလုပ်လာ ကြကြောင်းတွေ့ရပါမယ်။

နုယန်(နျှုန်)(Nian) လို့ခေါ်တဲ့ ယူနီကောင်း
သတ္တဝါကြီးဟာ နှစ်စဉ် ဆောင်းရာသီအကုန်
နွေရာသီအစမှာ လူ့လောကထဲကိုရောက်လာပြီး
လူတွေကိုအမျိုးမျိုး အနှောင့်အယှက်
ပေးလေ့ရှိသတဲ့ ။

(၅)

ဒါ့ကြောင့်ဒီသတ္တဝါကြီး
ပေါ်လာတတ်တဲ့အခါ ဗျောက်အိုး ဖောက်ကြ
ရတယ်။

တရုတ်လူမျိုးများဟာ ယမ်းမှုန့်မပေါ်ခင်ကတော့
ပေါင်ကျူ (Baozhu)လို့ခေါ်တဲ့ ဝါးဆစ်ဗျောက်တွေ
ဖောက်ကြ ပါတယ်။

အဲဒီအစဉ်အလာဟာ လွန်ခဲ့တဲ့
နှစ်ပေါင်းနှစ်ထောင် ဝန်းကျင်က အစပြု
ခဲ့တယ်လို့ တရုတ်မှတ်တမ်းများအရ
ဆိုပါတယ်။

(၆)

တရုတ်ပြည်မှာ ယမ်းမှုန့်ကိုတီထွင်ပြီးတဲ့နောက်
ဝါးဆစ်ဘူးတွေထဲမှာ ပေါက်ကျန်း(Baozhang)များ
ပေါ်လာပါတယ်။

စုန့်မင်းဆက်(Song Dynasty)မှတ်တမ်း
များအရ ယမ်းဗျောက်အိုးကို ပထမဆုံးတီထွင်
သုံးစွဲသူဟာ သုံးပြည်ထောင်ခေတ်
(AD ၂၂၀-၂၆၅)က မာကြွင်(Ma Jun)ဆိုတဲ့
ပုဂ္ဂိုလ် ဖြစ်ကြောင်းသိရပါတယ်။ယမ်းဗျောက်အိုး
ပေါ်တာဟာ တရုတ်ပြည်မှတ်တမ်းများအရ နှစ်ပေါင်း
(၁၇၀၀) ကျော်ပါပြီ။အဲဒီ့ကတစ်ဆင့် ဗျောက်အိုးကို
အဆင့်ဆင့် တီထွင်လာလိုက်ကြတာ ယနေ့
သုံးနေတဲ့ ပြဲန့်ဖောင် (Bianpoa)လို့ခေါ်တဲ့ 
ဗျောက်အိုးများအထိပါပဲ။

(၇)

တရုတ်လူမျိုးများဟာ
နှစ်သစ်ကူးပွဲတော် အခါသမယနဲ့
ဆိုင်ဖွင့်ပွဲ ပွဲသဘင် အခမ်းအနားဖွင့်ပွဲတွေမှာ
ဗျောက်ဖောက်လေ့ ရှိကြပါတယ်။ဒါကလဲ
မကောင်းသော ဘေးအန္တရာယ်များကို
ခြောက်လန့်မောင်းထုတ်ပစ်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ပါ။

မြန်မာ့ ဓလေ့ရိုးရာ ယုံကြည်မှု မှာလည်း
အလားတူတူညီတာမျိုးတွေ ရှိတာ
တွေ့တတ်တယ်။

(၈)

ဟုတ်တာ မဟုတ်တာ အပထား။
နှစ်ဆန်းတစ်ရက်နေ့ညနေ အန္တရာယ်ကင်း
ပရိတ်ရွတ်ပြီး သံပုံးတီးကြသလိုမျိုးပါ။

လယ်တီ ဆရာတော် ရေးသားတဲ့
ရောဂန္တရ ဒီပနီကို ဖတ်ကြည့်ရင်
ဒီအယူအဆမျိုးတွေ ရှိခဲ့တာဟာ
ထင်ရှားပါမယ်။

မမြင်အပ်တဲ့ သတ္တဝါ ဆိုးတွေဟာ
ဆူညံသံတွေ lအလင်းရောင်တွေ l  အစူး
အချွန် တွေကို ကြောက်တတ်ကြောင်း
ယုံကြည်ကြရဲ့။

(၉)

ဒီပိုစ့်က ဗျောက်အိုးဘယ်ကစလဲ
ပြောတဲ့ ပိုစ့်ပါ။ ဗျောက်ဖောက်ဖို့ တိုက်တွန်း
တဲ့ ပိုစ့်မဟုတ်ပါဘူး။ 

ဗျောက်အိုးဖောက်တဲ့နေရာမှာ
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်
တွေအတွက် အန္တရာယ်ဖြစ်တာမျိုးတွေ
ခဏ ခဏ သွားတွေ့ရပါတယ်။

ဒါ့ကြောင့် လူကြီးများရဲ့ မျက်ကွယ်မှာ
ကလေးသူငယ်တွေ ကို မီးရှုးမီးပန်း
ဗျောက်အိုးများ ပေးကစားခြင်း (လုံးဝ)
မပြုသင့်ပါဘူး။

(၁၀)

မြန်မာတွေ ဗျောက်ဖောက်လွန်းတော့
ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့အတွက်
ဗျောက်အိုး၊ယမ်း၊ပေါက်ကွဲသံမြည်တဲ့ မီးရှူး၊မီးပန်း
နဲ့ ယမ်းသေနတ်တွေ ရောင်းချခြင်း၊သိုလှောင်ခြင်း၊
လက်ဝယ်ထားရှိခြင်း ကိုင်ဆောင်ဖောက်ခွဲခြင်း
တွေ မပြုလုပ်‌ကြဖို့ တားမြစ်ထားတယ်။

တားမြစ်ချက်တွေ ဖောက်ဖျက်ကျူးလွန်ရင်
တည်ဆဲဥပဒေအရ ‌အရေးယူဆောင်ရွက်
မယ်လို့လည်း ကြေငြာထားတာကြောင့်
ဗျောက်အိုး မဖောက်ကြဖို့ အကြံပြုရင်း :P
……………………………………………………
………………………………………………………
⛔💣💣     ⛔💣💣       ⛔💣💣

source _
1.
ရွှေကြက်ဖ
ပေါက်ဖော်ဆွေရင်းနံနက်ခင်းစာစုများ။
(၂၀၀၃- ဇူလိုင်လ - ပထမအကြိမ် ။)

2.
(Nian history …)
The Story of Chinese New Year (年的传说) http://www.chinesenewyearfestival.org/culture/19-the-story-of-chinese-new-year-

                           မောင်သုခ
                          (18 - Oct - 2019)

No comments:

Post a Comment